မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ စတင် ကျင်းပတော့မယ့် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကြီးမှာ မြန်မာ့ရိုးရာ လက်ဝှေ့က မွေထိုင်းပြိုင်ပွဲ ခေါင်းစဉ်အောက်မှာ သွားကစားရတော့မှာ ဖြစ်လို့ လုံး၀ စိတ်မကောင်းစရာပဲလို့ မြန်မာ့ ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းက ဧရာဝတီကို ပြောပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့ဟာ အခုဆိုရင် လက်ဝှေ့ပြိုင်ပွဲတွေ သိပ်မကျင်းပ နိုင်တော့တာ၊ လက်ဝှေ့သမား စိတ်ဓာတ်ထက် ငွေကြေးကို ရှေ့တန်း တင်လာတာ၊ အစိုးရဲ့ ကူညီပံ့ပိုးမှု အားနည်း တာတွေကြောင့် ပျောက်ကွယ်တော့မှာတောင် စိုးရိမ်ရတယ်လို့ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ခုံဒိုင်ချုပ်၊ နည်းပြချုပ် ဖြစ်တဲ့ ဦးဒေါင်းနီက ဆိုပါတယ်။
“အခု ဆီးဂိမ်းမှာတောင် မြန်မာ့လက်ဝှေ့ဆိုပြီး မပါတော့ဘူး။ မွေအောက်မှာ သွားထိုးရမှာ။ ဘာပဲဖြစ်ဖြစ် မွေ ဖြစ်သွားတာပေါ့။ ထိုင်းလက်ဝှေ့ အောက်ကို ရောက်သွားသလို ခံစားရတယ်။ မြန်မာ့လက်ဝှေ့ ဆိုတဲ့ နာမည်ကို ခံလို့ မရတော့ဘူး။ မွေထိုင်း ဖြစ်သွားပြီ။ အခုလို မွေအောက် ရောက်သွားတာ လုံး၀ စိတ်မကောင်းဘူး” လို့ ဦးဒေါင်းနီက ဧရာဝတီကို ပြောပါတယ်။
လက်ဝှေ့သမားတွေ ကိုယ်တိုင် ပရော်ဖက်ရှင်နယ်စိတ် နည်းပါးလာသလို၊ လက်ဝှေ့သမား စစ်စစ်အဖြစ် ရပ်တည်နိုင်ဖို့ အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးမှုတွေလည်း မရှိလို့ ဦးဒေါင်းနီကိုယ်တိုင် ဇနီးဖြစ်သူ ရှာကျွေးတာနဲ့ ရပ်တည် နေရတယ်လို့ သိရပါတယ်။
“လက်ဝှေ့လို့ ပြောလိုက်ရင် မြန်မာ့ရိုးရာ လက်ဝှေ့က ဘယ်တော့မှ အောက်မကျခဲ့ဘူး။ အခုက နိုင်ငံတော်ရဲ့ ပံ့ပိုးမှုလည်း လိုတယ်၊ ငွေရေးကြေးရေး ပံ့ပိုးမှုလိုသလို၊ မျိုးဆက်သစ်တွေ မွေးထုတ်ပေးရမယ်။ နိုင်ငံတော်က လူကြီးတွေမှာ တာဝန် ရှိတာပေါ့” လို့ သူက ဆက်ပြောပါတယ်။
အသက် ၆၅ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဦးဒေါင်းနီဟာ ကျန်းမာရေး အခြေအနေအရ နှလုံးသွေးခဲလို့ ဆေးရုံက ဆင်းလာတာ မကြာသေးပါဘူး။ လက်ရှိမှာ ဦးဒေါင်းနီဟာ မိဘအမွေ ဖြစ်တဲ့ မရမ်းကုန်းမြို့နယ် အတွင်းက နေအိမ်မှာ နေထိုင်နေပါတယ်။
