အစိုးရနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ နိုဝင်ဘာ၂၉ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း KIOက ပြောသည်။
တွေ့ဆုံမည့်သူများထဲတွင် အစိုးရဘက်က ဆက်သွယ်ရေး ဝန်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းတို့ ဖြစ်ကြောင်း၊ KIO ဘက်က ဦးဂွမ်ဖန် ဦးဆောင်သောကိုယ်စားလှယ် ၆ ဦးခန့် ရွေးချယ်ထားကြောင်း KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ပြော ပြသည်။
အစိုးရနှင့် KIO တွေ့ဆုံမည့် ကိစ္စနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း အပစ်အခတ်ရပ်စဲရေးကို အဓိက ဆွေးနွေးမည်ဟု ယူဆရကြောင်းလည်း ဦးလနန်က ဆိုသည်။
နိုဝင်ဘာ ၁၉ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်တချို့နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
နှစ်ဘက် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်နေချိန်မှာပင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်နေကြောင်းလည်း ဦးလနန်က ပြောသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ထိန်းချုပ်ဒေသများတွင် နေ့စဉ် ဖြစ်ပွားနေကြောင်း ၎င်းက ဆိုသည်။
တချို့သော KIA ထိန်းချုပ်ဒေသတချို့တွင်လည်း အစိုးရက တပ်အင်အား တိုးချဲ့ထားကြောင်း သိရသည်။
ဇွန်လ ၉ ရက်နေ့တွင် စတင်၍ ၆ လခန့် မြန်မာအစိုးရတပ်နှင့် KIAအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ထွက် ပြေးလာသည့် ဒုက္ခသည် ခန့်မှန်ခြေ သုံးသောင်းခန့် ရှိပြီး တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြရဆဲ ဖြစ်ကြောင်း ဦးလနန်က ပြောပြသည်။
တချို့ဒုက္ခသည်များသည် မြစ်ကြီးနား၊ ဝိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ၎င်းတို့ကို KIA အပါအဝင် ဒေသခံ ဘုရားကျောင်းနှင့်အဖွဲ့အစည်းတချို့ထံမှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ကူညီနေသော်လည်း လုံလောက်မှု မရှိကြောင်း ဦးလနန်က ပြောသည်။
“ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကလည်း ဒီသောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို အဝတ်အထည် အနွေးထည်တွေ သိပ်ပြီးတော့ မျှဝေပေးနိုင်မယ့် အခြေအနေမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။
KIO က နေရာထိုင်ခင်း အစားအသောက်နှင့်ကျန်းမာရေး အတွက် ဆေးဝါးများကို အဓိကထောက်ပံ့ပေးထားကြောင်း သိရသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO ၏ စစ်တပ် KIA သည် အစိုးရတပ်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄ တွင် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။