“အာရှရဲ့ အသည်းနှလုံး” (The Heart of Asia)လို့ တင်စားကြတဲ့ ထိုင်ဝမ်နိုင်ငံဟာ လည်ပတ်စရာ ပေါများ ပါတယ်။ ထိုင်ဝမ်ဟာ ကျွန်းဆွယ်နိုင်ငံ တနိုင်ငံဖြစ်ပြီး အာရှတိုက်ရဲ့ အရှေ့ဘက်၊ ပိစိဖိတ် သမုဒ္ဒရာရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ ရှည်မြောမြော ကန်စွန်းဥ ပုံသဏ္ဍာန်ရှိတဲ့ ဒီကျွန်းဟာ ဧရိယာ ၃၆,၁၈၈ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်ဝမ်ကို သွားမယ်ဆိုရင် ရန်ကုန်-ဘန်ကောက်- တိုင်ပေ၊ ရန်ကုန်-ဟောင်ကောင်-တိုင်ပေ၊ ရန်ကုန်-တိုင်ပေ (တိုက်ရိုက်) လေကြောင်းလိုင်းများရှိပြီး ရန်ကုန်-တိုင်ပေ (တိုက်ရိုက်) စီးမယ်ဆိုရင် China Airlines လေကြောင်းလိုင်းနဲ့ သွားနိုင်ပါတယ်။ ဈေးနှုန်းကတော့ အသွားအပြန် အနိမ့်ဆုံး ဒေါ်လာ ၃၀၀ ကျော်ကနေ အမြင့်ဆုံး ဒေါ်လာ ၅၀၀၊ ၆၀၀၊ ၇၀၀ ကျော်အထိ အစားစား ရှိပါတယ်။
လေယာဉ်စီးတဲ့ ကြာမြင့်ချိန်ကတော့ အချိန် ၃ နာရီခွဲခန့် စီးရပါတယ်။ ထိုင်ဝမ် (တိုင်ပေ) ဒေသစံတော်ချိန်နဲ့ မြန်မာနိုင်ငံ ဒေသစံတော်ချိန်က အချိန် ၁ နာရီခွဲ ကွာခြားပါတယ်။ တိုင်ပင်က မြန်မာနိုင်ငံထက် အချိန် ၁ နာရီခွဲ ပိုစောတာပါ။ ထိုင်ဝမ်ရဲ့ ရာသီဥတုကတော့ ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမျိုး ဖြစ်ပါတယ်။ ထိုင်ဝမ်မှာ နေထိုင်သူ လူဦးရေ ၂၃ သန်းခန့် ရှိတယ်လို့လည်း သိရပါတယ်။
ထိုင်ဝမ်နိုင်ငံမှာ လည်ပတ်စရာဆိုရင် အရင်ဆုံး မြို့တော် တိုင်ပေကနေ စပြောရပါမယ်။ တိုင်ပေမြို့မှာ လည်စရာကတော့ ညဘက်ဆိုရင် မသွားမဖြစ် ညဈေးလိုနေရာတွေ၊ Shopping Area တွေကို သွားရောက် လည်ပတ်နိုင်ပါတယ်။ တိုင်ပေမှာ နာမည်ကြီးတဲ့ ညဈေးကတော့ ရှိလင်ညဈေးပါ။ ရှိလင်ညဈေးမှာ ထိုင်ဝမ် ရိုးရာ အစားအသောက်တွေ၊ အဝတ်အထည်တွေ၊ ဝယ်စရာတွေ စုံစုံလင်လင် ရှိပါတယ်။
(၁) Ximending Area
တိုင်ပေမြို့မှာ လည်လို့ ကောင်းတဲ့ နေရာကတော့ Ximending (ရှီးမင်တင်း)လို့ ခေါ်တဲ့ နေရာပါ။ ဒီနေရာက တိုင်ပေမြို့ အနောက်ခြမ်းမှာ တည်ရှိပြီး ဟိုးလွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်များမှ စတင်ကာ တည်ရှိခဲ့တဲ့ Shopping Area လည်း ဖြစ်ပါတယ်။ ဒီနေရာကို မြေအောက်ရထားလိုင်းစီးပြီး အလွယ်တကူ သွားလို့ ရသလို ဒီနေရာဟာ လူငယ်တွေအကြိုက် ဈေးဝယ်ထွက်လို့ ကောင်းတဲ့ နေရာပါပဲ။
