ထိုင်းနိုင်ငံတွင်းသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ မွတ်စလင်များ အလုံးအရင်းနှင့် ဝင်လာသော လူမှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြစ်ခြင်းခံရသူ ထိုင်းစစ်တပ် အရာ ရှိ ၂ ဦးကို ထိုင်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ထိုင်းစစ်တပ် အရာရှိ ၂ ဦးကို ရဲတပ်ဖွဲ့က အမှတ် (၄) ပြည်တွင်း လုံခြုံရေး ပူပေါင်းဆောင်ရွက်မှုတပ်ဖွဲ့ (Internal Security Operations Command) သို့ လွှဲပြောင်းထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ အမှတ် (၄) ဒေသ စစ်ခုံရုံးက ဒု ဗိုလ်နှင့် ဗိုလ်မှူး အဆင့်ရှိသူ ၂ ဦးတို့ကို ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသော်လည်း ၎င်းတို့၏ အမည်များကို မသိရှိရသေးပေ။
ယခုကဲ့သို့ စစ်အရာရှိများ တရားမဝင် လူမှောင်ခိုကူးမှုတွင် ပါဝင်ပတ်သက်နေသည် ဆိုသည့် သတင်းကြောင့် ထိုင်းကာကွယ်ရေးဝန်ကြီး အနေဖြင့်လည်း သတင်းဌာနများကို အစဉ်မပြတ် ဖြေကြားပေးနေရကြောင်း သိရသည်။
ထိုင်း ကာကွယ်ရေး ဝန်ကြီး ဆုခွန်ပေါ ဆုဝန်နတတ်က အဆိုပါ ထိုင်းစစ်သားများ အနေဖြင့် လူမှောင်ခိုကူးမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ကြောင်း ထင်ရှားခဲ့ပါက ပြင်းထန်စွာ အပြစ်ပေးအရေးယူမည် ဖြစ်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့် ၃ လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသဘက်မှ ခန့်မှန်းခြေ မွတ်စလင် ၄ ထောင်ကျော် တရားမဝင် ခိုးဝင်ရောက်ရှိလာခဲ့သည်ကို တွေ့ရှိရကြောင်း DSI ၏ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဗဟိုဌာန ညွှန်ကြားရေးမှူးကို ကိုးကား၍ ယမန်နေ့တွင် ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်။
ဖမ်းဆီးရမိသည့် အဆိုပါ မွတ်စလင်များက မြန်မာနိုင်ငံမှဟု ပြောဆိုသဖြင့် ထိုင်းအာဏာပိုင်များက ပြန်ပို့ခဲ့သော်လည်း ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့သာ ပြန်လည် ရောက်ရှိလာခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။
“တာဝန်ရှိသူတွေရဲ့ အကူအညီ လိုအပ်တယ်ဆိုတဲ့ သူတို့တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလို အလုပ်လုပ်ဖို့ ညှင်းပန်း နှိပ်စက်မှုလည်း မရှိခဲ့ဘူး။ သူတို့ တောင်းဆိုတာတွေကို အကူအညီ အထောက်အပံ့ ပေးဖို့အတွက်ကိုတောင် ဘာအထောက်အထားမှ ကျနော်တို့ မတွေ့ရဘူး။ ဒါကြောင့် အထူးကိစ္စ တခုအဖြစ်နဲ့တောင် ဒီလို အထိမခံတဲ့ အဲဒီ ရွှေ့ပြောင်းလာတဲ့သူတွေကို လက်မခံဘူး” ဟု ရဲဒုဗိုလ်မှူးကြီး ပိုင်ဆစ် ဆန်ခပေါင်က ပြောသည်။
ယခု ဖမ်းဆီးထိန်းသိမ်း ထားသည့် မွတ်စလင်များသည် အဓမ္မ လူမှောင်ခိုကူးခံရမှု၏ သားကောင်များအဖြစ်လည်း မတွေ့ရကြောင်းလည်း သူက ဆက်လက် ထောက်ပြထားသည်။
အဆိုပါ မွတ်စလင်များသည် ပွဲစားများအား လှေအစင်းအလိုက် သို့မဟုတ် ရာနှင့်ချီသော လူအစုအဖွဲ့အလိုက် ထိုင်းဘတ်ငွေ ၁ သိန်း၊ ၁ သိန်းခွဲ၊ ၂ သိန်း စသည်ဖြင့်ပေး၍ ထိုင်းနိုင်ငံတွင်း ဝင်ရောက်ကာ ထိုမှတဆင့် မလေးရှားနိုင်ငံသို့ ဆက်လက်သွားမည့် သူများရှိပြီး အာဏာပိုင်အဖွ့ဲများထဲမှ အကျင့်ပျက်ဝန်ထမ်းတချို့က ပါဝင် ပတ်သက်နေနိုင်ကြောင်း ထိုင်းထောက်လှမ်းရေး သတင်းရပ်ကွက် အဆိုအရ သိရသည်။
ထိုကဲ့သို့ လူပေါင်း ထောင်နှင့်ချီကာ နိုင်ငံတွင်း တရားမဝင် လူခိုးသွင်းသည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူများဟု သံသယ ဖြစ်ခံရသူများထဲတွင် အထက်ပါ ထိုင်းစစ်အရာရှိ ၂ ဦးအပြင် မြန်မာနိုင်ငံသား တဦး၊ တခြားသော ထိုင်းနိုင်ငံသား တချို့လည်း ပါဝင်နေကြောင်း ထိုင်းရဲတပ်ဖွဲ့အဆိုအရ သိရသည်။
