နေပြည်တော်တွင် ယခုလအတွင်း ကျင်းပရန် စီစဉ်ထားသည့် ကျောက်မျက်ပြပွဲကို ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းမှ ညွှန်ကြားရေးမှူးအဆင့် တာဝန်ရှိသူ တဦးက ပြောသည်။
“ဝန်ကြီးက ရက်ရွှေ့တယ်ပဲ ပြောတယ်။ ဘာကြောင့် ဆိုတာတော့ မပြောဘူး” ဟု သူက ဆိုသည်။
၎င်းက ယခင် ဇူလိုင်လအတွင်း ရောင်းချခဲ့သော ကျောက်မျက်ဖိုးများ ပေးချေရန် ကျန်ရှိနေခြင်းကြောင့် ရက်ရွှေ့ဆိုင်းခြင်း ဖြစ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။
“ဇူလိုင်လက ရောင်းထားတဲ့ ငွေက တဝက်လောက်ပဲ ဝင်သေးတယ်။ ဒါကြောင့် ပွဲကို ရက်ရွှေ့တာ ဖြစ်နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။
ထို့အပြင် မြစ်ဆုံဆည်ကိစ္စကို မြန်မာဘက်မှ တဘက်သတ် ရပ်ဆိုင်းအပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ကျောက်စိမ်းများကို အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှ ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံရန် ပြင်ဆင်ခဲ့ခြင်းကြောင့်လည်း ရက်ရွှေ့ဆိုင်း ခြင်း ဖြစ်နိုင်သည်ဟု အဆိုပါ ညွှန်ကြားရေးမှူးက ဆိုသည်။
နေပြည်တော်တွင် ကျောက်မျက်ပြပွဲကျင်းပရန် နီးကပ်လာချိန်၌ ယခင်က ကျောက်မျက်ရတနာများ ထားရှိသည့်နေရာတွင် ပစ္စည်းများအား မတွေ့ရတော့ကြောင်းလည်း ဒေသခံတဦးက ပြောသည်။
တနှစ်လျှင် ၃ ကြိမ် ကျင်းပရန် စီစဉ်ထားသည့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို ယခုနှစ် မတ်လနှင့် ဇူလိုင်လတို့တွင် ကျင်းပခဲ့ရာ ဒေါ်လာ ၂. ၈ ဘီလီယံနှင့် ၁. ၅ ဘီလီယံဖိုး အသီးသီး ရောင်းချခဲ့ရသည်။
ယမန်နှစ် နိုဝင်ဘာလကလည်း ရွေးကောက်ပွဲကျင်းပရက်နှင့် နီးကပ်သည့်အတွက် ကျောက်မျက်ပြပွဲကို ဒီဇင်ဘာလသို့ ပြောင်းရွှေ့ခဲ့ဖူးသည်။