မနက်ဖြန် ဒီဇင်ဘာ ၃ ရက်နေ့ဆိုရင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ့ရုပ်ရှင် လောကသားတွေ တွေ့ဆုံကြတော့မှာပါ။
မကြာသေးခင်ကလည်းဂီတ အနုပညာရှင် ၅၀ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ သူ့ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ခြံဝန်းထဲမှာ တွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လှုံ့ဆော်တေးတွေ ဖန်တီး ကြဖို့ ဆိုပြီး တွေ့ဆုံ ပြောဆိုနေတဲ့ ဓာတ်ပုံတွေကို အင်တာနက် စာမျက်နှာတွေပေါ်မှာတွေ့ခဲ့မြင်ခဲ့ကြရပါတယ်။
တကယ်တော့ NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် သီချင်းတွေ ဖန်တီးမယ်၊ လူထုရဲ့ ချစ်ခင်မှုကို ရပြီးသား ရုပ်ရှင်သမားတွေကပါ ဇာတ်ကားတွေရိုက်၊ ပြဇာတ်တွေကပြပြီး မဲဆွယ်စည်းရုံးရေးမှာ ပါဝင်လာမယ် ဆိုရင်လည်း ဒါဟာ မြန်မာလူထု ပါးစပ်ဖျားမှာ ရေပန်းစားနေခဲ့တဲ့ “ပေါ်လစီ” သီချင်းတွေဆိုတာ၊ ပေါ်လစီ ရုပ်ရှင် ဇာတ်လမ်းတွေ ဖန်တီးကြတယ်လို့ ဆိုနိုင်တာပါပဲ။ NLD ရဲ့ ပေါ်လစီကို လူတွေသိအောင် ပြောကြမှာပဲ မဟုတ်လား။
အနုပညာရှင်တွေ အနေနဲ့ နအဖ ခေတ်မှာ ဖိအားပေးခံရလို့ပဲ ဖြစ်ဖြစ်၊ မက်လုံးပေးလို့ပဲ ဖြစ်ဖြစ် ပါဝင်သရုပ်ဆောင်ပေး လိုက်ရတာတွေ၊ ရိုက်ကူးပေးလိုက် ရတာတွေ၊ သီဆို ရေးဖွဲ့ပေးလိုက်ရတာတွေ ရှိခဲ့တာ အားလုံးအသိပါ။ ဘယ်လိုကြောင့်ပဲ ပါဝင်လိုက်ရပေမယ့် အစိုးရပေါ်လစီကို ထင်ဟပ် ဖော်ထုတ်ပေးလိုက်ရတဲ့ အနုပညာရှင်တွေကို ပရိသတ်က လက်မခံတာ၊ တချို့ဆို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခံရတာတွေ ရှိခဲ့ပါတယ်။ တဘက်သက် ဇာတ်လမ်းဆင်ထားတယ် ဆိုတဲ့ “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ပေါ်လစီ ဇာတ်ကားတခု မှာ ဝင်သရုပ်ဆောင်မိလို့ပြည်ပရောက် မြန်မာတွေရဲ့မကျေနပ်မှု၊ဆန္ဒပြမှုတွေနဲ့ကြုံခဲ့ရတဲ့အနုပညာသမားတွေလည်းရှိခဲ့ကြပါတယ်။
၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေးအတွက် လှုံ့ဆော်ရေးကာလတွေတုန်းကပရိသတ်တွေ အကြားရေးပန်းစားခဲ့တဲ့တေးသီချင်း တပုဒ်ကိုလည်း မှတ်မိကြဦးမှာပါ။အဲဒါကတော့ “မင်း၁၈နှစ်ပြည့်ပြီလား” ဆိုတဲ့သီချင်းပါ။ဒီသီချင်းကိုရေးစပ် သီဆိုပြီး ရုပ်မြင်သံကြားမှာ ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့အဆိုတော်ကိုင်ဇာလည်းဒီသီချင်းစာသားတွေကြောင့် ပရိသတ်ကြားမှာ တော်တော်လေးပြောဆိုဝေဖန် ခံခဲ့ရပါတယ်။ အခြေခံဥပဒေကြီးကို သူကိုယ်တိုင် တကယ့်ကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံချင်ခဲ့လို့လား၊ တစုံတခုသော အကြောင်းကြောင့် သီဆို သရုပ်ဆောင် ပေးခဲ့ရတာလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။