“အခုလို နေနိုင်တာက အမျိုးသမီးက ဈေးရောင်းကျွေးလို့။ လက်ဝှေ့သမား သက်သက်ဆို ကျနော် မရပ်တည်နိုင်ဘူး။ အဖွဲ့အစည်း ကလည်း မထောက်ပံ့နိုင်ဘူး။ နိုင်ငံတော်က လုပ်နေတဲ့ ပုံစံက မြန်မာ့လက်ဝှေ့ကို လုံး၀ ပျောက်အောင် လုပ်နေသလိုပဲ” လို့ ဦးဒေါင်းနီက ဆိုပါတယ်။
မြန်မာ့ရိုးရာ လက်ဝှေ့ ဖွံ့ဖြိုးဖို့ဆိုရင် လက်ဝှေ့ပြိုင်ပွဲတွေ အဆက်မပြတ် ကျင်းပပေးဖို့နဲ့ နိုင်ငံတော်ရဲ့ ကူညီပံပိုးမှုတွေလည်း လိုနေပြီး အခု အခြေအနေမှာ လက်ဝှေ့ကို စိတ်ပါဝင်စားတဲ့ ထွန်းရွှေဝါ တိုင်းရင်းဆေး ထုတ်လုပ်ရေး၊ Calsome ကွေကာလို ပုဂ္ဂလိက ကုမ္ပဏီတွေရဲ့ ပံ့ပိုး ကူညီမှုတွေ ရှိနေလို့သာ ဆက်လက် လှုပ်ရှားနိုင်တာလို့ မြန်မာရိုးရာ လက်ဝှေ့ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးစိုင်းဇော်ဇော်က ဧရာဝတီကို ပြောပါတယ်။
မြန်မာ့လက်ဝှေ့ဟာ ၁၉၉၆ ခုနှစ်လောက်က စပြီး ရွှေခါးပတ် ဗိုလ်လုပွဲအဖြစ် ကျင်းပခဲ့ရာကနေ အခုအချိန်အထိ ဘုရားပွဲ၊ စိန်ခေါ်ပွဲတွေ ရှိရင် အခါအခွင့် သင့်သလို ကျင်းပနေဆဲဖြစ်ကြောင်း “ဒဂုံ ရွှေအောင်လံ”၊ “အသည်းကောင်းလို့ ပွဲတောင်း ကြသူများ”၊ “ဘက်တူရင် လူမရွေးဘူး”၊ “ဝါးရုံပင်ကျွဲခတ် အသည်း ပြတ်အောင်ထိုးမှာလား” ဆိုတဲ့ နာမည်တွေနဲ့ ပွဲတွေကို စီစဉ်ခဲ့သူ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။
“အခုက ထိုးပွဲရှိရင် ခွင့်ပြုချက် လျှောက်တဲ့အခါ မြန်အောင်လို့ အချက်အလက် ပြည့်စုံရင် ဖက်စ်နဲ့ ပို့ပေးရင် ဒီကလည်း ဖက်စ်နဲ့ပဲ ပြန်ပို့ပေးလိုက်တယ်၊ မဟုတ်ရင် ရန်ကုန်လာရဦးမယ်။ သူတို့မှာလည်း လမ်းစရိတ်နဲ့ ဆိုတော့ မလွယ်ဘူး။ အခုက လက်ဝှေ့ပွဲတွေ တော်တော်လေးကို နည်းသွားပြီလို့ ပြောရမယ်” လို့ ဦးစိုင်းဇော်ဇော်က ပြောပါတယ်။
မြန်မာလက်ဝှေ့ဟာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ရွှေနှစ်ခုဆု၊ ငွေ တဆု၊ ကြေးနှစ်ဆု ရခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပတဲ့ အာရှလက်ဝှေ့ ပြိုင်ပွဲမှာ အာရှ ချန်ပီယံဆု ရခဲ့တယ်လို့ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်က သိရပါတယ်။
