ဧပြီလ ၁ ရက်နေ့ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၏ အခြေခံ ချမှတ်ထားသော နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်း သတ်မှတ်ချက်များကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ယနေ့ညနေ တွေ့ဆုံအပြီး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောကြားခြင်း ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ နိုင်ငံတကာ အခြေခံလူ့အခွင့်အရေး အချက်အလက် တွေကို လေးစား လိုက်နာဖို့ လိုပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်ရှိရမယ်။ အဲဒါကို မနေ့က ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူတွေနဲ့တွေ့တော့ ဆွေးနွေးခဲ့ပါတယ်။ ဒီအချက်တွေကို ဘယ်လောက်လိုက်နာ လေးစားပြီး
ရွေးကောက်ပွဲ ကျင်းပသလဲဆိုတာ ကျနော် နီးနီးကပ်ကပ် စောင့်ကြည့်ရပါလိမ့်မယ်” ဟု မစ္စတာ ကင်တားနာက ဆိုသည်။
မစ္စတာကင်တာနားက မြန်မာအစိုးရအနေနှင့် ၎င်းကို လက်ခံခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ ယနေ့တွင် အင်းစိန် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော အကျဉ်းသား ၃ ဦးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ယခုခရီးစဉ်သည် မတ်လတွင် ကုလသမဂ္ဂသို့ တင်သွင်းမည့် မြန်မာနိုင်ငံလူ့အခွင့် အရေးအစီရင်ခံစာအတွက် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း မန္တလေးခရီးစဉ် ရွှေ့ဆိုင်းရခြင်းမှာ NLD က မူလ ထုတ်ပြန်ထားသည့် အတိုင်းပင်ဖြစ်ပြီး သေသေချာချာ ပြန်လည် စီစဉ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောသည်။
ထို့အပြင် လွွှတ်တော်တွင် အရွေးချယ်ခံရပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) မှ အမတ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များနှင့် သဘောတူညီမှု ရရှိစေရန် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် အကျိုးမပြုသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ရေးသည် NLD ၏
ယုံကြည်ချက် မူဝါဒဖြစ်ကြောင်း ပြောဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရန်မလိုအပ်သေးဟု ကြံ့ဖွံ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး၏ ပြောဆိုချက်အပေါ်
ဒေါ်အောင်ဆန်းစုကြည်က “သဘောထားဆိုတာက အားလုံး တသဘောတည်း မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲတဲ့ သူတွေက ပြင်ချင်တဲ့ စိတ်နဲ့ ရေးဆွဲတာ မဟုတ်ဘူးလို့ဘဲ ထင်ရမှာပေါ့။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့။ပြည်သူတွေအတွက် အကျိုးမရှိတဲ့အပိုင်းတွေကို ပြင်သင့်တယ်ဆိုတာက ကျမတို့ ယုံကြည်ချက်အရ ပြောတာပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်ခရီးစဉ်နှင့် ၁၁ ရက်နေ့တွင် ကော့မှူး ခရီးစဉ်သို့ သွားရောက် မည် ဖြစ်ပြီး ပြည်နယ်နှင့်တိုင်း အားလုံးသို့ အနည်းဆုံး တခေါက်စီ ခရီးသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
သတင်းထောက်များအား ရှင်းပြသည်။