သိမ်အင်းဘုရားလို့ လူတွေအလွယ်တကူခေါ်ဆိုလေ့ရှိကြတဲ့သိမ်အင်းဘုရားဟာ ပြင်ဦးလွင်မြို့နယ် ၊ ရပ်ကွက်ကြီး ၂၁ ၊ မိုးကြိုးပစ်စံပြအုပ်စု ၊ သိမ်အင်းကျေးရွာမှာ တည်ရှိပါတယ်။ သိမ်အင်းကျေးရွာ မှာတည်ရှိတဲ့အတွက်ကြောင့် သိမ်အင်းဘုရားလို့ လွယ်လွယ်ခေါ်ဆိုနေကြပေမယ့် ဘုရားကြီးရဲ့ ဘွဲ့တော်ကတော့ ရာဇာဓိရာဇတိလောကာဓိပတိ ၊ မဟာအောင်ကံထူး ၊ ဆုတောင်းပြည့်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးလို့ ခေါ်ဆိုပါတယ်။
ဘုရားကြီးရဲ့ သမိုင်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ပြည်ချစ်ဘုရားလို့ခေါ်ဆိုလေ့ရှိကြတဲ့ ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဘုရားကြီးဖြစ်စဉ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့နယ် ၊ စကျင်တောင် ကနေ မဟာအံ့ထူးကံသာဘုရားကြီးကိုထုဆစ်ခဲ့တဲ့ စကျင်ကျောက်ရ ရှိရာ ကိုက် ၁၀၀ အကွာကနေပဲ သိမ်အင်းဘုရား ကိုထုဆစ်မယ့် စကျင်ကျောက်ကိုရရှိခဲ့ပါတယ်။ သိမ်အင်းဘုရားကို တလုံးတည်းသော စကျင်ကျောက်ကနေ ထုဆစ် ခဲ့ပြီး ဉာဏ်တော် ၂၁ ပေ ၊ တန် ချိန် ၄၆ တန်ရှိပါတယ်။
သိမ်အင်းဘုရားကို မူလက တရုတ်နိုင်ငံ ၊ ရွှေလီမြို့ကိုပင့်ဆောင်ဖို့ဖြစ်ပေမယ့် ၂၀၁၄ ခုနှစ် ၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ မန္တလေး – ပြင်ဦးလွင်အတက်လမ်း မိုင်တိုင်အမှတ် (၁၉/၅)မိုင်ကွေ့မှာ မြေခခဲ့ ရပါတယ်။ ရုပ်ပွားတော် ၂ ဆူစလုံးဟာ တရုတ်နိုင်ငံကိုပင့်ဆောင်စဉ် မြေခခဲ့တာချင်းတူပေမယ့် သိမ်အင်းဘုရားကတော့ ဦးခေါင်းတော်ပါ ကျိုးပျက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကျိုးပျက်ခဲ့တဲ့ ဦးခေါင်းတော်ကိုပြန်ဆက်ခဲ့ရပါတယ်။
ဦးခေါင်းတော်ကျိုးပျက်ပြီး ကားလမ်းနံဘေးကျနေတဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ စိတ်မကောင်း ဖြစ်ခဲ့ကြရ ပါတယ်။ ဒါကြောင့်လည်း ပြင်ဦးလွင်မြို့ ၊ မိုးညိုဆရာတော်ဘုရားကြီး ဦးဆောင်တဲ့ ရုပ်ပွားတော်မြတ်ကြီး ကိုပင့်ဆောင်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ စကျင်တောင်က ကျွမ်းကျင်ပညာရှင်တွေခေါ်ယူပြီး ဦးခေါင်းတော်ကို ၃ ရက်ကြာ တဲ့အထိ ပြန်လည်ဆက်ယူခဲ့ရပါတယ်။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာတော့ မြန်မာ့ရိုးရာနည်းပညာကိုအသုံးပြုပြီး လူအင်အား ၁၂ ယောက်နဲ့ ပြင်ဦးလွင်ကို ပင့်ဆောင်မယ့်ကားပေါ်တင်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာတော့ သိမ်အင်းကျေးရွာကို စည်စည်ကားကားနဲ့ အောင်မြင် စွာပင့်ဆောင်နိုင်ခဲ့ပါတယ်။
ဦးခေါင်းတော်ကျိုးပျက်ပြီး လမ်းဘေးမှာမြေခခဲ့ရတဲ့ သိမ်အင်းဘုရားကို လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူး ဧည့်သည် တွေကတော့ ဒီနေ့အချိန်မှာ နည်းပါးနေတာကိုလည်း တွေ့ရပါတယ်။ ပြင်ဦးလွင် – မိုးကုတ်လမ်းမှာတည်ရှိပြီး လူသွားလူလာနည်းတာကလည်း အကြောင်းတချက်အနေနဲ့ ပါဝင်ပါ လိမ့်မယ်။
ပြင်ဦးလွင်ကို သွားရောက်လည်ပတ်ကြတဲ့လူတွေအနေနဲ့တော့ သိမ်အင်းဘုရားကို တခါတခေါက် ဖူးမြော်ဖို့သွားရောက်သင့်ပါတယ်။
You may also like these stories:
သီပေါမြို့မှာရှိတဲ့ စော်ဘွားနဲ့ ဆွေတော်မျိုးတော် အုတ်ဂူများ
ရှမ်းစော်ဘွားတွေ တည်ထားကိုးကွယ်ခဲ့တဲ့ လားရှိုးမြို့က မန်ဆူစေတီတော်
နှစ်စဉ် ဟိန္ဒူဘာသာဝင် ၂ သိန်းကျော် လာရောက်လေ့ရှိတဲ့ လားရှိုးမြို့က ရှန်ခိုက်ပွဲတော်