ဘာပဲဖြစ်ဖြစ် ပရိသတ်ရဲ့ပါးစပ်ဖျားမှာပေါ်လစီ သီချင်းတပုဒ်ကိုရေပန်းစား ပေါက်ရောက်အောင် ရေးစပ်သီဆိုနိုင်ဖို့ဆိုတာ ကတော့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ကောင်းတဲ့ဘက်ကပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ဘက်ကပဲ ဖြစ်ဖြစ် “ပေါက်တယ်” ဆိုတဲ့ စကား တခွန်းကတော့ ရလိုက်တာပါပဲ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အနုပညာရှင်တွေနဲ့ တွေ့ဆုံတယ် ဆိုတဲ့သတင်းကို အများစုက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေမယ့် တချို့ကတော့ NLD ရွှေရောင်ခေတ် အစပျိုးလာလို့ အနုပညာရှင်တွေက သူတို့အခွင့်အရေးအတွက် သွား ပူးပေါင်းကြတာလို့ ဝေဖန် ပြစ်တင်ကြတာတွေ ကြားရပါတယ်။ တချို့ကလည်း အနုပညာရှင်တွေကို ၅၀ ရာခိုင်နှုန်းပဲ အမှတ်ပေးဦးမယ်၊ စောင့်ကြည့်ဦးမယ်လို့ ပြောနေကြပါတယ်။
အရင် နအဖ အစိုးရ လက်ထက်မှာဆိုပေါ်လစီ ဇာတ်ကား၊ ပေါ်လစီသီချင်း ဆိုလိုက်တာနဲ့ ရုပ်မြင်သံကြားကို ထပိတ်သူပိတ်၊ ဗီဒီယိုပြောင်းကြည့်လိုကြည့်၊ အင်တာနက်ပေါ်ကနေ မိုးမွှန်အောင် ဆဲလိုဆဲ လုပ်ခဲ့ကြတဲ့ မြန်မာပရိသတ်တွေ အနေနဲ့ အခု NLD ရဲ့ ပေါ်လစီကို ထင်ဟပ်မယ့် အနုပညာ သမားတွေကိုကော ဘယ်လိုတုံ့ပြန်ကြမလဲ၊ အနုပညာရှင်တွေ ဘက်ကကော ဘယ်လို ပေါက်အောင် လုပ်ပြမှာလဲဆိုတာတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။
အငြိမ့်တခေတ် ပြန်ဆန်းသစ် တော့မှာလား
ခေတ်တခေတ်ရဲ့ အခြေအနေကို ပရိသတ်တွေ ကြားအထိ ရောက်ဆုံးနဲ့အမြန်ဆုံး ထိရောက်နိုင်တဲ့ အနုပညာတွေ ထဲမှာ မြန်မာ့ဇာတ်သဘင်ရဲ့အငြိမ့်ပြက်လုံးတွေလည်း ပါဝင်တယ် လို့ပြောရမှာပါ။
ရှေးယခင် ဘုရင်မင်းတွေ လက်ထက်ကတည်းကတိုင်းပြည်မှာ လိုအပ်နေတဲ့အခြေအနေ ၊ဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်တွေကိုဇာတ်သဘင်၊ အမြင့်သဘင် စတဲ့ အနုပညာတွေနဲ့ သူဖုန်းစားကနေ ရှင်ဘုရင်အထိ အသိပေး တင်ဆက်ခဲ့ကြတာပါ။ ဒါကြောင့် “ဇာတ်သမား ပြန်ရင်မှတ်သားစရာ ကျန်ခဲ့တယ်” လို့ရှေးဆိုရိုးစကားလည်းရှိခဲ့ပါတယ်။
အဲဒီလိုတိုင်းပြည်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကိုဇာတ်စင်ပေါ်ကနေတဆင့်အပြုသဘောနဲ့ပွင့်ပွင့် လင်းလင်း ပြောဆိုဝေဖန်တာ တွေကြောင့်ပြည်သူ့ ဘက်တော်သားတွေ ဖြစ်လာခဲ့ကြတဲ့အနုပညာရှင်တွေလည်းအများအပြား ရှိခဲ့ပါတယ်။
