မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေးဆုကို လက်ခံရယူရန် မြန်မာနိုင်ငံမှ ဇွန်လ ၁၄ ရက်နေ့တွင် စတင်ထွက်ခွာ၍ နော်ဝေနိုင်ငံ သို့ သွားရောက်မည်ဖြစ်ကြောင်း သံတမန် အသိုင်းအဝိုင်း သတင်းများ က ဆိုသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၁၇ ရက်၌ကျင်းပမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က အော်စလိုမြို့ သို့ ဇွန်လ ၁၅ ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ယခုပြည်ပခရီးစဉ်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
“သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့လိုက်ပါလာတဲ့ NLD အဖွဲ့ဝင် တချို့နဲ့အတူ နော်ဝေ ပါလီမန်ကိုလည်း လေ့လာမယ်၊ မြန်မာနိုင်ငံ သားတွေနဲ့လည်း တွေ့မယ်၊ ၁၇ ရက်နေ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုချီးမြှင့်မယ့် အခမ်းအနားကျင်းပပြီး ဆုလက်ခံမယ့် မြို့တော် ခန်းမရှေ့မှာ နော်ဝေ ပြည်သူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားတခု ထပ်လုပ်မယ့် အစီအစဉ်လည်း ရှိပါတယ်”ဟု နော်ဝေ သံတမန် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားလှယ်များသည် နော်ဝေနိုင်ငံတွင် ၃ ရက် နေ ထိုင်ကာ နော်ဝေအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိပြီး ထိုမှတဆင့် အိုင်ယာလန်နှင့် ဗြိတိန် နိုင်ငံများသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်ဟုလည်း ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် ၎င်း၏ ၆၇ နှစ်မြောက်မွေးနေ့ကို ဗြိတိန်နိုင်ငံတွင် ဆွေမျိုးများနှင့် အတူ ကျင်းပသွားရန်ရှိကြောင်း၊ ၎င်း ပညာသင်ကြားခဲ့သည့် Oxford တက္ကသိုလ် သို့ သွားရောက်၍လည်း ဂုဏ်ပြုပွဲ တခု တက်ရန် ရှိကြောင်း သိရသည်။
ဗြိတိန်ရှိ ဆွေမျိုးများက ထိန်းသိမ်း တာဝန်ယူထားသော Prospect Burma ဟု ခေါ်သည့် ၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုမှ ရရှိငွေများနှင့် ထူထောင်ထားသော မြန်မာ လူငယ်များအတွက် ပညာရေးဖောင်ဒေးရှင်း ဘုတ် အဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးပြောဆိုရန် ရှိကြောင်း၊ နော်ဝေ ပါလီမန်တွင်လည်းကောင်း၊ ဗြီတိန် ပါလီမန်တွင်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောရန်ရှိကြောင်း အတည်မပြုနိုင်သော သတင်းများက ဆိုသည်။
ယခု ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်နှင့် ပတ်သက်၍ NLD က အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် အမည်မဖော်လိုသူ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူ တဦးက ခရီးစဉ်နှင့်ပတ်သက်၍ “နာမည်တော့ မထုတ်သေး ဘူး။ ဘယ်သူတွေ ပါမယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။ ကျိန်းသေတာတော့ အန်တီနဲ့ ဒေါက်တာ ငယ်ငယ် (ဒေါက် တာ ဒေါ်တင်မာအောင်) ၂ ယောက်ပါ။ ကျန်တာက မသိရသေးပါဘူး”ဟု ဆိုသည်။
မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီးဖြစ်သော်လည်း သူ၏ အနီးကပ် လုံခြုံရေး တာဝန်ယူထားသူတချို့မှာ နိုင်ငံကူးလက်မှတ် မရရှိသေးကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ သင်္ကြန်ကာလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန်း က ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်နိုင်ငံသို့ အလည်လာရောက်ရန် တရားဝင် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖိတ်ကြားမှုကို လက်ခံခဲ့သည်။
၁၉၉၁ ခုနှစ်က နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေနိုင်ငံ အခြေစိုက် နိုဘဲလ် ငြိမ်းချမ်းရေး အဖွဲ့က ကမ္ဘာ့ငြိမ်းချမ်းရေး ဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ရန်ကုန် တက္ကသိုလ်ကျောင်းသားများနှင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက နိုဘဲလ် ငြိမ်းချမ်း ရေး ဆုရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့်အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာ လူပေါင်း ရာချီပြီး ဖမ်းဆီးထိန်းသိမ်း၍ ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ကြရသည်။
အော်စလိုအခြေစိုက် သတင်းထောက်ကိုညို ပူးပေါင်း သတင်းပေးပို့သည်။
ဆက်စပ်သတင်း