ရော်ဘင် ဗန်ပါစီ ဆိုတဲ့ ဟော်လန်သား ဘောလုံးသမားလေးဟာ ၁၉၈၃ ခုနှစ်မှာ လူမျိုးစုံ ရောထွေးနေထိုင်တဲ့ ရော့တာဒမ်မြို့က အနုပညာနဲ့အသက် မွေးဝမ်းကြောင်းပြုတဲ့ မိသားစုကနေ ကြီးပြင်းလာတာပါ။ ဗန်ပါစီ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ဦး ကွာရှင်းခဲ့တာကြောင့် ဗန်ပါစီဟာ ဖခင်နဲ့လိုက်ပါနေထိုင်ခဲ့ပြီး ဖတဆိုးအဖြစ် ကျောင်းမှာလည်း လူဆိုးလေးအဖြစ် နာမည်ကြီးခဲ့ပါတယ်။
အရည်အချင်းရှိပေမယ့် အသက်ငယ်ရွယ်သေးတဲ့ ဗန်ပါစီဟာ ဖီရင်နော့အသင်းမှာ စည်းကမ်းပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် အသင်းနည်းပြနဲ့ ကတောက်ကဆဖြစ်ပြီး အာဆင်နယ်အသင်းကို ရောင်းထုတ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကို ရောက်ရှိပြီး အာဆင်ဝင်းဂါး လက်အောက်မှာ စည်းကမ်းတကျ နေထိုင်လာတဲ့ ဗန်ပါစီရဲ့ဘဝဟာ ပိုမိုတည်ငြိမ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းသို့ပြောင်းရွေ့ပြီး အထိုင်ကျတဲ့အခါမှာတော့ သူရဲ့ ငယ်ရည်စားဟောင်း ဘိုချရာနဲ့လက်ထက်ကာ လက်ရှိအချိန်မှာ သားတယောက် ၊ သမီးတယောက် နဲ့ မိသားစု ၄ ယောက် နေထိုင်နေကြပါတယ်။
၂၀၀၄ ခုနစ်တုန်းက အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါးရဲ့ ခေါ်ယူခြင်း ခံခဲ့ရတဲ့အချိန်အထိ ရော်ဘင် ဗန်ပါစီ ဆိုတဲ့ ကစားသမားကို ပရိသတ်တွေ သတိမထားသေးပါဘူး။ ဟော်လန်လိဂ် ဖီရင်နော့အသင်းမှာ ကစားနေတဲ့ လူငယ်ကစားသမား ဗန်ပါစီကို အာဆင်နယ် ကင်းထောက်တွေက သတိထားမိခဲ့တာကြောင့် အာဆင်နယ်အသင်းက ၄ နှစ်စာချုပ်နဲ့ ပေါင် ၂.၇၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ဖီရင်နော့မှာ ကစားစဉ်က ဘယ်တောင်ပံ လူအနေနဲ့ကစားလေ့ရှိတဲ့ ဗန်ပါစီဟာ အာဆင်ဝင်းဂါးနဲ့နည်းပြမှုအောက်မှာ ရှေ့တန်းတဦးအဖြစ် တဖြည်းဖြည်း အသက်ဝင်လာခဲ့ပါတယ်။
အထူးသဖြင့် အာဆင်နယ်ရဲ့ ဂန္ထဝင်ကစားသမားတဦးဖြစ်တဲ့ ဒင်းနစ် ဘားကမ့် နေရာမှာ အစားထိုးဖို့ခေါ်ယူခြင်းခံခဲ့ရတဲ့ ဗန်ပါစီဟာ သူရဲ့ဘယ်ခြေ ပြင်းပြင်းကန်ချက်နဲ့ ကောင်းမွန်တဲ့ ဘောလုံးကစားပုံတွေကြောင့် အာဆင်ဝင်းဂါးက အထူးအားထားတဲ့ ကစားသမားတဦးဖြစ်လာပါတယ်။