ဒီဘက်ခေတ်ကို ရောက်လာ ပြန်တော့လည်း အထူးသဖြင့် အငြိမ့်သဘင်က လူရွှင်တော်ပြက်လုံးတွေဟာ ခေတ်က ိုထင်ဟပ်စေတဲ့ အကောင်းဆုံး လက်နက်တခု ဖြစ်လာခဲ့ပြန်ပါတယ်။ ပြည်သူတွေရဲ့ရင်ထဲက ပြောချင်နေတဲ့ စကားတွေ၊မွန်းကြပ်နေတဲ့ လူနေမှု ဘဝတွေ စတဲ့ ပြည်သူတွေ အကြား နေ့စဉ်နဲ့ အမျှတွေ့ ကြုံခံစားနေ ကြရတဲ့အဖြစ်အပျက်တွေကို သိသင့်သိထိုက် သူတွေ သိရှိ နားလည် လာအောင် တဆင့်ပြောဆိုပေးနိုင်တဲ့ အငြိမ့် လူရွှင်တော်တွေလည်း ပေါ်ပေါက် ခဲ့ပါတယ်။ လက်ညှိုးထိုးပြစရာ မလိုလောက်အောင် ပရိသတ်အားပေးတဲ့ ပြည်သူ့လူရွှင်တော် ကတော့ ကိုဇာဂနာလို့ ဆိုရင် ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။
မျှော်စင်ကျွန်း အငြိမ့်နဲ့ နာမည်ကြီးခဲ့ပြီး ပြည်ပမှာဖျော်ဖြေတင်ဆက်ကြတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်၊ ခေတ်ကိုထင်ဟပ် ပြသနိုင်လို့ ပရိသတ်အများနှစ်ခြိုက်အားပေးခဲ့တဲ့ နှင်းဆီအငြိမ့်တွေ ဟာလည်းပြည်သူတွေ အကြားရေပန်းစား အောင်မြင် လာခဲ့ပါတယ်။
အခုလက်ရှိ အချိန်မှာတော့အငြိမ့်တွေ ဖန်တီးရတာပိုလွတ်လပ်မှုရှိ လာလို့ဖန်တီးဖြစ်နေတာပါ ဆိုတဲ့နှင်းဆီအငြိမ့်များရဲ့ဖန်တီးရှင်ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ကတော့ သူ့ရဲ့ နှင်းဆီအငြိမ့်တွေကို အဆုံးသတ်လိုက်ပြီး တဖန် ပြေတီဦးဖောင်ဒေးရှင်းဖျော်ဖြေပွဲမှာ လူရွှင်တော်အသစ်၊ မင်းသမီးအသစ်တွေနဲ့ မုဒိတာလွင်ပြင် ဆိုတဲ့အငြိမ့်ခွင်ကိုပရိသတ်တွေနဲ့မိတ်ဆက်ပေးဦးမယ်လို့ သိရပါတယ်။
အဲဒီအငြိမ့်မှာခေတ် နဲ့ လျော်ညီစေမယ့်ပြက်လုံးတွေနဲ့ အတူ ထူးထူးခြားခြား ပုံစံသစ်တွေနဲ့ တင်ဆက်သွားမယ်လို့လည်း ပေါ်ပြူလာဂျာနယ်မှာ ဒါရိုက်တာ မောင်မျိုးမင်းက ပြောကြားထားပါတယ်။
တချိန်တည်းမှာပဲ မနေ့က မြန်မာပြည်ကို ပြန်သွားတဲ့ သီးလေးသီး ဆေးရောင်စုံ အဖွဲ့သားတချို့နဲ့ ရန်ကုန်ကို ရောက်နှင့် နေခဲ့တဲ့ အဖွဲ့သားတွေ ပြန်လည်ပူးပေါင်းပြီး မြန်မာပြည်တွင်းမှာ အငြိမ့်ပွဲတွေ ခြိမ့်ခြိမ့်သည်းသည်း ကကြဦးမယ်လို့ သိရပါတယ်။ ပြက်လုံးတွေနဲ့ အငြိမ့်ခွင်ကို ကြီးကြပ် စီစဉ်မယ့်သူကတော့ အားလုံးသိကြတဲ့ လူရွှင်တော် ကိုဇာဂနာပဲပေါ့။
၁၉၈၈ မတိုင်ခင်က ကိုဇာဂနာ ထူထောင်ခဲ့တဲ့ မြပုဏ္ဏမာ အငြိမ့်ကို ဝါရင့်လူရွှင်တော်ကြီးတွေနဲ့ ပြန်ကကြဦးမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတော့ မြန်မာပရိသတ် အတွက် လွတ်လပ်တဲ့ အငြိမ့်ခေတ်တခေတ်ကို ပြန်ရောက်လာ တော့မလားလို့ စိတ်ဝင်စားမိပါတယ်။ အငြိမ့်ကို မြန်မာပရိသတ် နှစ်ခြိုက်အားပေးရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ရဲ့ လူမှုဒုက္ခတွေကို မေ့ထားပြီး ရယ်ချင်လို့၊ ကိုယ်ပြောချင်တာကို ကိုယ့်အစား လူရွှင်တော်က ပြောပြလိုက်တဲ့အတွက် မကျေနပ် ချက်တွေကို ဖောက်ထုတ်ချင်လို့ပါ။
တကယ်လို့သာ အငြိမ့်ခေတ်တခေတ် ပြန်ဆန်းသစ်မယ် ဆိုရင်တော့ အပြုံးအပျော်တွေနဲ့ နှစ်အတန်ကြာ ဝေးကွာခဲ့ရတဲ့ မြန်မာပြည်သူလူထု အတွက် သတင်းကောင်းပဲလို့ ပြောချင်ပါတယ်။