ပြည်ထောင်စု အစိုးရက ဧရာဝတီတိုင်းအတွင်းရှိ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် စပါးခင်းများ ပြန်စိုက်နိုင်ရန် မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ထံ ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့သို့ သမ္မတ ဦးသိန်းစိန် လာရောက်ပြီး မျိုးစပါး ၈၀၉၈၅ တင်း အတွက် ထောက်ပံ့ငွေ ၄၀၄၇.၉ သိန်းကျပ်ကို တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်ထံ ပေးအပ်ခဲ့သည်။
“ရေမြုပ်ပျက်စီးတဲ့ လယ်တွေ အချိန်အားဖြင့် မီတယ်ဆိုရင် ပြန်ပြီးတော့ စိုက်ရမှာပါ။ ပြန်စိုက်ဖို့ အတွက်လည်း မြို့နယ်တိုင်းမှာ မျိုးတွေက ရှိပြီးသားဖြစ်ပါတယ်။ ဒီမျိုးအတွက် တိုင်းဝန်ကြီးချုပ်က ခင်ဗျားတို့ကို အလကားပေးမှာ မဟုတ်ပါဘူး။ ဒီမျိုးဝယ်ဖို့အတွက် ကျနော်တို့ တွက်ချက်ပြီးတော့ တိုင်းကနေတင်ပြတဲ့ ငွေကြေးအပေါ်မှာ နိုင်ငံတော်က တတ်နိုင်တဲ့အပိုင်းကနေ ထောက်ပံ့ပေးခြင်း ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ကျောင်းကုန်းတွင်ပြုလုပ်သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။
ဧရာဝတီတိုင်း တခုလုံးတွင် မိုးဦးကျ စိုက်လယ်ဧက ၃၅ သိန်းကျော် ရှိသည့်အနက် ဧက ၂ သိန်း ၇ သောင်းကျော် ရေနစ်မြုပ်ခဲ့ပြီး လယ်ဧက ၇ သောင်း ၉ ထောင်ကျော် ရေမြုပ်ပျက်စီးခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က အခမ်းအနားတွင် သမ္မတအား တင်ပြခဲ့သည်။
တိုင်းဝန်ကြီးချုပ် တင်ပြသည့် အချက်အလက်များအရ ဧရာဝတီ တတိုင်းလုံးရှိ စုစုပေါင်း လယ်ဧက၏ ၂.၂၆ ရာခိုင်နှုန်း ရေမြုပ်ပျက်စီးခဲ့ခြင်းဖြစ်ပြီး တန်ဖိုးအားဖြင့် လယ်တဧက ၁ သိန်းနှုန်း တွက်ချက်ပါက ကျပ်သိန်းပေါင်း ၇ သောင်း ၉ ထောင်ကျော် ဆုံးရှုံးသွားခြင်း ဖြစ်သည်။
နိုင်ငံတော်ဝင်ငွေ၏ ၄၀ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍက နှစ်စဉ် ရှာဖွေပေးနေသောကြောင့် တိုင်းပြည်အတွက် အရေးအကြီးဆုံးကဏ္ဍဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က အခမ်းအနားတွင် ပြောဆိုခဲ့သည်။
“လယ်ယာကဏ္ဍ ထိခိုက်ပျက်စီး ဆုံးရှုံးတာနဲ့အမျှ ကျနော်တို့ တိုင်းပြည်ရဲ့ဝင်ငွေဟာလည်း ကျဆင်းသွားမှာ ဖြစ်ပါတယ်။ လယ်ယာကဏ္ဍ အထွက် တိုးလာတာနဲ့အမျှ တိုင်းပြည်ရဲ့ ဝင်ငွေဟာလည်း တိုးလာမှာ ဖြစ်ပါတယ်”ဟု သမ္မတက ပြောသည်။
ထို့ကြောင့် ပျက်စီးသွားသည့် လယ်များ ပြန်စိုက်နိုင်ရန် ငွေကြေးထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပြီး အချိန်မီ ပြန်လည်စိုက်ပျိုးကြရန် လယ်သမားများအား သမ္မတက တိုက်တွန်းခဲ့သည်။
“တောင်သူလယ်သမားတွေကို ကျနော် အကြံပေးချင်တာကတော့ လယ်/ဆည်ဝန်ကြီးကတော့ သိပ္ပံနည်းကျ ဘယ်လိုစိုက် ဘာညာနဲ့ ပြောပေမယ့် အမှန်တော့ စပါးပင်ဖြစ်ပြီးတော့ မြန်မြန် စပါးရဖို့က အရေးကြီးပါတယ်။ ကျနော်တို့ ငွေပေးခဲ့မယ်၊ မျိုးစပါး ခင်ဗျားတို့လက်ထဲကို ရောက်လာလို့ရှိရင် ဘယ်နည်းနဲ့ အကျိုးရှိအောင် စိုက်မလဲဆိုတာ ကိုယ့်အတွေ့အကြုံအပေါ် မူတည်ပြီးတော့ စိုက်သွားဖို့ လိုပါတယ်” ဟု သမ္မတက ပြောသည်။
ထို့ပြင် အစိုးရအဖွဲ့ကိုယ်စား သမ္မတက ရေဘေးသင့် ပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အသုံးပြုရန် ကျပ်သိန်း ၁၀၀ အား တိုင်းအစိုးရထံ ပေးအပ်ခဲ့သည်။
နောက်ရက်များတွင် ရေကြီးမှုဒဏ် ခံနေရသည့် ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့အား သွားရောက်၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်သွားမည်ဟု သမ္မတက ပြောသည်။
ယင်းအခမ်းအနားသို့ သမ္မတနှင့် အတူ လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့အပါအဝင် အစိုးရအဖွဲ့ဝန်ကြီး ၈ ဦး တက်ရောက်ခဲ့သည်။
ဧရာဝတီတိုင်းအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က မျိုးစပါး တင်း ၈ သောင်းကျော် ထောက်ပံ့ခဲ့သကဲ့သို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းကလည်း မျိုးစပါး တင်း ၃ သောင်းအား တိုင်းအစိုးရအဖွဲ့ထံ သြဂုတ်လ ၁၉ ရက်နေ့က ပေးအပ် လှူဒါန်းခဲ့သည်။
ဧရာဝတီတိုင်းတွင် နှစ်စဉ်ပုံမှန် ၁၂၆ ရက်ခန့် ရွာသွန်းပြီး မိုးရေချိန် ၉၀.၁၀ လက်မ ရွာသွန်းခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ သြဂုတ်လ ၂၃ ရက်နေ့အတွင်း မိုးရွာရက် ၇၂ ရက်တွင် မိုးရေချိန် ၇၈.၅၅ လက်မ ရွာခဲ့သည့် အတွက် ရေကြီးနစ်မြုပ်မှုများ ပေါ်ပေါက်ရခြင်း ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ်က အခမ်းအနားတွင် ပြောဆိုခဲ့သည်။