ညဘက်ဆို ပျားပန်းခတ် သွားလာလှုပ်ရှားနေတဲ့ လူငယ်တွေနဲ့ စည်ကားနေပြီး လမ်းမပေါ်မှာလည်း Live Music တွေ၊ Performance Show တွေ အမြဲမပြတ် တွေ့မြင်ရပါတယ်။ အဲဒီနေရာဟာ ဖက်ရှင်ဆိုင်တွေ၊ အစားအသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ဈေးတန်းတွေနဲ့ ဝယ်စရာ ပြည့်နှက်နေပြီး လူငယ်တွေအကြိုက် ထိုင်လို့ကောင်းတဲ့ သောက်စရာ ဘားဆိုင်တွေ တစုတစည်းတဲ့ ရှိတဲ့ နေရာပါ။
(၂) Taipei 101
တိုင်ပေမှာ မသွားမဖြစ် သွားလည်သင့်တဲ့ နေရာကတော့ အထင်ကရ အဆောက်အဦ “Taipei 101” ပဲ ဖြစ်ပါတယ်။ အထပ်ပေါင်း ၁၀၁ ထပ် ရှိတဲ့ Taipei 101 ဟာ ၂၀၀၄ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး စတင် ဖွင့်ခဲ့တဲ့အချိန်မှာ ဒီအဆောက်အဦဟာ ကမ္ဘာမှာ အမြင့်ဆုံး မိုးမျှော်တိုက် ဖြစ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာ့အမြင့်ဆုံး နံပါတ် ၈ နေရာမှာ တည်ရှိပြီး မြေပြင်မှ ပေပေါင်း ၁၄၇၄ ပေ မြင့်ပါတယ်။
Taipei 101 မှာ ၈၉ လွှာနဲ့ ၉၁ လွှာတို့ကနေ တိုင်ပေမြို့ရဲ့ ရှုခင်းတွေကို ကြည့်နိုင်အောင် ဖွင့်လှစ်ပေးထားပြီး အပေါ်ကို တက်ချိန် ဓာတ်လှေကား မြန်နှုန်းက ၅ လွှာကနေ ၈၉ လွှာအထိ ၃၇ စက္ကန့်နဲ့ အရောက်သွားနိုင်လို့ ကမ္ဘာမှာ အမြန်ဆုံး ဓာတ်လှေကားအဖြစ် စံချိန်တင်ထားတယ်လို့ သိရပါတယ်။
(၃) Yehliu Geopark
နောက်ထပ် သွားလည်သင့်တဲ့ နေရာကတော့ Yehliu Geopark ပါ။ Yehliu ဟာ ထိုင်ဝမ်နိုင်ငံရဲ့ မြောက်ဘက် ပင်လယ်ကမ်းရိုးတန်းမှာ ထွက်နေတဲ့ အငူဒေသပါ။ အဲဒီနေရာမှာ ပင်လယ်ကြောင့် လေဒဏ်၊ ရေဒဏ် တိုက်စားမှုတွေကနေ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ ပျားအုံကွက် ပုံစံ၊ မှိုပွင့်ပုံစံ ကျောက်တုန်းတွေကို သွားရောက် လေ့လာနိုင်ပါတယ်။
အထူးသဖြင့် နာမည်ကြီးတာတော့ Queen’s Head လို့ခေါ်တဲ့ ဘုရင်မ ဦးခေါင်း ပုံသဏ္ဍာန် ကျောက်တုံးပါ။ ပြီးတော့ နဂါးခေါင်း ပုံသဏ္ဍာန်ရှိတဲ့ Dragon’s Head ကျောက်တုံးနဲ့ အသည်း ပုံသဏ္ဍာန်ရှိတဲ့ ကျောက်တုံးလည်း ရှိပါတယ်။ Yehliu Geopark ရဲ့ ဝင်ကြေးကတော့ တဦးကို ထိုင်ဝမ်ဒေါ်လာ ၈၀ (မြန်မာငွေ ၃ ထောင်ကျော်) ပေးရပြီး တိုင်ပေကနေ Yehliu ကို သွားမယ်ဆိုရင် မိနစ် ၄၀ ကျော် ကားမောင်းရပါတယ်။
(၄) ထိုင်ဝမ် Puppet Show