လူ့အခွင့်အရေး လှုပ်ရှားသူများက ထိုင်းအစိုးရအား အဆိုပါ မွတ်စလင်များကို အထူး လူမှောင်ခိုကူးမှု အဖြစ် DSI က ကိုင်တွယ်သွားစေရန် တိုက်တွန်း ပြောဆိုမှုများရှိကြောင်း သိရသည်။
အဆိုပါ မွတ်စလင်များသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် တရားစွဲဆိုမှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ၎င်းကိစ္စတွင် ပါဝင် ပတ်သက်နေသူများလည်း အလားတူ ရင်ဆိုင်ရမည်ဖြစ်သည်ဟု ရဲဒုဗိုလ်မှူးကြီး ပိုင်ဆစ်က ဆိုသည်။
ဆုန်ခလ ရဲစခန်းကလည်း ထိုင်းနိုင်ငံတွင်းသို့ တခြားနိုင်ငံမှ မွတ်စလင် ၈၀၀ ထက်မနည်း ခေါ်ယူ ခိုးသွင်းလာသူများကို ဖမ်းဆီးနိုင်ရန်အတွက် ဖမ်းဝရမ်း ၁၃ စောင် ထုတ်ထားကြောင်း သိရသည်။
သတ်ဖြတ်ခံရမည်ကို ကြောက်ရွံ့၍ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထွက်ပြေးလာခြင်းဖြစ်သည်ဟု အဆိုပါ မွတ်စလင်များက ပြောကြောင်း သိရှိရသည်။
ဆုန်ခလခရိုင်တွင်း မွတ်စလင် ၈၀၀ ကျော်ကို တရားမဝင် လူခိုးသွင်းမှုဖြင့် ရဲက သံသယ၍ အလိုရှိသူ နောက်ထပ် ၃ ဦး အနက် ၁ ဦးဖြစ်သူသည် ရဲစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အမှတ် ၉ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ခံ ရဲဒုဗိုလ်ချုပ်ကြီး ဖီဆစ် ဖီဆုထိဆတ်ခ်က ခိုးဝင် မွတ်စလင်များကို ခိုလှုံရန် နေရာပေးခဲ့သူမှာ အသက် ၃၉ နှစ်ရှိ ဆာရော့ ကယောက်မန်နီချုပ် ဆိုသူ အမျိုးသားဖြစ်ကြောင်း ပြောသည်။
မြန်မာနိုင်ငံသား ဂျမန်နာဒင် ဆိုသူက တရားမဝင် ခိုးဝင်လာသူများကို အိမ်များတွင် နေထိုင်ခွင့်ပေးရန်နှင့် တကြိမ်လျှင် ထိုင်းဘတ်ငွေ ၅ ထောင် ပေးခဲ့ပြီး ချဉ်းကပ်ခြင်းဖြစ်ကြောင်း ဆာရော့ ကယောက်မန်နီချုပ်က ဝန်ခံပြောကြားခဲ့သည်ဟု ဆိုသည်။ ရဲတပ်ဖွဲ့က အဆိုပါ မြန်မာနိုင်ငံသားနှင့် နောက်ထပ် သံသယဖြစ်သူကို ဆက်လက်ခြေရာခံနေကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီး ဆုခွန်ပေါက ယခုကဲ့သိ့ု နိုင်ငံခြားသားများ ဝင်ရောက်လာမှုကို စိုးရိမ်ကြောင်း ပြောထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရဲတပ်ဖွဲ့က တရားမဝင် ခိုးဝင်လာသည့် မွတ်စလင်များကို ရှောင်တခင် ဝင်ရောက် စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေရာ ရာဂဏန်းစီ ရှိကြသည့် အဆိုပါ မွတ်စလင်များကို သီးခြားစီ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ထိုင်းနိုင်ငံတွင် ခိုလှုံနေသူများဖြစ်ကြောင်း သတင်းများက ဆိုသည်။
ယခုအခါ ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ မွတ်စလင်များ ထောင်နှင့် ချီ၍ ဖမ်းမိပြီးနောက်ပိုင်း ထိုင်းအစိုးရအနေဖြင့် သိမ်မွေ့စွာ ကိုင်တွယ်နေရကြောင်း၊ အမှန်တကယ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ထိုင်း၊ ထိုမှတဆင့် မလေးရှားသို့ လူမှောင်ခို လမ်းကြောင်းကြီးသည် ယခင်ကတည်းက ရှိနေခဲ့ပြီး ထိုင်းအစိုးရ အရာရှိများ ပါဝင်ပတ်သက်နေနိုင်ကြောင်း ထိုင်းထောက်လှမ်းရေးတဦးက ပြောသည်။
ယခင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်လက်ထက်တွင် ထိုကဲ့သို့သော ခိုးဝင် မွတ်စလင်များကို ထိုင်းရေတပ်က စက်လှေအား စက်ဖြုတ်ကာ ပင်လယ်တွင်းမျှောလိုက်သည့် သတင်းသည် ထိုစဉ်က ဝေဖန်ခံရဆုံး ဖြစ်ခဲ့သည်။ ယခုအခါ ထိုင်းအစိုးရအနေဖြင့် အဆိုပါ မွတ်ဆလင်များကို ယာယီ ဖမ်းဆီးထိမ်းသိမ်းထားပြီး ကောင်းမွန်စွာ ထားရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်က အဆိုပါ မွတ်ဆလင်များကို တတိယ နိုင်ငံများက လက်ခံရေး ကုလသမဂ္ဂ၊ ဒုက္ခသည်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ဆွေးနွေးသွားမည် ဟု မကြာသေးမီက ပြောဆိုခဲ့သည်။