အဲဒီအချိန်ခါမှာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်မှူးတဦးအဖြစ် ခြေစွမ်းပြနေတဲ့ အွန်နရီက ဗန်ပါစီ ရောက်လာတာနဲ့ပတ်သတ်ပြီး “သူဟာ ဘယ်တောင်ပံ ကစားသမားအဖြစ် ကစားမလား၊ တိုက်စစ်မှူးရဲ့ နောက်ကနေ ဖန်တီးရှင်အဖြစ် ကစားမလား၊ ရှေ့တန်းအထောင် တိုက်စစ်မှူးအဖြစ်ပဲ ကစားမလား၊ နေရာစုံ ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ကစားသမားပါဆိုပြီး” လူငယ်လက်သစ်ဖြစ်တဲ့ ဗန်ပါစီကို ချီးကျူးခဲ့ပါတယ်။
တချိန်တည်းမှာပဲ ဗန်ပါစီဟာ အာဆင်နယ်သို့ ရောက်နှင့်ပြီး ခြေစွမ်းပြနေတဲ့ ဟိုဆေး အန်တိုနီယို ရေးယက်စ်နဲ့အပြိုင်ကစားဖို့ ကြိုးစားခဲ့ရပါတယ်။ ဗန်ပါစီရဲ့ ပွဲဦးထွက်ဟာ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ မန်ယူအသင်းနဲ့ ကွန်မြူနတီဖလားမှာ လူစားဝင်ကစားခဲ့ပြီး အာဆင်နယ်အသင်းဟာ မန်ယူအသင်းကို ၃-၁ နဲ့ အနိုင်ရှိခဲ့တာကြောင့် အဖွင့်လှခဲ့ပါတယ်။
ဝါရင့်နာမည်ကြီးကစားသမားတွေရှိတဲ့ အာဆင်နယ်မှာ ဗန်ပါစီရဲ့လမ်းဟာ မလွယ်ကူခဲ့ပါဘူး။ ၂၀၀၄-၂၀၀၅ ရာသီ တခုလုံးမှာ ဗန်ပါစီဟာ အရန်ထိုင်ခုံမှာသာ အချိန်ကုန်ခဲ့ရပြီး အက်ဖ်အေဖလားနဲ့ကာလင်းဖလားတွေမှာသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ပြိုင်ပွဲအရပ်ရပ်မှာ လူစားဝင်ကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် ဗန်ပါစီရဲ့ လန်ဒန်ခရီးဟာ ကြမ်းတမ်းခဲ့ပါတယ်။
၂၀၀၅-၂၀၀၆ ရာသီအစမှာတော့ တောက်မယ့်မီးခဲ တရဲရဲဆိုသလို ၈ ပွဲကစား ၈ ဂိုးသွင်းယူခဲ့ပြီး နိုဝင်ဘာလရဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းကလည်း ဗန်ပါစီကို စာချုပ်သက်တမ်း ၅ နှစ်တိုးခဲ့ပါတယ်။ ကံအကြောင်းမသင့်စွာပဲ ၂ ရက်အကြာ အက်ဖ်အေ ဖလားပွဲစဉ်တခုဖြစ်တဲ့ ကာဒစ်အသင်းနဲ့ ကန်ရာမှာ တဘက်အသင်းကစားသမားရဲ့ တက်နင်းမှုကြောင့် ခြေချောင်းကျိုးသွားခဲ့ပါတယ်။
ပြင်းထန်လှပြီး တိကျတဲ့ သူ့ရဲ့ကန်ချက်၊ ကျွမ်းကျင်မှု နည်းစနစ်တွေကြောင့် အာဆင်နယ်အသင်းသို့ ပြောင်းပြီး ၁၂ လ အကြာမှာပဲ ဟော်လန်လက်ရွေးစင် ဖြစ်လာတဲ့ ဗန်ပါစီဟာ နိုင်ငံအသင်းအတွက်လည်း အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဗန်ပါစီ ကာလကြာရှည် ဒဏ်ရာရခဲ့တဲ့ပွဲဟာလည်း ဟော်လန်အသင်းနဲ့ အီတလီအသင်းတို့ရဲ့ပွဲမှာ ဝင်ကန်ရင်း ဒဏ်ရာရရှိခဲ့တာကြောင့် ၅ လကြာ နားခဲ့ရပြီး ပုံမှန်ခြေစွမ်းပြန်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ဗန်ပါစီရဲ့ အကောင်းဆုံးကာလကို ပြန်လည်ရရှိခဲ့တာတော့ ၂၀၀၈-၂၀၀၉ ရာသီမှာပါ။ အာဆင်နယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သလို သူ့အတွက် ပရီးမီးယားလိဂ် ဂိုး ၅၀ မြောက်ကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၀-၁၁ မှာလည်း ၃၃ ပွဲကစားပြီး ၂၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ယခုရာသီ ၂၀၁၁-၂၀၁၂ မှာတော့ ဗန်ပါစီရဲ့ ရွှေရောင်ဆမ်းတဲ့ ကာလလို့ဆိုရမယ့်အထိ ဗန်ပါစီရဲ့ ဂိုးသွင်းအားဟာ ၂၇ ပွဲ ကစား၊ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ယခုနှစ်ရဲ့ အသင်းကြီးတွေနဲ့တွေ့ဆုံပွဲတွေမှာ ချယ်ဆီး၊ တော့တမ်ဟမ်၊ လစ်ဗာပူး အသင်းတွေကို ဗန်ပါစီရဲ့ တကိုယ်တော် စွမ်းရည်ကြောင့် အနိုင်ရခဲ့ပြီး ရတဲ့အခွင့်အရေးကို အသုံးချနိုင်တဲ့ တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်ပြီဖြစ်လို့ ကစားသမားတယောက်ရဲ့ အကောင်းဆုံး ခြေစွမ်းပိုင်ဆိုင်နေတဲ့အချိန်မှာ စာချုပ်သက်တမ်းပါ ကုန်တော့မှာကြောင့် ဘာစီလိုနာ၊ ရီးရယ်မက်ဒရစ် စတဲ့ အသင်းကြီးတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ခံနေရတယ်ဆိုတဲ့ သတင်းကတော့ အာဆင်နယ် ပရိသတ်အတွက် မကြားချင်တဲ့သတင်း ဖြစ်လာနေပါတယ်။ နည်းပြ အာဆင်ဝင်းဂါးရဲ့ အခြေအနေပေါ်ကြည့်ပြီး စာချုပ်သက်တမ်းတိုးဖို့ စောင့်ကြည့်ခံနေရတဲ့ ဗန်ပါစီဟာ အသင်းမှာ ပိုပြီးရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်လို့လည်း ဖွင့်ပြောထားပါတယ်။
အခုနောက်ပိုင်း အာဆင်နယ် ပရိသတ်တွေက ချောကလက် ဘယ်ခြေထောက် ပိုင်ရှင်လို့ တင်စားရတဲ့ ဗန်ပါစီဟာ ကပ္ပတိန် တဦးပီသစွာ အသင်းကို ဦးဆောင်နေသလို အသင်း ကျဉ်းထဲကျပ်ထဲရောက်ချိန်တိုင်း အရေးပါတဲ့ ဂိုးတွေသွင်းယူနေတာကြောင့် အာဆင်နယ်ပရိသတ်ရဲ့ အသည်းစွဲဖြစ်နေတဲ့ဟီးရိုးဟာ ရော်ဘင် ဗန်ပါစီ တဦးတည်းသာ ဖြစ်နေတော့မှာဖြစ်သလို ဒီဂိုးသွင်းစံချိန်အတိုင်း ဆက်သွင်းနိုင်ရင် ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းစံချိန်တခုကို ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
ကိုယ်ရေးအကျဉ်း
ကျောနံပါတ် – ၁၀
နေရာ – တိုက်စစ်မှူး
အသက် – ၂၈ နှစ်
မွေးနေ့ – သြဂုတ် ၆၊ ၁၉၈၃
မွေးရပ် – ရော့တာဒမ် ၊ နယ်သာလန်
အရပ် – ၆ ပေ
ကိုယ်အလေးချိန် – ပေါင် ၁၆၀
ကိုးကား
-Soccer net
-srsenal website