သတင်း

နေပြည်တော်အဝေးပြေးလမ်းမှာ နာနာဘာဝတွေ ရှိနေသလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်နဲ့အတူ ပေါ်လာတဲ့ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးပေါ်မှာယာဉ်မတော်တဆမှုတွေနဲ့ ကြုံကြိုက်တဲ့အခါ ခါတိုင်းတော့ အိပ်ငိုက်တဲ့ယာဉ်မောင်းသူ၊ စနစ်မကျတဲ့ လမ်းမကြီး ဖောက်လုပ်ရေး ဆောင်ရွက်ခဲ့သူ တို့ကို မကြာခဏ အပြစ်ပုံကြပါတယ်။

အခုတော့ အပြစ်ဖို့စရာတခု ထပ်တိုးလာပါပြီ။ အဲဒါကတော့ မကောင်းဆိုးဝါးတွေ၊ နာနာဘာဝတွေ ဖြစ်ပါတယ်။

ရွှေလီဦး အဝေးပြေးကားအသင်း ယာဉ်မောင်းတဦးဖြစ်တဲ့ စိုင်းဘခိုင်ကတော့ အမြန်လမ်းမကြီးပေါ် ပုံမှန်ဖြတ်သန်းနေကြဖြစ်တဲ့ ကားသမားတချို့ဟာ ပရလောကသူ၊ ပရလောကသား တို့နဲ့ မတွေ့ချင်ဘဲ တွေ့ခဲ့ရတယ်လို့ ဧရာဝတီကို အခုလို ပြောပြပါတယ်။

“အသိ ကားသမားတချို့ကတော့ နာနာဘာဝတွေရဲ့ နှောင့်ယှက်တာကို ခံရတယ်လို့တော့
သိရတယ်၊ ကိုယ်တိုင်တော့ မကြုံဖူးသေးပါဘူး၊ အမြန်လမ်းပေါ်မောင်းရင်တော့
တော်တော်လေး ဂရုစိုက်ပြီးတော့ မောင်းနေရတယ်။ အန္တရာယ်ကင်းအောင်” လို့ စိုင်းဘခိုင်က ဆိုပါတယ်။

မတော်တဆဖြစ်တဲ့ယာဉ်အများစုကတော့ သတ်မှတ်တဲ့အရှိန်ထက် ပိုပြီးမောင်းနှင်ကြတယ်၊ ဒါကြောင့် သူကတော့ အန္တရာယ်ကင်းအောင် သတ်မှတ်နှုန်းနဲ့ပဲ မောင်းတယ်လို့ သူက ဆိုပါတယ်။

ရန်ကုန်မြို့မှာနေထိုင်တဲ့ မသဲစုတို့မိသားစု သင်္ကြန်ဝန်းကျင် ခရီးထွက်တဲ့ညက ရန်ကုန်- မန္တလေး အမြန်လမ်းမှာ ကြုံခဲ့ရတာကလည်း ထူးခြားနေပါတယ်။ သူပြောပြတာက ဒီလိုပါ။

“ ကျမတို့ရဲ့ ကားရှေ့မှာ ဆိုင်ကယ် နှစ်စီးက နီးလိုက် ဝေးလိုက်နဲ့ မောင်းနေတာတွေ့ရတယ်၊ ကားသမားကတော့ သူတို့ကို ကျော်လည်း မတက်ဘူး၊ ပုံမှန်အတိုင်းပဲ ဖြည်းဖြည်းမောင်းနေတာ။ ကျမ အမေကတော့ ဘုရားစာရွတ်နေတယ်၊
ဒါပေမဲ့ ကျမ အဲ့ဒါကို မတွေးမိဘူး၊ နောက်တော့ ဆိုင်ကယ်တွေက ၂မိုင်လောက် ပါလာပြီး ရုတ်တရက်ပျောက်သွားတော့မှ နာနာဘာဝတွေ နှောင့်ယှက်မှန်း သိရတာ”လို့ မသဲစုက ပြောတယ်။

