ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ကူးစက်ခံလူနာ ၃၄၀,၀၀၀ ကျော် ရှိသွားတဲ့အချိန်မှာ စတင်ဖြစ်ပေါ် ခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် အီတလီနဲ့ အမေရိကန်နိုင်ငံဟာ လတ်တလောမှာ ကူးစက်မှုအများဆုံး ဖြစ်ပေါ်နေပါတယ်။
အီတလီနိုင်ငံကတော့ တရုတ်နိုင်ငံလောက် ကူးစက်မှု မများပေမယ့် သေဆုံးမှု အရေအတွက်မှာတော့ အများဆုံး ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံမှာ ကူးစက်မှုနှုန်း တိုးလာပြီး လက်ရှိအချိန်မှာ နိုင်ငံတဝှမ်း ကူးစက်ခံလူနာ ၃၅,၁၄၆ ရှိကာ သေဆုံးသူ ၄၆၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ပြည်နယ်တချို့မှာ ကူးစက်သူ များပြားလာတာကြောင့် အိမ်မှာပဲနေကြဖို့ အစိုးရ နှိုးဆော်ထားပါတယ်။ နယူးယောက်၊ အီလီနွိုက်နဲ့ ကယ်လီဖိုးနီးယားက ပြည်သူတွေကိုလည်း အိမ်မှာပဲနေကြဖို့ နှိုးဆော်ထားပါတယ်။
အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်တဲ့ COVID -19 ဟာ ကမ္ဘာပေါ်မှာတော့ မကူးစက်သေးတဲ့နေရာတွေကတော့ အာရှတိုက်မှာ မြန်မာ၊ လာအို နဲ့ မြောက်ကိုရီးယားပြီးရင် အန္တာတိကတိုက်ပဲ ကျန်ပါတော့တယ်။ အမေရိကန်နိုင်ငံမှာတော့ ပြည်နယ် ၅၀ ခုလုံး ကူးစက်ခံနေရပါတယ်။
ကမ္ဘာ့အနှံ့မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၄,၇၈၉ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူကတော့ ၉၇,၉၅၂ ဦး ရှိပြီလို့ စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။ အမေရိကန်နိုင်ငံရဲ့ လူဦးရေထူထပ်တဲ့ Los Angeles မှာလည်း အားကစားပြိုင်ပွဲတွေကို ရပ်နားထားခိုင်းပြီး တယောက်နဲ့တယောက် ၆ ပေအကွာကနေ သွားလာလှုပ်ရှားရမယ်လို့ သတ်မှတ်ထားပါတယ်။
အမေရိကန်သမ္မတ ထရန့်ကတော့ ကိုရိုနာဗိုင်းရပ်စ်ဒဏ် အပြင်းအထန် ခံစားနေရတဲ့ နယူးယောက်၊ ကယ်လီဖိုးနီးယားနဲ့ ဝါရှင်တန်က မြို့ကြီးတွေမှာ National Guard တပ်ဖွဲ့တွေ ဖြန့်ကြက်ထားပြီး အပြင်မထွက်အောင် တားဆီးထားပါတယ်။ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ဆေးဝါးအဆောက်အဦတွေ တည်ဆောက်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျနော် ဒီမြို့တွေက မြို့တော်ဝန်တွေနဲ့ စကားပြောပြီးပါပြီ။ ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လိုအပ်တာ မှန်သမျှ လုပ်ဆောင်သွားမယ့်အပြင် National Guard တပ်ဖွဲ့တွေအတွက်လည်း နိုင်ငံတော်က ၁၀၀ ရာခိုင်နှုန်း အကုန်ကျခံ ပေးသွားမှာပါ” လို့ သမ္မတ ထရန့်က ဆိုပါတယ်။
Ref: ABC News