ပြေးခုန်ပစ် အားကစားနည်းသည် မြန်မာနိုင်ငံတွင် သမိုင်းနှင့်အတူ ရှိခဲ့ဖူးသည်။ ဒဏ္ဍာရီပုံပြင်များထဲတွင် ပြေးခုန်ပစ် အားကစား နည်းများ ပြေးခုန်ပစ် အားကစားသမားများ ရှိခဲ့သည်။
သွားပါများ ခရီးရောက် ဆိုသည့် မောင်ပေါက်ကျိုင်းမှာ လမ်းလျှောက်အားကစားသမားဖြစ်သည်။ ပုဂံရာဇဝင်တွင် ရှူးပျံကြီးကို လေးနှင့် ဖြိုခွင်း နှိမ်နင်းခဲ့သော ပျူစောထီးမှာလည်း ယခုခေတ်အရ ဆိုလျှင် မြားပစ် ချန်ပီယံ ဖြစ်နိုင်သည်။
ယာခင်းကို ကာထားသည့် ဆင်တရပ်အမြင့်ရှိသော ခြံစည်းရိုးကို လှံထောက်၍ ခုန်နိုင်သည့် ကျန်စစ်သား၊ ဧရာဝတီမြစ်ကို အသွား အပြန် ဖြတ်ကူးနိုင်သည့် ညောင်ဦးဖီး၊ ပုဂံနှင့် ပုပ္ပားတောင် ပြေးပြီး ပန်းများခူးပေးသည့် ဗျတ္တ ဆိုသူတို့မှာ သမိုင်းထဲမှ အားကစား သမားများ၊ ပြေးခုန်ပစ်သမားများပင် ဖြစ်သည်။ ပုဂံခေတ်လွန်ကာလများတွင်လည်း မြန်မာ့သမိုင်း၌ အားကစားလှုပ်ရှားမှုများ ရှိခဲ့သည်။
တောင်ငူခေတ်တွင် မြင်းစီး၍ ပိုလိုရိုက်ကစားနည်းနှင့် ဆင်တူသည့် “ကူလီ” ရိုက်ကစားနည်း ခေတ်စားခဲ့သည်။ ယင်းနောက် ခေတ် အဆက်ဆက်တွင် လှေပြိုင်ပွဲများ၊ မြင်းစီးပြိုင်ပွဲများ၊ လက်ဝှေ့ပွဲများ ရှိခဲ့ဖူးသည်။
သို့ရာတွင် ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင်မူ အထက်ပါ ပြိုင်ပွဲများ ကျင်းပသည့် မှတ်တမ်းမှတ်ရာများ မတွေ့ရပါ။
အင်္ဂလိပ်ခေတ်
မြန်မာကို အင်္ဂလိပ်တို့က သိမ်းပိုက်ပြီးနောက် အနောက်တိုင်း အားကစားနည်း (သို့မဟုတ်) ခေတ်သစ်အားကစားနည်းများ မြန်မာပြည်တွင်းသို့ ကျူးကျော်စစ်နှင့်အတူ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယင်းအားကစားနည်းများ စုစည်း၍ ပြိုင်ပွဲများအဖြစ် ပြောင်းလဲခဲ့ သည့် အဖွဲ့အစည်းများမှာ B A A (Burma Athletic Association) ပင် ဖြစ်သည်။ B A A က မြန်မာနိုင်ငံတွင် နိုင်ငံတကာ အားကစား နည်းများဖြစ်သည့် ဘောလုံး၊ ကြက်တောင်၊ တင်းနစ်၊ ဟော်ကီ စသည့်တို့အပြင် ပြေးခုန်ပစ်ပြိုင်ပွဲကို တနှစ် တကြိမ်ကျ မှန်မှန် ကျင်းပ ပေးခဲ့သည်။
သို့ရာတွင် ထိုစဉ်က မြန်မာနိုင်ငံတွင် တပ်စွဲလျက်ရှိသည့် အင်္ဂလိပ်များ၊ အင်္ဂလိပ်လက်အောက်ခံ တပ်များနှင့် သာသနာပြု ကျောင်းများမှ စစ်သားများ၊ ကျောင်းသားများသာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများတွင် အနိုင်ရသည့် စစ်ဘက်အမှုထမ်းများအား ဆုကြေးငွေများ ချီးမြှင့်သည်။ ၅ ကျပ်နှင့် ၁၅ ကျပ်ကြား ပေးခြင်းဖြစ်သည်။ အရပ်သား နှင့် ကျောင်းသားများကိုမူ ဆုဖလားနှင့် ဆုတံဆိပ်များသာ ချီးမြှင့်သည်။ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ထိုစဉ်က အင်္ဂလိပ် အတိုင်း အတာများ ဖြစ်သည့် လက်မ၊ ပေ၊ ကိုက် စသည့် အတိုင်းအတာ များကိုသာ အသုံးပြုသည်။ ကိုက် ၁၀၀ ၊ ကိုက် ၂၂၀၊ ကိုက် ၄၄၀၊ တမိုင် စသည်တို့ဖြစ်သည်။
ယင်းကဲ့သို့ ပြိုင်ပွဲများ ကျင်းပရာ၌ အမျိုးသမီးများအတွက် ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပပေးခြင်း မရှိပါ။ ထည့်သွင်းကျင်းပပေးလျှင် လည်း မြန်မာအမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်ကြဖွယ် မရှိပါ။
ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ပညာရေးဌာနမှ ကြီးမှူးလျက် ၁၉၂၆ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။ ထိုစဉ်က ထူးချွန်သည့် ပြေးခုန်ပစ်အားကစားသမားများ ပေါ်ထွက်ခဲ့သော်လည်း ကမ္ဘာ့အိုလံပစ် အစရှိသည့် နိုင်ငံတကာ ပြိုင်ပွဲကြီးများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရရှာကြပါ။ သက်ဆိုင်ရာ နိုင်ငံတကာပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် ဆက်သွယ်မထားခြင်း၊ မြန်မာနိုင်ငံတွင် အိုလံပစ်ကော်မတီ မဖွဲ့စည်းသေးခြင်းကြောင့် ကမ္ဘာနှင့် အဆက်ပြတ်နေရခြင်းပင် ဖြစ်သည်။
ကဏ္ဍသစ်
မြန်မာနိုင်ငံ၏ အားကစားကဏ္ဍသစ်ကို ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၆ ခုနှစ်တွင် စတင်ခဲ့ရာ ပြေးခုန်ပစ် အားကစားနည်းလည်း အပါအဝင် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဆန်းပိုင်းတွင် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ကို စနစ်တကျ ဖွဲ့စည်းခဲ့သည်။ ပြေးခုန်ပစ်အဖွဲ့ ချုပ်နှင့်အတူ လက်ဝှေ့နှင့် အလေးမအဖွဲ့ချုပ်တို့ကိုလည်း ဖွဲ့စည်းခဲ့ကြပြီးနောက် အပြည်ပြည်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်များလည်း ရရှိခဲ့သည်။
မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုလည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။ မြန်မာပြည်အိုလံပစ်အသင်းကြီး၏ ပထမဆုံးသော နာယက နှစ်ဦးမှာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာပြည်ဆိုင်ရာ အင်္ဂလိပ်ဘုရင်ခံ ဆာ ဟူးဘရန့်စ် တို့ပင်ဖြစ်သည်။
မြန်မာပြည် ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် အလေးမ အဖွဲ့ချုပ်တို့သည် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ချုပ်များနှင့် ဆက်သွယ်ခွင့်ရရှိခြင်း အထိမ်း အမှတ်အဖြစ် ၁၉၄၇ ဇူလိုင်လ ၈ ရက်တွင် မြို့တော်ခန်းမ၌ လက်ဖက်ရည်ပွဲကျင်းပရာ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ခဲ့သည်။
ကမ္ဘာ့အိုလံပစ်
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိပြီးသည့်နောက် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ အနေဖြင့် ၁၉၄၈ ခုနှစ် ဇူလိုင် ၂၉ မှ သြဂုတ် ၁၄ ရက်အထိ ကျင်းပသည့် ကမ္ဘာ့အိုလံပစ်သို့ ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။
ယင်းနောက် ၁၉၅၀ – ၅၁ တွင် ပထမဆုံးအကြိမ် ကျင်းပသည့် အာရှအားကစားပွဲတော် (နယူးဒေလီ၊ အိန္ဒိယ)၊ ၁၉၅၉ ခုနှစ် ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ(South East Asia Penisula Games – SEAP GAMES) တွင်လည်း ဗွေဆော်ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ် ကွာလာလမ်ပူမြို့တွင် စတင်ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (South East Asia Games – SEA GAMES) တို့ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာတွင် ပြေးခုန်ပစ် အား ကစား နည်းသည် အောင်မြင်မှု အရှိဆုံး အားကစားနည်းပင် ဖြစ်သည်။
ဘောလုံး
