တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့က စတင်ဖြစ်ပွားလာခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခုအချိန်မှာ နိုင်ငံတော်တော်များများ ကို ကူးစက်လာခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာလည်း လူသေဆုံးတဲ့အထိ ဖြစ်နေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်တော်များများမှာ တရုတ်ခရီး သွားတွေ ဝင်ရောက်မှု ကို ယာယီကန့်သတ်ထားတာမျိုး လုပ်လာကြပါတယ်။
ထိုင်းနိုင်ငံလေကြောင်းလိုင်းတချို့အနေနဲ့လည်း လေကြောင်းလိုင်းခရီးစဉ်တချို့ကိုမတ်လအထိ ယာယီဆိုင်းငံ့တာမျိုး ပြုလုပ်လာကြပါတယ်။ ထိုင်းလေကြောင်းလိုင်းတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ် ၊ ဟောင်ကောင် ၊ ထိုင်ဝမ် ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဘင်္ဂလားဒေ့ရှ် ၊ အာရပ်စော်ဘွားများပြည်ထောင်စု စတဲ့နိုင်ငံတွေကို လေကြောင်း ခရီးစဉ်ယာယီ ရပ်တန့်ထားတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံအများစုရဲ့ခရီးသွားလုပ်ငန်းတွေလည်း ထိခိုက်နစ်နာနေရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတကာခရီးသွားအရေအတွက် ကျဆင်း လာခဲ့ရပါတယ်။ ဂျပန်နိုင်ငံက လာရောက်လည်ပတ်မယ့်ခရီးသွား ၈၀ ရာခိုင်နှုန်းလောက်ကလည်း မူလက စီစဉ်ထားခဲ့တဲ့ ခရီးစဉ်တွေကို ပြန်လည်ဖျက်သိမ်းခဲ့ကြပါတယ်။
ထိုင်း – ဂျပန် ခရီးသွားလုပ်ငန်းရဲ့ ဥက္ကဋ္ဌဖြစ်သူ Anake Srishevachart က “ထိုင်းနိုင်ငံကိုလာ ရောက်လည်ပတ်မယ့် ဂျပန်ခရီးသွား ၈၀ ရာခိုင်နှုန်းလောက်က ခရီးစဉ်တွေကိုဖျက်သိမ်းခဲ့ ကြတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံကိုအများဆုံးလာရောက်လည်ပတ်တဲ့ နိုင်ငံတကာခရီးသွားတွေထဲမှာ ဂျပန်နိုင်ငံက တတိယနေရာက ရှိနေပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ဂျပန်ခရီးသွားတွေကနေ ထိုင်းနိုင်ငံက ဝင်ငွေ ဘတ် ၈၉ ဒဿမ ၈ ဘီလီယံ ရရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက်လည် ပတ်တဲ့ ဂျပန်ခရီးသွားအရေအတွက်က ၁ ဒဿမ ၈ သန်းရှိခဲ့ပြီး တရုတ် ၊ မလေးရှား ပြီးရင်အ များဆုံး အရေအတွက်ပါပဲ။
ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်အချိန်မှထိန်းချုပ်နိုင်မလဲဆိုတာ တိတိကျကျတော့မသိရသေးပါဘူး။ ဒါကြောင့်လည်း နိုင်ငံတကာခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်နစ်နာနေရတာမျိုး ရှိနေပါတယ်။
Ref:bangkokpost,chiangraitimes
You may also like these stories:
ဆောင်းရာသီရွက်ကြွေတွေကို အလှပဆုံးတွေ့မြင်နိုင်မယ့် နေရာများ
ဘုရားဖူးဧည့်သည်တွေ လာရောက်မှုနည်းပါးနေတဲ့ ပြင်ဦးလွင်မြို့က သိမ်အင်းဘုရား
သီပေါမြို့မှာရှိတဲ့ စော်ဘွားနဲ့ ဆွေတော်မျိုးတော် အုတ်ဂူများ