ဆေးမတိုးသည့် ငှက်ဖျားရောဂါတမျိုး ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် ပြန့်ပွားနေပြီး ထိရောက်စွာ အရေးယူ ဆောင်ရွက်ခြင်း မရှိပါက တခြားဒေသ များသို့လည်း ရောက်ရှိသွားနိုင်သည်ဟု သောကြာနေ့က ထုတ်ဝေသည့် ဗြိတိန်အခြေစိုက် The Lancet ဆေးပညာဂျာနယ်တွင် ရေးသားထားသည်။
လတ်တလော တိုက်ကျွေးနေသော အာတီမီစီနေ ဆေးဝါးများကို ယခု ဖြစ်ပွားနေသည့် ငှက်ဖျားရောဂါက ခံနိုင်ရည် ရှိနေသည်ဟု ဆယ်နှစ်ကြာ သုတေသန ပြုခဲ့သော ဆေးသိပ္ပံပညာရှင်တို့က ဆိုသည်။ ဗြိတိန် နှင့် ထိုင်း သိပ္ပံပညာရှင်များက The Lancet ဆေးပညာဂျာနယ်တွင် ပါရှိသော သုတေသနလုပ်ငန်းအတွက် ထိုင်းမြန်မာနယ်စပ်ရှိ လူနာပေါင်း ၃,၂၀၂ ဦးကို စမ်းသပ်ခဲ့ကြသည်ဟု သိရသည်။
ဆေးသုံးစွဲမှု မမှန်ခြင်း၊ ဆေးဝါးအရည်အသွေးညံ့ဖျင်းခြင်း၊ ဆေးအတုများ စားမိခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း အောက်စဖို့ဒ်တက္ကသိုလ် အပူပိုင်းဇုံ ဆေးဝါးစင်တာနှင့် ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် အပူပိုင်းဇုံ ဆေးဝါးဌာနတို့ ပူးတွဲဆောင်ရွက်နေသည့် သုတေသနယူနစ်မှ ပါမောက္ခ နီကိုလတ်ဝှိုက်က ဆိုသည်။
ဆေးမတိုးသည့် ငှက်ဖျားရောဂါအား ၂၀၀၆ ခုနှစ်က ကမ္ဘောဒီးယားနိုင်ငံတွင် စတင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၂၀၀၇ မှ ၂၀၁၀ အတွင်း ကမ္ဘောဒီးယားအနောက်ပိုင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှု ၄၂ % မှာ ငှက်ဖျားရောဂါ အတွက် အထိရောက်ဆုံးဟု ထင်ရှားသည့် အာတီမီဆီနင်ဆေးဝါးအား ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ကြသည်။
ယခု ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ရှိသည့် ငှက်ဖျားပိုးနှင့် ကမ္ဘောဒီးယားအနောက်ပိုင်း ငှက်ဖျားရောဂါ မည်သို့မည်ပုံ ပတ်သက်ဆက်နွယ်လာခဲ့သည်ကို မသိသေးကြောင်း၊ နောက်နှစ်တွင် ထုတ်ပြောနိုင်မည်ထင်ကြောင်း နီကိုလတ်ဝှိုက်က ပြောဆိုသည်။