ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ လွှတ်တော် ရေးရာကော်မတီ တခုဖြစ်သည့်“တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေး ကော်မတီ” ၌ ဥက္ကဋ္ဌ အဖြစ် ပထမဆုံး တာဝန်ယူမည် ဖြစ်ကြောင်း ယနေ့ ပြည်သူ့ လွှတ်တော်တွင် ကြေညာသည်။
အဆိုပါ ပြည်ထောင်စုအဆင့် ကော်မတီတရပ်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အတွင်းရေး မှူး တာဝန်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ကော်မတီ၏ လုပ်ငန်းတာဝန်မှာ လွှတ်တော် ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ ဝန်ထမ်းများနှင့် မီဒီယာများ အကြား တရား ဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှု ရှိမရှိကို ထိန်းကျောင်းရန်ဖြစ်သည်ဟု ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော် စွာက ပြောဆိုကြောင်း ကော်မတီဝင် တဦးဖြစ်သူ NLDပါတီ ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
“အဓိကကတော့ တရားဥပဒေ စိုးမိုးရေးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို လုပ်မယ်၊ နောက်တခုက ဒီမဏ္ဍိုင်ကြီး လေးရပ်မှာ ဥပဒေနဲ့ အညီ လုပ်မလုပ် စစ်ဆေးမယ်၊ အားလုံး ဌာနပေါင်းစုံနဲ့ ဆက်သွယ်လုပ်ရမယ့် သဘောပါ”ဟု ၎င်းက ဆိုသည်။
ကော်မတီ၏ အသေးစိတ် ဆောင်ရွက်ရမည့်လူပ်ငန်းများကို မကြာမီ အဖွဲ့ဝင်များအကြား အစည်းအဝေးကျင်းပပြီး ကြေ ညာ မည်ဟုလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ပြည်တွင်းထုတ် ပြည်သူ့ခေတ် ဂျာနယ် အင်တာနက်စာမျက်နှာတွင်မူ ဥပဒေစိုးမိုးရေးဆိုသည်မှာ ထိန်းချုပ်ရန် မဟုတ်ကြောင်း၊ လူ့အဖွဲ့အစည်းကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်ဟု ဖော်ပြထားသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကလည်း တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆို သည်မှာ မိမိတို့ ပါတီ၏ မူလရည်ရွယ်ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးသည် လုပ်ကိုင်ရမည့် နိုင်ငံရေးတာဝန်ဖြစ် ကြောင်း ပြောသည်။
“ဒီကိစ္စကို နိုင်ငံခြားမှာလည်း ပြောတယ်၊ အပြင်မှာလည်း ပြောတယ်၊ လွှတ်တော်မှာလည်း ပြောတယ်၊ ဒီလောက်ပြောနေရဲ့သားနဲ့ အခုလို အခွင့်အရေးပေါ်လာတော့ မလုပ်လို့မရဘူး”ဟု ၎င်းက ဆိုသည်။
သို့သော် ယခုဖွဲ့စည်းသည့် အဖွဲ့အစည်းတွင် ပါတီပေါင်းစုံ၊ အယူအဆပေါင်းစုံ ပါဝင်သည့်အတွက် လုပ်ဆောင်မှုတွင် မည်မျှ အကျိုးသက်ရောက်မည် မသက်ရောက်မည်ကို မမှန်းဆနိုင်ကြောင်းလည်း ဦးဝင်းတင်က ပြောသည်။
NLD ပါတီသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ လစ်လပ်နေရာ ၄၄ နေရာ တွင် ၄၃ နေရာ အနိုင်ရခဲ့သည်။
စတုတ္ထအကြိမ် လွှတ်တော် အစည်းအဝေများကို ဇူလိုင်လ ၄ ရက်နေ့က စတင်ကျင်းပရာ ယခု ၂၁ ရက်ရှိပြီဖြစ်၍ လွှတ်တော် သည် ပိုမို အသက်ဝင်လာပြီဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းကလည်း ပြောဆိုကြောင်း သိရသည်။