ဘယ်လိုလူပဲဖြစ်ဖြစ် ဆေးရုံတက်ရတာကို နှစ်သက်မယ် မထင်ပါဘူး။ အထူးသဖြင့် ကလေးငယ်တွေက ပိုပြီးဆိုးပါတယ်။ ကလေးတွေဟာ ဆော့ကစားချင်တဲ့သူတွေ ဖြစ်လို့ ဆေးရုံတက်ပြီး ဆေးကုသရတာဟာ သူတို့ အတွက် အိပ်မက်ဆိုး တခုလိုပါပဲ။
ဒါပေမဲ့ အဲဒီအိပ်မက်ဆိုးကို ပျော်စရာအဖြစ်ပြုလုပ်ပေးနေသူကတော့ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်က ကလေးဆေးရုံတခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ကလေးအထူးကုဆရာဝန် Dr. Robert Parry ပဲ ဖြစ်ပါတယ်။
Dr. Robert Parry ဟာ ကလေးတွေ ခံစားနေရတဲ့ ဝေဒနာတွေကို ခဏတဖြုတ်လောက်ဖြစ်ဖြစ် မေ့သွားအောင် ပြုလုပ်ပေးနေသူ ဖြစ်ပါတယ်။ သူဟာ ခွဲစိတ်ကုသမှုခံထားရတဲ့ ကလေးတွေရဲ့ အမာရွတ်တွေမှာ အရုပ်လေးတွေ ပြုလုပ်ပြီး ကပ်ပေးလေ့ရှိတယ်လို့ သိရပါတယ်။
ဆေးရုံက ဝန်ထမ်းအချင်းချင်းကတော့ Dr. Robert Parry ကို အရောင်စုံတဲ့ ခွဲစိတ်ဆရာဝန်ကြီးလို့ နာမည်ပြောင် ပေးထားပါတယ်။ အဲဒီလို နာမည်ပေးရတဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ရုံးခန်းအတွင်းမှာ အရောင်ခြယ်တဲ့ ဘောပင်တွေ အများကြီးရှိနေလို့ပဲ ဖြစ်ပါတယ်။
Dr. Robert Parry ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဆေးရုံမှာ ခွဲစိတ်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး ကလေးငယ်ပေါင်း ၁ သိန်းကျော်ကို ခွဲစိတ်ကုသမှု ပြုလုပ်ပေးခဲ့သူ ဖြစ်ပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးတိုင်း သူဟာ ကလေးတွေ ရဲ့ ခွဲစိတ်ဒဏ်ရာမှာ ကပ်ရတဲ့ ပလာစတာအပေါ်မှာ အရုပ်လေးတွေ ဆွဲပေးထားလေ့ ရှိပါတယ်။
ခွဲခန်းထဲက ထွက်လာပြီးနောက် သတိလည်လာတဲ့အခါ ကလေးတွေဟာ ခွဲစိတ်ထားတဲ့ နေရာကို ကြည့်ပြီး ဝမ်းနည်းနေမယ့်အစား အရုပ်လေးတွေကို ကြည့်ပြီး ပျော်ရွှင်စေချင်တာကြောင့် အခုလို ပုံတွေ ဆွဲပြီး ကပ်ပေးတာဖြစ်တယ်လို့ ဆရာဝန် Dr. Robert Parry က ပြောပါတယ်။
ခွဲစိတ်ခန်း မဝင်ခင်မှာ ဆရာဝန် Dr. Robert Parry ဟာ ကလေးတွေရဲ့ အကြိုက်တွေကို မေးလေ့ရှိပြီး အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဇာတ်ကောင်ကို သူကိုယ်တိုင် ပုံဆွဲပေးလေ့ရှိပါတယ်။ ခွဲစိတ်မှု ပြီးတဲ့နောက်မှာ ဆရာဝန်ဟာ ခွဲခန်းအတွင်းမှာပဲ အရုပ်လေးတွေကို ထိုင်ပြီး စိတ်ရှည်လက်ရှည် ဆွဲပြီး ကပ်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။
Ref. Brightside
You may also like these stories:
Bubble Tea ထဲက Boba အလုံး အူထဲပိတ်နေလို့ ဆေးရုံတက်ခဲ့ရတဲ့ ကောင်လေး
တနေ့တာကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ မနက်ခင်းမှာ လုပ်သင့်တဲ့အရာများ
ဂင်းနစ်စံချိန် ထပ်မံချိုးခဲ့တဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယနိုင်ငံသူ