အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာနှင့် ပုံစံတူ တည်ဆောက်ထားသော နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်၍ နိုင်ငံတဝန်းရှိ ပြည်သူများ လာရောက်ဖူးမျှော်နိုင်ပြီ ဖြစ်ကြောင်း နေပြည်တော်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။
အဆိုပါ ပုံစံတူ ဗုဒ္ဓဂယာကို နေပြည်တော်ကောင်စီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် စတင် တည်ဆောက်ခဲ့ပြီး အန္ဒိယနိုင်ငံသို့ သွားရောက်ဖူးမျှော်ရန် ခက်ခဲသော ဗုဒ္ဓဘာသာဝင်များအတွက် ရည်ရွယ်တည်ထားခြင်း ဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင်၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးဟောင်း ဦးကံချွန်က ပြောသည်။
“ဗုဒ္ဓဂယာကတော့ ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ အထွတ်အမြတ်ထားတဲ့ နေရာဆိုတော့ ကျနော်တို့ဆီက လူတွေအများစု အနေနဲ့ လူတိုင်း အိန္ဒိယကိုသွားပြီး ဖူးဖို့ဆိုတာ မသက်သာဘူးလေ။ ဒါကြောင့်အများစု လာရောက်ဖူးမျှော်နိုင်အောင် အဓိက ရည်ရွယ်ပြီး တည်ထားတာပါခင်ဗျ။ အခုလည်း ဒေသတွင်းက ဘုရားဖူးဧည့်သည့်တချို့ လာကြပါတယ်” ဟု ဦးကံချွန်က ဧရာဝတီသို့ ပြောသည်။
နေပြည်တော် ဗုဒ္ဓဂယာကို အန္ဒိယ ဗုဒ္ဓဂယာနည်းတူ စေတီများကိုလည်း ဉာဏ်တော်အတူ တည်ဆောက်ထားသကဲ့သို့ အခြား စေတီပုထိုးနှင့် အဆောက်အအုံများကိုလည်း ပုံစံတူ၊ အကွာအဝေးနှင့် အကျယ်အဝန်းတူ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။
မဟာဗောဓိ စေတီတော်ကြီးနှင့် သတ္တ သတ္တာဟ ခုနှစ်ဌာနဖြစ်သည့် မဟာဗောဓိပင် ရွှေပလ္လင်တော်၊ အနိမိသ စေတီတော်၊ ရတနာ စင်္ကြတော်၊ ရတနာဃရ ရွှေအိမ်၊ အဇပါလညောင်ပင်၊ မုဉ္စလိန္ဒာရေကန်နှင့် ရာဇာယတန လင်းလွန်းပင်တို့ကိုလည်း အန္ဒိယနိုင်ငံ ဗုဒ္ဓဂယာ အတိုင်းပင် တည်ထားကြောင်း ဦးကံချွန်က ပြောသည်။
ယင်းအရာများကို ပုံစံတူ တည်ထားသော်လည်း ကွဲလွဲမှု အနည်းငယ်ရှိကြောင်း၊ အိန္ဒိယရှိ ဗုဒ္ဓဂယာတွင် ဂေါတမ မြတ်စွာဘုရား ထိုင်တော်မူပုံကို မြောက်အရပ်သို့ မျက်နှာမူထားသော်လည်း နေပြည်တော် ဗုဒ္ဓဂယာတွင်မူ အရှေ့အရပ်သို့ မျက်နှာမူထားကြောင်း၊ ယင်းနေရာတွင် အိန္ဒိယ ဗုဒ္ဓဂယာ၌ မြောက်အရပ်တွင်သာ မုခ်ဦးတခုထားရှိသော်လည်း နေပြည်တော်တွင် အရှေ့ဘက်တွင်ပါ မုခ်ဦးတစ်ခု ထပ်တိုးထားကြောင်း သိရသည်။
“တခြား အကြောင်းတွေကြောင့်တော့ မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အယူအဆကတော့ ဘုရားဟာ အရှေ့ဘက် မျက်နှာမူတာပဲ ပိုအလေးထားတယ်လေ။ အဲဒါလေးတခုပဲ ပြင်ထားတာရှိတယ်လေ။ ကျန်တာတွေတော့ အတူတူပါပဲ။ အိန္ဒိယနဲ့ မြေအနေအထား ကွာတယ်ဆိုတာကလည်း ဒီမှာက တောင်တွေဝိုင်းထားတဲ့ ကုန်းပေါ်မှာ ဖြစ်နေတာပေါ့” ဟု ဦးကံချွန်က ပြောသည်။
အဆိုပါ စီမံကိန်းသည် အနည်းဆုံး ကျပ် သန်းပေါင်း ၄၀၀၀ ကျော်မှ အများဆုံး ကျပ်သန်း ၁ သောင်းအတွင်း ကုန်ကျနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ ယင်းကုန်ကျငွေကြေးနှင့် ရရှိငွေကိုမူ တာဝန်ရှိသူများက ဖြေကြားခြင်းမပြုပေ။
နေပြည်တော် ဗုဒ္ဓဂယာသည် ဥတ္တရသီရိမြို့ မြောက်ဘက်၊ ခွာညိုပန်းအဝိုင်းမှ ၅ မိုင် ၆ ဖာလုံ အကွာရှိ ဥဒယရံသီ ကုန်းပေါ်တွင် တည်ထားကြောင်း ယခုလ ၁၆ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
နေပြည်တော် ဗုဒ္ဓဂယာသည် ၁၆ ဧက ကျယ်ဝန်းကြောင်း၊ မျက်နှာချင်းဆိုင်တွင် တရားစခန်းတခုပါ တည်ဆောက်ထားပြီး ယင်းတရား စခန်းမှာ ၁၂ ဧက ကျယ်ဝန်းကြောင်း၊ အခမဲ့ တည်းခိုဆောင်များလည်း ပါဝင်ကြောင်း ယင်းစီမံကိန်းကို တည်ဆောက်နေသော ACE ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။
အဆိုပါ စိမံကိန်းကို အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းပိုင် ACE ကုမ္ပဏီနှင့် ရွှေတောင် ကုမ္ပဏီတို့က ပူးတွဲလုပ်ခွင့် ရရှိထားကြောင်း သိရသည်။
နေပြည်တော် ဗုဒ္ဓဂယာ စီမံကိန်း မတည်ဆောက်မီ တနှစ်အလို ၂၀၁၀ ခုနှစ်ထဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၅ ရက်ကြာ ခရီးစဉ်တွင် ဗုဒ္ဓဂယာသို့ သွားရောက် ဖူးမျှော်ခဲ့ကြသည်။
ယင်းခရီးစဉ်တွင် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၏ ဇနီးများနှင့် လက်ရှိ အစိုးရတွင်းဝန်ကြီးများ (ယခင် စစ်ဗိုလ်ချုပ်များ) များလည်း လိုက်ပါသွားကြသည်။
ယခု နေပြည်တော် ဗုဒ္ဓဂယာ တည်ဆောက်မှုသည် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် မသက်ဆိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့်သာ တည်ဆောက်ခြင်း ဖြစ်ကြောင်း ဦးကံချွန်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက်တွင် နေပြည်တော်ကို ဇဗ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိနှင့် ဒက္ခိဏသီရိ မြို့နယ်တို့ဖြင့် တည်ထောင်ခဲ့ပြီး ရွှေတိဂုံစေတီကို ပုံစံတူအဖြစ် ဥပ္ပါတသန္တိ စေတီတော်ကိုလည်း တည်ထား ကိုးကွယ်ခဲ့သည်။