နိုင်ငံတကာ ခရီးသွားတွေအနေနဲ့ ခရီးသွားတဲ့အခါ လေကြောင်းခရီးစဉ်ကို အများဆုံး ရွေးချယ်လေ့ ရှိကြပါတယ်။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာ လေယာဉ်ကွင်း မရှိတာကို သိထားဖို့ လိုအပ်ပါတယ်။ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ လေယာဉ်ကွင်း လုံးဝ မရှိတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ဗာတီကန်စီးတီး
နိုင်ငံတကာ ခရီးသွား အများအပြား လာရောက်လေ့ရှိတဲ့ ဗာတီကန်စီးတီးဟာ ကမ္ဘာ့ အသေးငယ်ဆုံးနိုင်ငံ တနိုင်ငံပါ။ အီတလီနိုင်ငံ ရောမမြို့အတွင်းမှာ တံတိုင်းကာပြီးရှိနေတဲ့ ဗာတီကန်စီးတီးရဲ့ အကျယ်အဝန်းက ၄၄ ဟက်တာ (၁၀၉ ဧက) လောက်သာ ရှိပြီး လူဦးရေ ၈၀၀ လောက်သာ ရှိပါတယ်။
အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ပြီး ကိုယ်ပိုင်စစ်တပ် ရှိသလို တယ်လီဖုန်းကုမ္ပဏီ၊ ရုပ်မြင်သံကြားဌာန၊ ငွေကြေးနဲ့ တံဆိပ်ခေါင်းလုပ်ငန်းတွေ ရှိပါတယ်။ ရုံးသုံးဘာသာစကားကတော့ အီတလီဘာသာစကားဖြစ်ပြီး နေ့အခါ နိုင်ငံမြို့တံခါးဖွင့်ထားပြီး ညအခါ မှာတော့ နိုင်ငံနယ်နိမိတ် တံခါးကို ပိတ်ထားလေ့ ရှိပါတယ်။
နိုင်ငံတကာ ခရီးသွားအများအပြား လာရောက်လေ့ ရှိပေမယ့် ဗာတီကန်စီးတီးရဲ့ အားနည်းချက်ကတော့ လေယာဉ်ကွင်း မရှိတာပါပဲ။ ဒါကြောင့်လည်း ဗာတီကန်စီးတီးကို လာရောက်လိုတဲ့ ခရီးသွားတွေအနေနဲ့ ရောမမြို့အထိ လေယာဉ်နဲ့ လာရောက်ရပြီး ရောမကနေတဆင့် ကားပြန်စီးရပါတယ်။
ရောမမြို့မှာရှိတဲ့ လီယိုနာဒိုဒါဗင်ချီ လေဆိပ်နဲ့ ဗာတီကန်စီးတီးရဲ့ အကွာအဝေးဟာ ၃၀ ကီလိုမီတာ (၁၈ မိုင်)သာ ရှိပါတယ်။
(၂) ဆန်မာရီနိုနိုင်ငံ
ဆန်မာရီနိုနိုင်ငံကလည်း ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံစာရင်းမှာ ပါဝင်ပြီး အီတလီနိုင်ငံ ရီမီနီမြို့နဲ့ မနီးမဝေးမှာ တည်ရှိပါတယ်။ အကျယ်အဝန်းအားဖြင်း စတုရန်းမိုင် ၃၈ မိုင်မျှသာ ရှိပါတယ်။ နိုင်ငံ အကျယ်အဝန်းအနေနဲ့ သေးငယ်ပေမယ့် ဆန်မာရီနိုနိုင်ငံဟာ ဥရောပတိုက်မှာတော့ ရှေးအကျဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး ၄ ရာစုလောက်မှာ တည်ထောင်ခဲ့ပါတယ်။
နိုင်ငံအကျယ်အဝန်းအားဖြင့် သေးငယ်တဲ့အတွက် လေယာဉ်ကွင်းလည်း မရှိတဲ့အပြင် လမ်းငယ်လေးတွေက အလွန်ကျဉ်းမြောင်းတဲ့အတွက် ယာဉ်ရထားတွေတောင် သွားလာဖို့ အဆင်မပြေပါဘူး။ လူဦးရေအားဖြင့်လည်း ၄၀၀၀ လောက်သာ ရှိပါတယ်။
ဆန်မာရီနိုမြို့ကို လေယာဉ်နဲ့ လာရောက်လို့ မရတဲ့အတွက် အီတလီနိုင်ငံမှာရှိတဲ့ Federico Fellini အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရင်လာရောက်ပြီး နာရီဝက်နီးပါး ကားစီးလာမှ ဆန်မာရီနိုရဲ့ မြို့တော်ဖြစ်တဲ့ ဆန်မာရီနိုကို ရောက်ပါတယ်။