မြန်မာနိုင်ငံတွင် လူကြိုက်များပြီး ထင်ရှားကျော်ကြားသည့် ဘောလုံးကစားနည်းမှာ ကျွန်းဆွယ်ခေတ်တွင် ပူးတွဲ ၁ ကြိမ်၊ ကျွတ်ကျွတ် လွတ်လွတ် ၄ ကြိမ်၊ အာရှအားကစား ပွဲတော်တွင် ကျွတ်ကျွတ်လွတ်လွတ် ၁ ကြိမ် (၁၉၉၆)၊ တောင်ကိုရီးယား နှင့် ပူးတွဲ ၁ကြိမ် (၁၉၇၀) နှင့် ကမ္ဘာ့အိုလံပစ်ဘောလုံးပြိုင်ပွဲ အသန့်ရှင်းဆုံးဆု (၁၉၇၂ ခုနှစ်၊ မြူးနစ်) တို့ ဆွတ်ခူးရရှိ ထားသည်မှာ ကျွန်းဆွယ် ခေတ် (၁၉၅၉ – ၁၉၇၅) အတွင်းသာ ဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ စကာ မြန်မာဘောလုံးအသင်း ရွှေတံဆိပ်ဆု မရသည်မှာ ကြာပြီ ဖြစ်သည်။
ပြေးခုန်ပစ်အားကစားနည်းကတော့ ၁၉၅၉ ကျွန်းဆွယ်ခေတ်မှ စကာ ၁၉၉၉ ခုနှင့် ၂၀၀၉ ခုနှစ် ဆီးဂိမ်းစ် ပွဲ ၂ ပွဲ မှ အပ ကျန် SEA GAMES နှင့် SEAP GAMES များတွင် ရွှေတံဆိပ် မဆွတ်ခူး နိုင်သည့်နှစ် မရှိသလောက်ပင် ဖြစ်သည်။
ကျွန်းဆွယ် သို့မဟုတ် ဆီးဂိမ်းစ် ပြိုင်ပွဲ၌ မြန်မာအသင်း၏ ဆုတံဆိပ် ဆွတ်ခူးနိုင်မှုတွင် ပြေးခုန်ပစ်အားကစားနည်းမှ ရရှိသည့် ဆုတံဆိပ် များက ဦးဆောင်လျက် ရှိသည်။ ကျွန်းဆွယ်ခေတ် ပထမပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးသည့် အထဲ၌ ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးပါဝင်ခဲ့သည်။
၁၉၆၁ ခုနှစ် ရန်ကုန်တွင် ပထမဆုံးအကြိမ် ကျင်းပသည့် ဒုတိယကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ဆု ဆွတ် ခူးခဲ့ရာ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့သည်။
၁၉၆၅ ခုနှစ် ကွာလာလမ်ပူ ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိရာ ပြေးခုန်ပစ်က ရွှေတံဆိပ် ၆ ဆု ဆွတ် ခူးခဲ့သည်။
၁၉၆၇ ခုနှစ် ဘန်ကောက် ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆုသာ ရရရှိသည်။ ထိုအထဲတွင် ပြေးခုန်ပစ် အား ကစားက ရွှေတံဆိပ် ၅ ဆုပါဝင်သည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် ကျင်းပသည့် ၅ ကြိမ်မြောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံ အလိုက် အဆင့် ၁ ရခဲ့သည်။ ပြေးခုန်ပစ်အားကစားသမားများက ရွှေတံဆိပ်ဆု ၂၀ အထိ ဆွတ်ခူးပေးနိုင်ခဲ့သည်။
၁၉၇၁ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို မလေးရှားနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာအားကစား တဖွဲ့လုံးက ရွှေတံဆိပ် ၂၀ ရသည်။ ပြေး ခုန်ပစ် အားကစားသမားများက ရွှေတံဆိပ် ၉ ဆု ပါဝင်သည်။
၁၉၇၃ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲကို စင်ကာပူနိုင်ငံတွင် ကျင်းပသည်။ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၈ ဆု ရသည်။ ပြေးခုန်ပစ် အား ကစားမှ ရွှေတံဆိပ် ၁၀ ဆုပါဝင်သည်။
၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ကျွန်းဆွယ်ပြိုင်ပွဲကို နောက်ဆုံးအကြိမ် ကျင်းပရာ မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၈ ဆု ရရှိပြီး ပြေး ခုန်ပစ် အားကစားမှ ၁၀ ဆု ရရှိသည်။
၁၉၅၉ ခုနှစ်တွင် စတင်ပြီး ၁၉၇၅ ခုနှစ်တွင် နိဂုံးချုပ်ခဲ့သည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၈ ကြိမ်မြောက်တွင် မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ်ပေါင်း ၇၉ ဆု တိတိ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ဆီးဂိမ်းစ် အစ ပိုင်း ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားသမားတို့ အစွမ်းပြနိုင်ကြသေးသည်။ ။