ပဲခူးတိုင်း ပဲခူးမြို့ပေါ်ရပ်ကွက်များအပါအဝင် ညောင်လေးပင်၊ သနပ္ပင်၊ ကဝ နှင့် မဒေါက်မြို့နယ်များတွင် ရေကြီးရေလျှံဖြစ်၍ စပါးခင်းများနှင့် ကျေးရွာများ ရေမြုပ်နေကြောင်း ဒေသခံများက ပြောသည်။
ညောင်လေးပင်မြို့နယ်တွင် မိုးများ ဆက်တိုက် ရွာသွန်းနေသကဲ့သို့ မြို့၏ အထက်ပိုင်းရှိ ရွှေကျင်ဆည်နှင့် ရဲနွယ်ဆည်တို့မှ ရေလွှဲချသဖြင့် ယခုလဆန်းပိုင်းမှစ၍ ချောင်းကျိုး၊ တော်ပသီရွာနှင့် ထင်းကုန်းရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ လယ်များနှင့် ရွာထဲရှိ လူနေအိမ်တချို့ ရေမြုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
“အခုလယ်ကွင်းတွေအားလုံးက စပါးပင်တွေမမြင်ရတော့ဘူး။ ကျနော်တို့ တရွာတည်းမှာကို ဧက ၂၈၀၀ ကျော်မြုပ်တယ်၊ ဒီရွာ ၂၀ ကျော်ဆိုရင် အနည်းဆုံး ဧက ၁ သောင်း ကျော်လောက် ရှိတယ်၊ လောလောဆယ် ကျွဲတွေ၊ နွားတွေနဲ့ အိမ်မွေး တိရစ္ဆာန် တွေကိုတော့ ရေလွတ်တဲ့ တာဘောင်တွေပေါ်မှာ ဆွဲတင်ထားရတာပေါ့”ဟု တော်ပသီ ကျေးရွာသား ကိုအေးလွင် က ဧရာဝတီသို့ ပြော သည်။
မြေနိမ့်ပိုင်း ကျေးရွာများထဲရှိ လမ်းများပေါ်တွင်လည်း ရေများဖုံးလွှမ်းနေပြီး သွားရေးလာရေးအခက်တွေ့နေကြောင်း၊ ယနေ့အထိ မိုး အဆက်မပြတ်ရွာသွန်းနေသဖြင့် စပါးပင်များ ပျက်စီးဆုံးရှုံးမည်ကိုလည်း လယ်သမားများက စိုးရိမ်နေကြသည်ဟု ဆိုသည်။
“မျိုးစပါးတွေ ပုပ်ကုန်ရင်တော့ လောလောဆယ် စိုက်ပျိုးထားတဲ့ စရိတ်တွေက ဆုံးရှုံးကုန်ပြီလေ၊ ပထမ တရင်းက ဆုံးရှုံးပြီဆိုရင် တော့ ခေါင်းထောင်နိုင်တဲ့ အနေအထားမရှိတော့ဘူးလေ၊ ထပ်စိုက်မယ်ဆိုရင်တောင် ရာသီဥတု အခြေအနေက ဘာဖြစ်လာမယ် ဆိုတာ မှန်းလို့မှ မရတာ”ဟု ကိုအေးလွင် က ဆက်ပြောသည်။
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စစ်တောင်းမြစ်ရေလျှံကာ ညောင်လေးပင်မြို့နယ်အတွင်း မုက္ခမူကျေးရွာနှင့် မဒေါက်မြို့နယ် အတွင်းရှိ တောင်ကြီးကျေးရွာတို့တွင် နေအိမ် အများအပြားရေနစ်မြုပ်ခဲ့ပြီး ရေဘေးဒုက္ခသည်များကို မြို့ပေါ်ရှိ ပုဂ္ဂလိက အလှူရှင် များက ဆန်အိတ် ၁၅၀ လှူဒါန်းပေးသဖြင့် စက်လှေများဖြင့် နေအိမ်များအထိ ပို့ပေးနေကြောင်း ယနေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။
အလားတူ ပဲခူးတိုင်း အရှေ့ပိုင်း ကဝမြို့နယ်တွင်းရှိ အုန်းနှဲ၊ ထာဝ၊ နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ စသည့် ကျေးရွာများပိုင် လယ်မြေများလည်း ရေဖုံးလွှမ်းနေသည်မှာ တပတ်ကျော် နေပြီဖြစ်ကြောင်း ဒေသခံ လယ်သမားများက ပြောသည်။
ပဲခူးမြစ်ကမ်းနဖူးတွင်ရှိသော ကျားတက်နှင့် ကမာကလဲ ရွာများတွင် ဈေးဝယ်ခြင်း၊ ကူးသန်းသွားလာခြင်းများကို လှေအသုံးပြုသွားလာနေရသည်ဟု သိရသည်။
“ဘယ်နေရာကြည့်ကြည့် ရေပြင်ကြီးပဲဖြစ်နေတယ်၊ ရွာထဲတအိမ်နဲ့ တအိမ် သွားလာလို့တောင်မရဘူး၊ မနေ့က တာဘောင် ကျိုးမှာ စိုးလို့ ဘုန်းကြီးနဲ့ အတူလိုက်ပြီးသွားပြင်တဲ့အထဲက ဆယ်တန်းကျောင်းသား တယောက် ရေနစ်ပြီး သေသွားတယ်”ဟု ကျားတက် ကျေးရွာ လယ်သမားတဦးက ဧရာဝတီသို့ ပြောသည်။
ကျားတက်ကျေးရွာတွင်းရေများပြည့်လျှံနေသဖြင့် မူလတန်းကျောင်းကိုလည်း ရေကြီးနေချိန်ကာလအတွင်း ပိတ်ထားပြီး ကျောက် တန်း အထက်တန်းကျောင်းသို့ သွားတက်ရမည့် ကျောင်းသားများကလည်း လမ်းများပေါ်ရေကြီးမှုကြောင့် ကျောင်းသွားနိုင်ခြင်းမရှိကြောင်း ရွာခံများက ပြောသည်။
ပဲခူးမြို့ပေါ်ရှိ ကျောက်ကြီးစု၊ ရွာသစ်၊ အိုးလေးစု၊ ဇိုင်းဂနိုင်းမြောက်ပိုင်း၊ ကလျာဏီ၊ ကျွန်းသာယာ၊ ကြေးနီကန် စသည့် ရပ်ကွက်များ တွင်လည်း ရေကြီးနေပြီး သွားလာနေထိုင်ရေး အခက်ကြုံနေရကြောင်း မြို့ခံများက ပြောသည်။
အုန်းနှဲရွာခံတဦးကလည်း“အရင်က စက်လှေတို့ လှေတို့က ချောင်းထဲမှာပဲ မောင်းသွားနေကြတာ အခုက ရွာထဲမှာကို မောင်းလို့ရနေပြီ၊ ဒီရွာက တချို့တဲအိမ်တွေဆို မြုပ်ကုန်လို့ အိမ်ရှင်တွေ ခေါင်မိုးကနေ ဖောက်ထွက်ရတယ်၊ အာဏာပိုင် အဖွဲ့တွေကတော့ ကယ်ဆယ်ရေးစခန်း ၂ ခု လုပ်ပေးထားတယ်”ဟု ပြောသည်။
ပဲခူးတိုင်းအတွင်း၌ ယခင်နှစ်ကလည်း စပါးစိုက်ရာသီနှင့် ပဲစိုက်ရာသီများတွင် မိုးဖျက်သဖြင့် တောင်သူလယ်သမားများ အထိနာခဲ့ ရပြီး ယခုနှစ်တွင်လည်း ယင်းအခြေအနေဖြင့် ရင်ဆိုင်ရနိုင်ဖွယ်ဖြစ်နေသည်ဟု ဆိုသည်။
အလားတူ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်အပိုင် ဒါးကမြို့တွင် ရေထိန်းတမံ ကျိုးပေါက်ခဲ့သဖြင့် စိုက်ပျိုးပြီးစ လယ်ဧက ၄,၃၀၀ ခန့် ရေနစ်မြုပ်ကြောင်း သိရသည်။
ဒါးကမြို့ရှိ ပေ ၃,၇၀၀ ခန့်ရှည်လျားသော မြေသားတမံ အမျိုးအစား ရေထိန်းတာမှာ သြဂုတ်လ ၁ ရက်နေ့က ကျိုးပေါက်ခဲ့ပြီး ယနေ့တိုင် ယင်းတာတမံအား ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသည့်အတွက် တာအောက်ဘက်ရှိ လယ်စိုက်ခင်း အားလုံး ရေလွှမ်းခံရ သည်ဟု ဒါးကမြို့ခံတဦးက ပြောပြသည်။
“လယ်ကွင်းတွေက လုံးဝမြုပ်နေတုန်းပဲ။ စပါးပင်က ရေအောက်မှာ ၇ ရက်ပဲ အသက်ရှင်နိုင်တာ ဆိုတော့ လယ်ဧက ၄၀၀၀ ကျော်က ဆုံးရှုံးပျက်စီးမှာ လုံး၀ သေချာသွားပါပြီ”ဟု ၎င်းက ဆိုသည်။
ဒါးက မြစ်ရေတိုးမှုဒဏ်ကို မခံနိုင်ဘဲ သြဂုတ်လ ၁ ရက် နံနက် ၅ နာရီ ၃၀ ခန့်က တာအလယ်ပိုင်းမှ စတင်ကျိုးပေါက်ခဲ့ပြီးနောက် ရေတိုက်စားသဖြင့် မြေသားတာဘောင်မှာ ပေ ၁၇၀ ကျော် ပွင့်ထွက်သွားခဲ့ကြောင်း သိရသည်။