(၃) အန်ဒိုရာနိုင်ငံ
လေယာဉ်ကွင်း မရှိတဲ့ နိုင်ငံစာရင်းထဲမှာ အန်ဒိုရာနိုင်ငံလည်း ပါဝင်ပါတယ်။ ဥရောပတိုက်မှာ လှပတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ စပိန်နဲ့ ပြင်သစ်နိုင်ငံတို့ ဖြစ်ပါတယ်။ ကမ္ဘာ့အသေးငယ်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၁၆ နေရာက ရှိနေပြီး လှပတဲ့ တောင်တန်းတွေ၊ ရှုခင်းတွေကို ပိုင်ဆိုင်ထားပေမယ့် လေယာဉ်ကွင်းတော့ မရှိပါဘူး။ အကျယ်အဝန်းအားဖြင့်လည်း စတုရန်းမိုင် ၁၈၁ မိုင်သာရှိပါတယ်။
အန်ဒိုရာကို နှစ်စဉ် လာရောက် လည်ပတ်လေ့ရှိတဲ့ ခရီးသွားအရေအတွက် ၁၀ သန်းကျော်ရှိပါတယ်။ အန်ဒိုရာကို လာရောက်သူတွေအနေနဲ့ စပိန်နဲ့ ပြင်သစ်က လေဆိပ်တွေကို အရင်လာရပါတယ်။ ပြီးမှ တဆင့် ကားပြန်စီးရပါတယ်။ အန်ဒိုရာနိုင်ငံအနီးမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ လေဆိပ် ၅ ခုအထိ ရှိနေတဲ့အတွက် အန်ဒိုရာနိုင်ငံကို ရောက်အောင် ၃ နာရီနီးပါး ကားပြန်စီးရုံပါပဲ။
(၄) မိုနာကိုနိုင်ငံ
မိုနာကိုနိုင်ငံရဲ့တရားဝင်အမည်ကတော့ မိုနာကိုပဒေသရာဇ် နိုင်ငံတော်ဖြစ်ပြီး ပြင်သစ်နိုင်ငံအရှေ့ တောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းမှာ တည်ရှိနေပါတယ်။ နိုင်ငံနယ်နိမိတ်အများစုက ပြင် သစ်နိုင်ငံနဲ့ ထိစပ်နေပါတယ်။ အကျယ်အဝန်းအနေနဲ့ စတုရန်းမိုင် ၀ ဒဿမ ၇၉ သာရှိတဲ့အတွက် လူနေသိပ်သည်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
နိုင်ငံအရွယ်အစားအနေနဲ့ သေးငယ်ပေမယ့် တဦးချင်း ဝင်ငွေမြင့်မားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး လူတယောက်ရဲ့ ပျမ်းမျှသက်တမ်းက ၉၀ နှစ် ရှိပါတယ်။ အလုပ်လက်မဲ့ ရာခိုင်နှုန်းလည်း အနည်းဆုံးနိုင်ငံပါပဲ။ မိုနာကိုနိုင်ငံဟာ ဗာတီကန်စီးတီးပြီးရင် ကမ္ဘာ့ဒုတိယမြောက် အသေးငယ်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
လေယာဉ်ကွင်း မရှိတဲ့အတွက် မိုနာကိုနိုင်ငံကို လာရောက် လည်ပတ်လိုသူတွေအနေနဲ့ ပြင်သစ်လေဆိပ်ဖြစ်တဲ့ Cote d’Azur လေဆိပ်ကို လာရောက်ပြီးမှ သင်္ဘော သို့မဟုတ် ကားစီးရပါတယ်။ လေဆိပ်ကနေ မိုနာကိုနိုင်ငံကို ရောက်ဖို့ နာရီဝက်သာ ကြာပါတယ်။
Ref: timesofindia
You may also like these stories:
ဗီယက်နမ် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းရန် စီစဉ်
အီဖယ်လ်မျှော်စင်ကို ခရီးသွားများ လည်ပတ်နိုင်တော့မည်
ဇွန် ၁၅ ကစပြီး ခရီးသွားများအား ဂျမေကာသို့ လာရောက်ခွင့်ပြုမည်