ကမ္ဘာအနှံ့ ကူးစက် ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ပြင်သစ်နိုင်ငံမှာရှိတဲ့ ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေကို မတ်လ ၁၄ ရက်နေ့၊ ညသန်းခေါင်ယံကစပြီး ပိတ်သိမ်းလိုက်ပြီလို့ ပြင်သစ်ဝန်ကြီးချုပ် Édouard Philippe ကြေညာလိုက်ပါတယ်။
လူစုလူဝေးရှိတဲ့ နေရာတွေမှာ ကိုရိုနာဗိုင်းရပ်စ်က ပိုပြန့်လွယ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ်က ဆိုပါတယ်။ “ပြင်သစ်လူမျိုးတွေက ကျနော်အပါအဝင်ပေါ့ဗျာ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင် ထိုင်ရတာကို နှစ်သက်ကြတယ်။ ဒါကလည်း ပြင်သစ် လူနေမှုစတိုင် တမျိုးပဲလေ။ အခုချိန်မှာတော့ ဒါမျိုးတွေ မလုပ်သင့်ဘူး”လို့ ပြင်သစ်ဝန်ကြီးချုပ်က ပြောပါတယ်။
ကော်ဖီဆိုင်၊ စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေကို ပိတ်လိုက်ပေမယ့် ဘာသာရေး အဆောက်အဦတွေကိုတော့ ပိတ်တာမျိုးမရှိသေးပါဘူး။ ဒါပေမဲ့ လူစုလူဝေးနဲ့ ပွဲတော် ကျင်းပခွင့်တော့ မပြုပါဘူး။ ဒါ့အပြင် စတိုးဆိုင်၊ ဆေးဆိုင်နဲ့ အများပြည်သူ ရုံးခန်းတွေကိုလည်း ဖွင့်ပေးထားဆဲပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ပြီး မတ်လ ၁၄ ရက်နေ့မှာတော့ ဆရာဝန်တွေက ရောဂါပိုး မတွေ့ရကြောင်း ပြန်လည် ဖြေကြားထားပါတယ်။ ဒုသမ္မတ Mike Pence က ဥရောပနိုင်ငံသားတွေကို ဝင်ရောက်ခွင့် ပိတ်ပင်ထားမှုမှာ နောက်တိုးအဖြစ် ယူကေနဲ့ အိုင်ယာလန်နိုင်ငံတွေကိုပါ ထည့်သွင်းလိုက်တယ်လို့ ဆိုပါတယ်။
နယူးဂျာစီပြည်နယ် မြို့တော်ဝန်ကလည်း မတ်လ ၁၅ ရက်နေ့၊ တနင်္လာနေ့ကစပြီး မြို့အနှံ့ “ညမထွက်ရ အမိန့်” သတ်မှတ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၀၀၀ ကျော်ရှိ နေပြီး သေဆုံးသူ ၅၉ ယောက် ရှိသွားပါပြီ။
Ref: NBC News