အရင်က ဘုရားပွဲကြီးရင် လက်ဝှေ့ပွဲ ပါလေ့ရှိပေမယ့် အခုနောက်ပိုင်း ကျင်းပတဲ့ ဘုရားပွဲတွေမှာ လက်ဝှေ့ပွဲ မပါတော့သလို၊လက်ဝှေ့ပွဲတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပျောက်ကွယ်လာနေပြီလို့ မြန်မာလက်ဝှေ့ မြတ်နိုးသူတွေက ပြောဆိုနေကြပါပြီ။
“ဦးဒေါင်းနီဆိုတဲ့ ကျုပ်က ဒီမှာ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ခုံဒိုင်ချုပ်၊ နည်းပြချုပ်ပဲ။ အခုမိန်းမ ဈေးရောင်းကျွေးလို့ စားနေရတာ။ ဒီအိမ်လေးတောင် အဖေ၊ အမေဆီက အမွေရတာ။ အခုခေတ် အခြေအနေနဲ့ဆို ဒီအိမ်တောင် မဝယ်နိုင်ဘူး။ နိုင်ငံတကာမှာက လက်ဝှေ့သမားတွေက အဆင့်အတန်း မြင့်တယ်။ သူတို့ဆီမှာ ပွဲတွေဖြစ်တော့ ပိုက်ဆံလည်း ရကြတယ်” လို့ ဦးဒေါင်းနီက ပြောပါတယ်။
မြန်မာပြည်မှာ ဆီးဂိမ်းကို အိမ်ရှင်နိုင်ငံအနေနဲ့ မကျင်းပမီ လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက မြန်မာ့ရိုးရာ လက်ဝှေ့ပညာဟာ ဒီပုံအတိုင်းဆက်သွားရင် ပျောက်ကွယ်တော့မှာလို့ သူ သတိပေးခဲ့ သေးတဲ့အကြောင်း၊ လက်ဝှေ့ထိုးမယ်ဆိုရင် ငွေရေး ကြေးရေးကို ရှေ့တန်းမတင်ကြဘဲ တကယ် ဝါသနာပါဖို့ လိုကြောင်း သူကဆိုပါတယ်။
“တို့ခေတ်ကတော့ ဝါသနာ အရကို လိုက်ထိုးနေတာ။ အခုက ထိုးတာ၊ တိုက်တာ၊ ကန်တာတွေက အစ လျော့သွားပြီ။
အခုက လက်ဝှေ့ထိုးမယ် မပြောသေးဘူး၊ ကြေးကို အရင် စကားပြောကြတယ်။ လက်ဝှေ့ အရင်ထိုးဖို့ မလိုဘူးလား။
အခုက ဝိတ်တန်း မတူလည်း ကြေးများရင် ထိုးကြတော့ ပွဲတွေက ကြည့်လို့ မလှတော့ဘူး။ လက်ဝှေ့ သဘောတရားအရ လက်ရည်တူမှ ကြည့်ကောင်းတာ” လို့ ဦးဒေါင်းနီက ဆက်ပြောပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ လက်ဝှေ့ကို တကယ့် Professional ထိုးနိုင်တဲ့သူက ရာဂဏန်း မကျော်တဲ့အပြင် လက်ဝှေ့ထိုးပြီး မရပ်တည် နိုင်တဲ့အတွက် တခြား အသက်မွေးဝမ်းကျောင်း တခုခုကို ရွေးချယ်သွားသူတွေ၊ လူငယ်တွေကလည်း လက်ဝှေ့ကို စိတ်ဝင်စားမှု သိပ်မရှိတော့သလို လက်ခမောင်းတောင် ကောင်းကောင်း မခတ်တတ်ဘဲ လက်ဝှေ့ တက်ထိုးလာတာတွေပါ တွေ့နေရပြီလို့ လက်ဝှေ့ အသိုင်းအဝိုင်းက ကြားခဲ့ရပါတယ်။
“အခု မြန်မာ့လက်ဝှေ့ပွဲတွေ နည်းလာပြီ။ ပွဲတွေ သိပ်မလုပ်နိုင် ကြတော့ဘူး။ ဒါတွေက မကောင်းတဲ့ လက္ခဏာတွေပဲ။ ပျောက်သွားနိုင်တယ်လို့ သတိပေးချင်တယ်” လို့ ဦးဒေါင်းနီက ပြောပါတယ်။