အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူခြင်းဟာ အထီးကျန်ခြင်းကို ပြေပျောက်စေပြီး စိတ်ဖိစီးမှုတွေကို လျော့ပါးစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
အခုနောက်ပိုင်းမှာဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူလာတဲ့ နှုန်းဟာ ပိုမိုများပြားလာတာကြောင့် သင့်အနေနဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူတော့မယ်ဆိုရင် ကြိုတင် စဉ်းစားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပထမဆုံးတချက်ကတော့ သင့်အနေနဲ့ ဘယ်လို အိမ်မွေးတိရစ္ဆာန်အမျိုးအစားမျိုးကို မွေးချင်တာလဲဆိုတာကို အရင်သိဖို့လိုပါတယ်။ အိမ်မွေးတိရစ္ဆာန် အမျိုးအစား ကွဲသွားတာနဲ့အမျှ စောင့်ရှောက်ထိန်းသိမ်းပုံ နည်းလမ်းတွေ မတူညီတဲ့အပြင် ကုန်ကျစရိတ် အနေနဲ့လည်း ကွာဟမှုတွေ ရှိတာကြောင့် ကိုယ်မွေးမြူချင်တဲ့ အိမ်မွေးတိရစ္ဆာန် အမျိုးအစားကို ကြိုတင်စဉ်းစားသင့်ပါတယ်။
(၂) နောက်ထပ် အရေးကြီးတဲ့တချက်ကတော့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးတော့မယ်ဆိုရင် မိသားစုဝင်တွေကိုလည်း တိုင်ပင်အသိပေးဖို့ လိုအပ်ပါသေးတယ်။ ဒါမှသာ သင်ခရီးသွားနေတဲ့ အခါမျိုးတွေနဲ့ အိမ်မှာ မရှိတဲ့အခါမျိုးတွေမှာ သင့်အစား စောင့်ရှောက်ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူတော့မယ်ဆိုရင် သူတို့တွေကို အချိန်ပေးဖို့ကလည်း အရေးကြီးပါတယ်။ အချိန်ပြည့် အချိန်ပေးတာမျိုး မဟုတ်ရင်တောင် အားလပ်တဲ့ အချိန်တွေမှာ ယုယုယယ နေပေးသင့်ပါတယ်။ သင်ဟာ အလုပ်များတတ်သူ တယောက်ဆိုရင်တော့ အချိန်ပေးနိုင်၊ မပေးနိုင်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးမြူတဲ့အခါ သူတို့ရဲ့ကျန်းမာရေးစရိတ်အပြင် အစာစရိတ်ကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်တာကြောင့် ကုန်ကျငွေကိုလည်း သတ်သတ်မှတ်မှတ် ထားပေးရမှာ ဖြစ်ပါတယ်။
(၅) ကြိုတင်စဉ်းစားရမယ့် နောက်ထပ်အချက် တခုကတော့ ကိုယ်မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ကြိုတင်သိထားဖို့ အချက်ပဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူလာကြတဲ့အကြောင်း
Ref ; thedailynet.com