လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွှေ့ဆိုင်းလိုက်သည့် ကချင်ပြည်နယ်မှ ကြားဖြတ်ရွေးကောက်ပွဲကို ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)နှင့် အစိုးရကြား အပစ်ရပ်ပြီး ငြိမ်းချမ်းရေးရမှသာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဒု ညွန်ကြားရေးမှူး ဦးခင်မောင်ချို က ပြောသည်။

“အခုထက်ထိ သောင်းကျန်းသူနဲ့တပ်မတော်တို့ တိုက်ပွဲမပြီးသေးဘူးလေ၊ ကျနော်တို့အနေနဲ့ကတော့ တိုက်ပွဲတွေပြီး၊ အပစ်ရပ်ပြီး ငြိမ်းချမ်း ရေး တွေရမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
နယ်မြေငြိမ်းချမ်းရေးရှိမရှိကို ပြည်ထဲရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ် နှင့် နိုင်ငံတော်သမ္မတ တို့က ဆုံးဖြတ်မည်ဖြစ်ပြီး ကော်မရှင်နှင့် မဆိုင်ကြောင်း ဦးခင်မောင်ချိုက ပြောသည်။
၂၀၁၂ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ ၉ ရက်အလို မတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာချက် ၁၆/၂၀၁၂ ဖြင့် ကချင်ပြည်နယ်သည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်မည့် လုံခြုံရေး အခြေအနေမရှိ ဟု ဆိုကာ ကြားဖြတ်ရွေးကောက်ပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်။
ကချင်ပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃ ခုဖြစ်သော မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော် မဲဆန္ဒနယ် တို့ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
လုံခြုံရေးအကြောင်းပြကာ ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်ခြင်းအပေါ် ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က တိုက်ပွဲများကြောင့် ရွေးကောက်ပွဲရွှေ့ဆိုင်းလောက်စရာ အခြေအနေမရှိဟု ပြောသည်။
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကလည်း ၎င်းတို့ဒေသများသည် ရွေးကောက်ပွဲကျင်းပနိုင်သည့် လုံခြုံရေးအခြေအနေ တွင် ရှိနေကြောင်း ပြောဆိုကြသည်။
“ကျမတို့မိုးကောင်းမှာ အချိန်မရွေးရွေးကောက်ပွဲလုပ်နိုင်တဲ့ အခြေအနေရှိပါတယ်၊ အားလုံးငြိမ်းချမ်းနေတာပဲ”ဟု မိုးကောင်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်က ပြောသည်။
လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသည့်နေရာများသည် ဗန်းမော်နှင့် မိုင် ၄၀ အကွာတွင်ရှိပြီး KIA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်သွားသည့် အချိန် မှ စတင်ကာ ဗန်းမော်သည် သေနတ်သံတချက်မကြားခဲ့ရကြောင်း ဗန်းမော်တွင်နေထိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကချင်ပြည် နယ် ရွေးကောက်ပွဲအောင်နိုင်ရေး မန်နေဂျာ ဦးဇော်သင်းက ပြောဆိုသည်။
၂၀၁၀ တွင် ကချင်ပြည်နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်းရေးပါတီ)မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သည့် မိုးကောင်း မဲဆန္ဒနယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဘုန်းဆွေ သည် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဒု ဝန်ကြီး၊ ဗန်းမော်မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလွန်းမောင် သည် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ဖားကန့် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမြင့် သည် ပြည်ထောင်စု သမဝါယမ ဝန်ကြီး များအဖြစ် ပြောင်းလဲတာဝန်ယူလိုက်သဖြင့် မဲဆန္ဒနယ်များ လစ်လပ်သွားခြင်းဖြစ်သည်။
၂၀၁၂ ကချင်ပြည်နယ်တွင်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၊ NLD ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် စုစုပေါင်း ၁၁ ဦး ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
လက်ရှိအချိန်အထိ ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန်အတွက် နိုင်ငံရေးပါတီများက တစုံတရာတင်ပြခြင်းမျိုးမရှိသေးကြောင်း ရွေး ကောက်ပွဲ ကော်မရှင်က ပြောသည်။