သြစတြီယားနိုင်ငံက ရာသီဥတုပျက်စီးလာမှုနဲ့ သစ်တောပြုန်းတီးမှုကို လူတွေ စိတ်ဝင်စားလာစေဖို့ အတွက် ဘောလုံးကွင်းတကွင်းကို သစ်တောအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဒီလို ပြောင်းလဲဖို့ အတွက် ဆွစ်ဇာလန် အနုပညာရှင် Klaus Littmann က အပင်ပေါင်း ၃၀၀ ကျော်ကို စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
သြစတြီးယားနိုင်ငံ၊ Klagenfurt မြို့မှာ ရှိတဲ့ Wörthersee ဘောလုံးကွင်းကို အခုလို ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ Far Forest လို့ အမည်ပေးထားတဲ့ ဘောလုံးကွင်းသစ်တော ပရောဂျက်ကို ပြုလုပ်ဖို့ အတွက် နှစ်ပေါင်း ၃၀ လောက် အချိန်ယူခဲ့ရပြီး သစ်တောပြုန်းတီးလာမှုကို အဓိက ရည်ရွယ်ချက်ထားတာဖြစ်တယ်လို့ Klaus Littmann က ပြောပါတယ်။
သစ်တောတွေ တဖြည်းဖြည်း ပြုန်းတီးလာပြီးနောက် လူတွေဟာ သစ်တောတွေကို ပြတိုက်မှာ သွားရောက်ကြည့်ရှုရတာမျိုး မဖြစ်ရလေအောင် အခုကတည်းက တနိုင်တပိုင် အပင်တွေစိုက်ပျိုးဖို့နဲ့ မြေလွတ်မြေရိုင်းတွေမှာ အပင်တွေ စိုက်ပျိုးဖို့ တွန်းအားရရှိအောင် ပြုလုပ်တာဖြစ်ပါတယ်။
“ဒီပြပွဲကို လာရောက်ကြည့်ရှုသူတွေ အနေနဲ့ ကိုယ်ပိုင်စဉ်းစားချိန်တွေ ပုဂ္ဂိုလ်ရေးဆိုင်ရာ စိတ်ကူးတွေနဲ့ ပုံဖော်စေချင်တယ်။ နောက်ပိုင်းမှာ သစ်ပင်တွေကို အမှတ်တရ အဖြစ်လောက်ပဲ သွားကြည့်ရရင် ဘယ်လို ခံစားရမလဲဆိုတာကို တွေးကြည့်စေချင်တယ်”လို့ Klaus Littmann က ပြောပါတယ်။
ဒီပြပွဲမှာ သစ်တောအုပ်ထဲ ဘယ်သက်ရှိ သတ္တဝါကိုမှ ထည့်သွင်းသွားဖို့ မရှိဘူးလို့ သိရပါတယ်။ ဒီပြတိုက်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှာ အထိ ဖွင့်လှစ်မှာဖြစ်ပြီး စိတ်ဝင်စားတဲ့ ဘယ်သူမဆို လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။
Ref. Dezeen.com