ရန်ကုန် တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရွာပေါင်း ၄၀ ကျော်မှ လယ်မြေဧက ထောင်နှင့်ချီ ရေ နစ်မြုပ် ပျက်စီးနေပြီး အသစ် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ကြုံနေကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်မှစတင်ပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မိုးရေတက်ချိန်တွင် သုံးခွ ရေထိန်းတံခါးမှ အချိန်မီ ရေ နုတ် ပေးခြင်း မရှိ၍ လက်ပံ၊ ကံမြင့်၊ တောင်မို့ကန်ကွင်း စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၄၀ ကျော်ရှိ လယ်မြေများ ရေနစ်မြုပ်ရခြင်းဖြစ်ကြောင်းလည်း လယ်သမားများက ပြောပြသည်။
“မိုးနည်းနည်းရွာလိုက်တာနဲ့ ရေတံခါးအထက်မှာ ရေတွေကြီးပြီး အဲ့ဒီအထက်ဘက် တလျှောက်လုံး ရွာတွေရော၊ လယ်တွေရော ရေမြုပ်တယ်၊ ရေတံခါးကနေ အချိန်မီ ရေနုတ်ပေးဖို့၊ စစ်ဆေးပေးဖို့ စာတွေ အထပ်ထပ် တင်ပေမယ့် အရေးတယူ လုပ်ပေး တာ မရှိဘူး”ဟု သုံးခွမြို့နယ် လက်ပံကျေးရွာမှ လယ်သမား ဦးဝဏ္ဏထွန်းက ပြောသည်။
စိုက်ပျိုးထားသော စပါးပင်များမှာ သက်တမ်း ၁၅ ရက်ခန့်သာ ရှိသေးသည့်အတွက် ရေမြုပ်သည့်ဒဏ် မခံနိုင်ဘဲ သေဆုံးသွားရကြောင်း၊ အသစ်ပြန်လည်စိုက်ပျိုးရန်မှာလည်း မျိုးစပါးဈေးနှုန်း မြင့်တက်နေသောကြောင့် လယ်သမားများမှာ အခက်တွေ့နေ ရသည်ဟု ဆိုသည်။
ထို ရေထိန်းတံခါး စတင်အသုံးပြုချိန်မှစပြီး ရေတံခါး အထက်ဘက်ရှိ ကျေးရွာများ ရေမြုပ်ခြင်း၊ လယ်ယာမြေများ ရေမြုပ် ပျက် စီးခြင်း၊ ရေတံခါး အောက်ဘက်ရှိ လယ်မြေများ ဆားငန်ရေဝင်မှု လွန်ကဲခြင်းကြောင့် လယ်မြေပျက်စီးခြင်းများ စတင်ခဲ့ သည် ဟု လယ်သမားများက ပြောပြသည်။
“တနှစ်ကို အနည်းဆုံး ၃ ကြိမ်လောက်တော့ မြုပ်တယ်။ မြုပ်လို့ လယ်တွေပျက်တိုင်း ကျနော်တို့မှာ နှစ်ခါသုံးခါ ပြန်ပြန် စိုက်နေ ရတော့ ကုန်ကျစရိတ်က ပိုများလာတယ်။ အရင်ကတော့ ကျနော်တို့က အဖမ်းခံရမှာကြောက်လို့ ဘာမှ မတင်ပြရဲဘူး။ အခုတော့ ပွင့်လင်းလာပြီးဆိုလို့ တင်ပြ အကူညီတောင်းတာပါ”ဟု ဒေသခံ လယ်သမားတဦးကလည်း ပြောသည်။
မိုးရာသီ ရေများချိန်တွင် ရေထိန်းတံခါးမှ အချိန်မီ ရေနုတ်ပေးမှု မရှိခြင်း အပါအဝင် ရေထိန်းတံခါး ဝန်းကျင်တွင် နုန်းမြေများတင်ကာ ရေစီးရေလာ မကောင်းခြင်းများကလည်း လယ်ယာမြေများ ရေမြုပ်ရခြင်း အကြောင်းရင်းဖြစ်သည်ဟု ဒေသခံ လယ် သမားများ က ပြောသည်။
သုံးခွမြို့နယ်ရှိ သက်ဆိုင်ရာ ဌာနများသို့ ဧရာဝတီမှ ဆက်သွယ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ လိုအပ်သည်များကို ဆောင်ရွက်ပေးနေကြောင်း တာဝန်ရှိသူတဦး က ဖြေကြားသည်။
အဆိုပါ သုံးခွ ရေထိန်းတံခါးကို ပင်လယ်ရေငန် ဝင်ရောက်သည့်ဘေးမှ ကာကွယ်ရန်အတွက် ၂၀၀၅ ခုနှစ်တွင် စတင်ဆောက် လုပ် ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ဖွင့်လှစ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။