ရန်ကုန်မြို့ သိမ်ဖြူအားကစားကွင်း၌ နှစ်စဉ် ကျင်းပလေ့ရှိသော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ယခုနှစ်တွင် သုဝဏ္ဏ အားကစားကွင်းသို့ ပြောင်းရွှေ့ ကျင်းပသွားမည်ဟု သိရသည်။
ယခုနှစ် ကျင်းပမည့် ရခိုင်သင်္ကြန်ပွဲတော်သည် ၁၀ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၄ ခုနှစ်မှစ၍ ရန်ကုန်မြို့၌ ရခိုင်ပြည်နယ်တခုလုံး ကိုယ်စားပြု၍ အစဉ်လာအတိုင်း ကျင်းပခဲ့သည်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နံ့သာသွေးပွဲ၊ ဧပြီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ဘုရား ရေသပ္ပာယ် ပွဲတို့ကို ကျင်ပးမည်ဖြစ်ကာ သင်္ကြန်ပွဲတော်ဖွင့်ပွဲကို သုဝဏ္ဏ အားကစားကွင်း၌ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နံ့သာသွေးပွဲနှင့် ဘုရား ရေသပ္ပာယ်ပွဲကို ရွှေတိဂုံစေတီတော် ရင်ပြင်တော်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့များမှ ဧည့်သည်တော်များကိုလည်း ဖိတ်ကြားထားသည့်အတွက် လုံခြုံရေးအရ ဓမ္မာရုံသို့ ပြောင်းရွှေ့ ကျင်းပရခြင်းဖြစ်ကြောင်း ရခိုင်ရိုးရာ သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေး ကော်မတီ နာယက ဒေါ်စောခင်တင့်က ဧရာဝတီသို့ ပြောသည်။
“လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် လုံခြုံရေးအရ တခုခုဖြစ်ရင် အခမ်းအနားကို ထိခိုက်မှာ စိုးရိမ်တဲ့အတွက် နံ့သာသွေးပွဲနဲ့ ဘုရား ရေသပ္ပာယ်ပွဲကို ဓမ္မာရုံမှာပဲ ကျင်းပဖို့ စီစဉ်တာပါ။ တခြား အစီအစဉ်တွေတော့ နှစ်တိုင်းလိုပဲ ကွင်းထဲမှာ ရိုးရာ အစဉ်အလာမပျက် ကျင်းပသွားမှာပါ” ဟု ၎င်းက ဆိုသည်။
လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်၍ မိမိတို့ အစီအစဉ်ဖြင့်လည်း လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုဝဏ္ဏကွင်းကိုလည်း ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း ဒေါ်စောခင်တင့်က ပြောသည်။
သိမ်ဖြူ အားကစားကွင်းအား နိုင်ငံတကာအဆင့် အားကစားပွဲတော်များ ကျင်းပနိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းကြောင့် သုဝဏ္ဏကွင်းသို့ ပြောင်းရွှေ့ ကျင်းပရခြင်း ဖြစ်ကြောင်း၊ နေရာပြောင်းသွားသည့်တိုင် အစီအစဉ်များ အားလုံးကို အပြောင်းအလဲ မရှိဘဲ ကျင်းပသွားမည်ဖြစ်ပြီး လာမည့်နှစ်တွင်မူ သုဝဏ္ဏကွင်း၌ပင် အစအဆုံး ခမ်းနားစွာ ကျင်းပသွားမည်ဟု သိရသည်။
သို့သော် ပွဲတော်အတွင်း ရောင်းရမည့် ရခိုင်ရိုးရာ အစားအစာများ၊ မြန်မာ အစားအစာများနှင့် တခြား အစားအစာများ ရောင်းချမည့် ဆိုင်ခန်း အရေအတွက်သည် ယခင်နှစ်များတွင် ၅၀ ဝန်းကျင်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ဆိုင်ခန်း ၃၀ သာရှိမည်ဟု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့က ဆိုသည်။ ယခုနှစ် သင်္ကြန်ပွဲတော်အား ရန်ကုန်တိုင်း အစိုးရ၊ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနက ဦးဆောင် ကျင်းပမည် ဖြစ်သည်။
ရခိုင်သင်္ကြန်ဖွင့်ပွဲရက်နှင့် တခြားရက်များတွင် ရခိုင်အဆိုတော်များ၊ ရခိုင်အနုပညာရှင်များ၊ လေးဝတီအဖွဲ့၊ ရခိုင်ယဉ်ကျေးမှု အဖွဲ့များ စသည့် အနုပညာရှင်များကလည်း ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။ ရခိုင်သင်္ကြန်ပွဲတော်သို့ ပါဝင်ဆင်နွဲလိုကြသည့် သူများကို ဝင်ကြေးအဖြစ် တဦးလျှင် ၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း အခက်အခဲရှိသူများကိုမူ အခမဲ့ ပါဝင်ဆင်နွှဲနိုင်ရန် စီစဉ်ပေးထားသည်။
ရခိုင်သင်္ကြန်ပွဲတော်တွင် ရခိုင်ပြည်နယ်မှ မြို့နယ်အလိုက် ကိုယ်စားပြုသည့် ရေလောင်းမဏ္ဍာပ်များ ပါဝင်မည်ဖြစ်ကာ မဏ္ဍာပ်တိုင်း၌ ရခိုင်ရိုးရာအတိုင်း လောင်းလှေများတွင် ရေထည့်ပြီး ရေလောင်းပွဲ ကျင်းပမည်ဖြစ်သည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်အား ရခိုင်တပြည်လုံး၌ တပြိုင်တည်း ကျင်းပလေ့ရှိပြီး ရန်ကုန်မြို့၌ သိမ်ဖြူကွင်း၌လည်း ရခိုင် ပြည်နယ်တခုလုံး ကိုယ်စားပြုကျင်းပလေ့ ရှိသည်။ ရန်ကုန်မြို့တွင်းနှင့် အလှမ်းဝေးကွာသော လှှိုင်သာယာ၊ သံလျင်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စသည့် မြို့နယ်များတွင်လည်း ရခိုင်သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရိုးရာအစဉ်အလာအတိုင်း စည်ကားစွာ ကျင်းပလေ့ရှိသည်။
ထို့အတူ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင်လူမျိုးများကလည်း မိမိတို့နေထိုင်ရာ မြို့များ၌ ရခိုင်ရိုးရာ အတိုင်းကျင်းပလေ့ရှိပြီး၊ အမေရိကန်၊ ဥပေရောပ နိုင်ငံတချို့တွင်လည်း ၎င်းတို့နိုင်ငံ၏ ရာသီဥတု အပေါ်မူတည်၍ ကျင်းပလေ့ရှိကြသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်သည် ဓညဝတီပြည့်ရှင် ဘုရင် စန္ဒာသူရိယမင်းကြီးက မဟာမုနိ ဗုဒ္ဓရုပ်ရှင်တော်မြတ်အား အမွှေးနံ့သာရည် ပက်ဖျန်း၍ မျက်နှာတော် ဖွင့်ပေးခဲ့ရာမှ စတင်ကာ နှစ်စဉ် ကျင်းပလာခဲ့ကြောင်း ရခိုင်သမိုင်း မှတ်တမ်းများအရ သိရသည်။ ရခိုင်ရိုးရာ သင်္ကြန်သည် ဗုဒ္ဓဘုရားအား ပထမဦးစွာ အမွှေးနံ့သာရည်ဖြင့် ရေသပ္ပာယ်ပြီးမှသာ လူအချင်းချင်း ရေပက်ကစားရသည့် ဓလေ့ရှိသည်။