ဒါးကမြစ်ရေလျှံတက်မှုကြောင့် ယမန်နေ့ နံနက် ၆ နာရီ ပုသိမ်မြို့မှ ကြံခင်းမြို့သို့ မောင်းနှင်လာသော အမြန်ရထားကို ကျောင်း ကုန်း မြို့နယ် လှည်းဆိပ်ကျေးရွာ တံတားအနီး၌ ၄ နာရီခန့်အကြာ ရပ်တံ့ထားခဲ့ရကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်း စာတွင် ဖော်ပြထားသည်။
ယင်းတာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ယခုနှစ် မေလကမှ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ တည်ဆောက်ပြီး ၂ လ ကျော်အကြာတွင် ကျိုးပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“တာကျိုးတော့ ရေတွေ ဒလဟောဝင်ပြီး စပါးတွေအားလုံး မြုပ်သွားတယ်။ လယ်ကွင်းတွေက ရေပြင်ကြီး ဖြစ်သွားတယ်”ဟု ယင်း ဒေသ သို့ သွားရောက် သတင်းယူခဲ့သည့် ပြည်တွင်း သတင်းထောက် တဦးကလည်း ပြောပြသည်။
တာကျိုးပေါက်မှုကြောင့် လူ၊ တိရစ္ဆာန်များနှင့် အိုအိမ်တိုက်တာများ သေကြေ ပျက်စီးခြင်း မရှိကြောင်း သိရသည်။
ယင်းဒေသသည် ရေနက်ကွင်း ဧရိယာဖြစ်သဖြင့် ဒေသခံလယ်သမားများမှာ ရေကျနောက်စိုက်စပါးများကိုသာ မိုးနှောင်းကာလဖြစ် သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးလေ့ရှိကြသည်။
ယခုနှစ်တွင် နှစ်သီးစားစိုက်ပျိုးရန်ရည်ရွယ်ချက်ဖြင့် လယ်/ဆည်ဌာနက ရေထိန်းတာတည်ဆောက်ပေးခဲ့ရာ ပျဉ်းမငူ၊ ညောင်ချောင်း၊ စက်ကွင်း၊ ကညွတ်ကွင်း စသည့် ကျေးရွာအုပ်စု ၈ စုမှ လယ်သမားများက ယင်းတာအပေါ် ယုံကြည်စိတ်ချစွာဖြင့် တာအောက် ဘက်ပိုင်းတွင် လယ်ဧက ၆,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ပျက်စီးသွားသည့် လယ်ယာမြေများအား ပြန်လည်စိုက်ပျိုးရန် မလွယ်ကူကြောင်း ကညွတ်ကွင်း ကျေးရွာမှ လယ်သမားတဦးက ပြော ဆိုသည်။
“လယ်တွေ ပျက်စီးသွားတော့ ကျနော်တို့ လယ်သမားတွေရဲ့ ငွေတွေ၊ အချိန်တွေ၊ လုပ်အားတွေ ဆုံးရှုံးခဲ့တာပေါ့ဗျာ။ ပြန်စိုက်ဖို့ကျတော့ ငွေကြေး မတတ်နိုင်တော့ မျိုးစပါးတွေ ဝယ်ဖို့က ငွေမရှိဘူး။ ဒါကြောင့် ပြန်စိုက်ဖို့ မလွယ်ဘူး”ဟု သူက ပြောသည်။
ကျိုးပေါက်ခဲ့သည့် ရေထိန်းတာအား တိုင်း အစိုးရအဖွဲ့ဝင်များ၊ လယ်/ဆည် ဝန်ကြီးဌာနနှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်တို့ ဦးဆောင်ကာ သဲအိတ်ပေါင်း ၅၀,၀၀၀ ဖြင့် ပြန်လည် ပြုပြင်လျှက်ရှိကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်း ၁၂ နာရီခွဲ အချိန် တိုင်းတာချက်အရ သံလွင်မြစ်ရေသည်လည်း ကရင်ပြည်နယ် ဘားအံမြို့တွင် ၈၅၅ စင်တီ မီတာ သို့ ရောက်ရှိ နေပြီး စိုးရိမ်ရေမှတ်အထက် ၁၀၅ စင်တီမိတာ (၃ ဒသမ ၄ ပေခန့်) ကျော်လွန်နေကြောင်း၊ အဆိုပါမြစ်ရေ သည် နောက် သုံးရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမိတာအထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
သန့်စင်ငြိမ်းချမ်း ပူးပေါင်း ရေးသားသည်။