ထိုင်ဝမ်ရောက်ရင် နောက်ထပ် လေ့လာသင့်တာကတော့ သူတို့ရဲ့ ထိုင်ဝမ်ရိုးရာ ရုပ်သေးအကပွဲ (Puppet Show) ပါ။ ထိုင်ဝမ်ကလည်း အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံ ဖြစ်တဲ့အညီ သူ့ရဲ့ ရိုးရာတွေကလည်း မြန်မာတွေနဲ့ မစိမ်းလှပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ရိုးရာရုပ်သေးက မြန်မာ့ရိုးရာနဲ့ မတူညီတာကတော့ ကြိုးဆွဲကပြတာ မဟုတ်ဘဲ လက်နဲ့ထိုးပြီး ကပြတာပါ။
ထိုင်ဝမ် Puppet Show ကိုတော့ ကြည့်ချင်ရင် တိုင်ပေမြို့၊ Zhongshan ခရိုင်၊ Nanjing E လမ်းမှာ တည်ရှိတဲ့ See-Join Puppet Theatre စားသောက်ဆိုင်ကို ညွှန်းချင်ပါတယ်။ ဒီနေရာက Trip Advisor ရဲ့ Review တွေ ကောင်းကောင်း ရရှိထားတဲ့ နေရာဖြစ်သလို မြို့ထဲ သွားလို့ အဆင်ပြေတဲ့ နေရာမှာ တည်ရှိပါတယ်။
ညစာသုံးဆောင်ရင်း ရိုးရာရုပ်သေး အကတွေကို ကြည့်ရှုနိုင်သလို ရုပ်သေး အကပညာရှင်ရဲ့ ရယ်မောစရာ ဟာသအက ပြကွက်တွေ၊ သူသင်ကြားပေးတဲ့ အခြေခံ ရုပ်သေး ကကွက်တွေကိုလည်း ဝင်ရောက် လေ့လာနိုင်ပါတယ်။
(၅) ထိုင်ဝမ် National Palace Museum
ဒီနေရာကတော့ သမိုင်းကြောင်းတွေ၊ အမွေအနှစ် ရိုးရာ ပစ္စည်းတွေကို လေ့လာရတာ ဝါသနာသူတွေ သွားသင့်တဲ့ နေရာပါ။ ထိုင်ဝမ် National Palace Musem က တိုင်ပေနဲ့ Chaiayi စီရင်စု၊ Taibao မြို့တို့မှာ တည်ရှိပါတယ်။ ဒီပြတိုက်မှာ ထိုင်ဝမ် (တရုတ်) လူမျိုးတွေရဲ့ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေ ၇၀၀,၀၀၀ ကျော်ကို စုစည်း ပြသထားပြီး ဒီမှာ တန်ဖိုးကြီးတဲ့ ကျောက်စိမ်းတုံးများ၊ ရှေးဟောင်း လက်ဝတ်ရတနာများ၊ လက်မှုထည် ပစ္စည်းများကို သမိုင်းကြောင်းတွေနဲ့ လေ့လာနိုင်ပါတယ်။
ထိုင်ဝမ်မှာတော့ နောက်ထပ် လည်ပတ်စရာ နေရာတွေ အများကြီး ကျန်ပါသေးတယ်။ စာရေးသူအနေနဲ့ အထင်ကရ နေရာတချို့နဲ့ ကိုယ်တိုင် လည်ပတ်ခဲ့တဲ့ နေရာတွေကို ညွှန်းပေးတာ ဖြစ်ပါတယ်။ ထိုင်ဝမ်မှာအထူး ဂရုစိုက်ရမှာ ရာသီဥတုပါ။ ကျွန်းဆွယ်နိုင်ငံ ဖြစ်တာနဲ့အညီ ရာသီဥတုက ပူအိုက်စွတ်စိုပြီး နွေရာသီမှာ တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ ရှိပါတယ်။
ထိုင်ဝမ်မှာ အဓိက စီးပွားရေးအဖြစ် အဆင့်မြင့်နည်းပညာလုပ်ငန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ပြီး နာနိုနည်းပညာ၊ အလင်းနဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ပါတယ်။ လက်ရှိ Taiwan Tourism Bureau အနေနဲ့လည်း ထိုင်ဝမ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။