အွန်လိုင်းလူမှုကွန်ရက်ဖြစ်တဲ့ Facebook မှာ အမြန်လမ်းမကြီးနဲ့ ပတ်သက်ပြီး သရဲခြောက်ခံရတယ် ဆိုတဲ့အကြောင်း အတည် အခန့် ရေးသားမှု၊ နောက်ပြောင်ရေးသားမှု၊ သရုပ်ဖော်ပုံတွေနဲ့ ရေးသားမှုတို့ကို တွေ့ရမှာပါ။

ဒီလမ်းကြီးဟာ ပရလောကသူ ပရလောကသားတို့ မြူးတူး ကခုန်တဲ့နေရာ တကယ်ပဲ ဖြစ်နေပုံရတယ်လို့ ယူဆသူတချို့ ရှိနေပါတယ်။ ဒါ့အပြင် နေပြည်တော်အမြန်လမ်းမကြီးကို ဖောက်တုန်းက ဂမ္ဘီရအစီအမံတွေ တလွှဲတချော်
သုံးခဲ့မိတာများ ရှိလေမလားလို့ အတွေးပွားသူတွေလည်း ရှိပါတယ်။

အာဏာပိုင်တို့ဘက်ကလည်း အမြန်လမ်းမပေါ်မှာ ထူးခြားဆန်းပြားဖြစ်ရပ်ဆန်းများ ရှိနေကြောင်း ယုံကြည်နေပုံရပါတယ်။

အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်ကတော့ ခရီးသွားပြည်သူတွေ အန္တရာယ်ကင်း ဖို့အတွက်ကို အဓိက ရည်ရွယ်ပြီးတော့ မိုင်တိုင် အပိုင်းခြားအလိုက် တာဝန်ယူပြီး ဆရာတော်ကြီး တွေကို ပင့်ဖိတ်ကာ ပရိတ်တရားတွေ လစဉ်၊ အပတ်စဉ် ပုံမှန်ရွတ်ဆိုမှုတွေ လုပ်တယ်လို့ ဧရာဝတီကိုပြောပါတယ်။

“ နိုင်ငံတော်က အဓိပတိဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီးတော့ ပုံမှန် ပရိတ်တရားတွေ ရွတ်ဖြစ်ပါတယ်၊ လမ်းပြုပြင်ထိန်းသိမ်းရေး စခန်းတွေရှိတဲ့ နေရာတွေအလိုက် တာဝန်ယူပြီး လတိုင်း လုပ်ကြတယ်၊ အန္တရယ်ကင်းအောင်ပေါ့” လို့ အင်ဂျင်နီယာမှူးကြီး ဦးမျိုးမြင့်က ပြောပါတယ်။

ဇူလိုင် ၂၈ရက်ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ခရီးသွား ပြည်သူတွေ ဘေးကင်းစေဖို့အတွက် အမြန်လမ်းမကြီး တလျှောက် ပရိတ် တရားတော်တွေ ရွွတ်ဖတ်ခဲ့တယ်လို့ ဖော်ပြထားပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းရှိန်ရဲ့ စီစဉ်မှုနဲ့ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အမြန်လမ်းမကြီး စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လကနေ ၂၀၁၃ ဧပြီလ အထိ လမ်းပေါ်မှာ ယာဉ်အစီးရေ စုစုပေါင်း ၁၁၀၀၀၀၀ ကျော် ဖြတ်သန်းသွားလာခဲ့ပြီး ယာဉ်မတော်တဆမှု ၄၃၂ မှု၊ သေဆုံးသူ ၂၁၆ ဦး၊ ထိခိုက်ဒဏ်ရာ ရသူ ၆၇၈ ဦး ရှိခဲ့ပါတယ်။ အဲဒီအထဲကမှ ယာဉ်မောင်း ပေါ့ဆမှုကြောင့် ၃၀၅ မှု၊ ယာဉ်ချွတ်ယွင်းမှု ၁၁၀ မှု၊ ခရီးသည် ပေါ့ဆမှု ၂ မှုနဲ့ တခြား အကြောင်းအရာ တွေကြောင့်က ၁၁ မှုဖြစ်တယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading