ရခိုင်ပြည်နယ်အတွင်း တည်ဆောက်နေတဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ဗဟိုအစိုးရရဲ့ ပွင့်လင်း မြင်သာမှု မရှိတာ၊ ရခိုင်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့် နည်းပါးတာတွေကြောင့် ကြုံတွေ့နေရတဲ့ နစ်နာဆုံးရှှုံးမှုတွေ အတွက် မကြာမီ ဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက် လုပ်သွားမယ်လို့ ဒေသခံတွေ က ပြောပါတယ်။
စီမံကိန်းတွေနဲ့ပတ်သက်ပြီး အစိုးရ အာဏာပိုင်တွေရဲ့ တာဝန်ယူမှု အားနည်းတာကြောင့် ကျောက်ဖြူ ဒေသက ရွှေသဘာ၀ ဓာတ် ငွေ့ ပိုက်လိုင်း စီမံကိန်း၊ တောင်ကုတ်မြို့နယ် နေပူတောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ရပိုင်ခွင့်တွေ၊ နစ်နာမှုတွေကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားဖို့ ပြင်ဆင်နေကြတာပါ။
ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းနဲ့ဆက်စပ် စီမံကိန်းတွေ တည်ဆောက်နေတဲ့ မဒေးကျွန်း ဒေသခံ တဦး က “စီမံကိန်းသာ ပြီးသွားတယ်၊ အဓမ္မသိမ်းထားတဲ့ လယ်ယာမြေတွေ တန်ရာတန်ကျေး လျော်ကြေးပေးဖို့၊ ပျက်စီးသွားတဲ့ ကျေးရွာလမ်းတွေ ပြန်ပြင်ပေးဖို့၊ ရွာတွေ မီးလင်းဖို့ လုပ်ပေးမယ်ဆိုပြီး ခဏခဏ ကတိပေးခဲ့ပေမယ့် ဒီနေ့အထိ ဘာမှလုပ်ပေးတာ မရှိသေးဘူး၊ အဲဒါကြောင့် ဒီ ရက်ပိုင်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြတယ်”လို့ ပြောဆိုပါတယ်။
ဆန္ဒထုတ်ဖော်မယ့် ကိစ္စကို ဒေသဆိုင်ရာ အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်တောင်းပေမယ့် ခွင့်မပြုတဲ့အတွက် ပြည်နယ်ဝန်ကြီး ချုပ် ဆီ စာတင်မှာဖြစ်ပြီးတော့ ပြည်နယ်အဆင့်က ထပ်မံ ပယ်ချခဲ့မယ်ဆိုရင်လည်းပဲ ဆန္ဒထုတ်ဖော်ကြဖို့ ဆုံးဖြတ်ထားတယ်လို့ မဒေး ကျွန်း ဒေသခံ က ပြောပါတယ်။
ကျောက်ဖြူမြို့က ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်း၊ စစ်တွေဒေသက ကုလားတန် စီမံကိန်း၊ တောင်ကုတ် မြို့နယ်အတွင်းက နေပူ တောင် ကျောက်ထုတ်လုပ်ရေး စီမံကိန်း၊ မောင်တော၊ ရသေ့တောင် ဒေသရှိ ပင်လယ်ကမ်းခြေ တလျှောက်မှာ တရုတ်နိုင်ငံက တူးဖော်ဖို့ စီစဉ်နေတဲ့ တိုက်တေနီယမ် သတ္တုတူးဖော်ရေး လုပ်ငန်းတွေဟာ ဒေသခံ ပြည်သူတွေ အတွက် အကျိုး မရှိတဲ့အပြင် နစ်နာဆုံးရှှုံးမှုတွေကိုပဲ ခံစားနေရတဲ့အတွက် ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေ ဖြစ်ပေါ်နေတာလို့ ဆိုတယ်။
နေပူတောင်က အလှဆင် ကျောက်ထုတ်လုပ်ရေး စီမံကိန်းကိုလည်း အစိုးရ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ဗီယက်နမ် နိုင်ငံက Simco Song Da Joint Stock Company တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်မယ့် ကိစ္စကို ရခိုင်ပြည်သူတွေက ကန့်ကွက်နေကြသလို ပြည်နယ် လွှတ်တော်မှာလည်း စီမံကိန်း ရပ်ဆိုင်းထားဖို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ အဆိုတင်သွင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
“ဗဟိုအဆင့်က လုပ်တဲ့ စီမံကိန်းဖြစ်တဲ့အတွက် ပြည်နယ်အဆင့်က ကန့်ကွက်ပိုင်ခွင့် မရှိဘူးဆိုပြီး ပြည်နယ် အစိုးရက ပယ်ချလိုက်တာပါ”လို့ အဆိုတင်သွင်းခဲ့သူ စစ်တွေမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောပါတယ်။
နေပူတောင် စီမံကိန်းနဲ့ ပတ်သက်ပြီး“ဒေသခံ ရခိုင်ပြည်သူများနှင့် မြန်မာနိုင်ငံသားများအား ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်း ထုတ်ပြန်မှုတွေ ဆောင်ရွက်ပြီးမှသာ စီမံကိန်း ဆက်လုပ်သင့်၊ မသင့် ဆုံးဖြတ် အကောင်အထည်ဖော်ရန်၊ သို့မဟုတ်ပါက လက်ပံတောင်း တောင် ကြေးနီစီမံကိန်းလို ကြီးမားတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ကြောင်း”အဆိုကို ဦးအောင်မြကျော် က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
နေပူတောင် စီမံကိန်း အောင်မြင်ခဲ့မယ်ဆိုရင် ဗီယက်နမ် ကုမ္ပဏီဟာ မာဘယ်လ်လို့ ခေါ်တဲ့ ရှားပါး အလှဆင်ကျောက်တွေကို နှစ် ပေါင်း ၂၀ အထိ ထုတ်ယူနိုင်မှာဖြစ်ပြီးတော့ မြန်မာအစိုးရလည်း အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး အကျိုးအမြတ် ရရှိမှာ ဖြစ် တယ် လို့ သိရပါတယ်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သတ္တုတွင်း ဝန်ကြီး ဦးအောင်သန်းတင်ကတော့“ဗီယက်နမ်က နှစ် ၂၀ ထုတ်ပြီးသွားရင် ဆက်လက် စာချုပ် ချုပ်နိုင်တယ်၊ ဒါမှမဟုတ် တခြားကုမ္ပဏီတွေနဲ့ ဆက်လုပ်မယ်၊ အမြတ်ကတော့ မြန်မာ အစိုးရက ၅၀ ရာခိုင်နှုန်း၊ ဗီယက် နမ် က ၅၀ ရာခိုင်နှုန်း ပေါ့၊ ဗီယက်နမ် ရတဲ့အမြတ်ထဲက ရာခိုင်နှုန်း တချို့ကို ဒေသဖွံ့ဖြိုးရေး လုပ်ပေးမယ်လို့ ပြောထားတယ်”လို့ ပြောဆိုပါတယ်။
တကယ်တော့ ရခိုင်ပြည်နယ်ထဲက စီမံကိန်းတွေ အပေါ်မှာ ပြည်နယ်အစိုးရ အနေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောဆို ပိုင်ခွင့် စတဲ့ အခွင့်အာဏာ ဘာတခုမှ မရှိပါဘူး။ ဗဟို အစိုးရရဲ့လမ်းညွှန်မှုတွေ အပေါ်မှာသာ လိုက်လံ စီမံပေးရတဲ့ အနေအထား မျိုးပါပဲလို့ ဆိုပါတယ်။
နေပူတောင် စီမံကိန်းနဲ့ပတ်သက်ပြီး တောင်ကုတ်မြို့ဒေသခံနဲ့ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဒေါက်တာစံလှှိုင်ကတော့“ဒီစံမံကိန်းကို ကန့်ကွက်စရာ မလိုပါဘူး၊ ပြည်သူတွေ အကျိုး၊ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာ ဆိုရင် အားပေးပါတယ်”လို့ ပြောပါတယ်။
အစိုးရရဲ့ စီမံကိန်းတွေနဲ့ပတ်သက်ပြီး ကန့်ကွက်တာ၊ ဆန့်ကျင်တာတွေကို မလုပ်ဆောင်ကြောင်း၊ လွှတ်တော်တွင်လည်း ဒေသ ခံ တွေအတွက် လမ်းတံတား ပြုပြင်တည်ဆောက်ပေးရေး၊ အခြေခံပညာကျောင်းတွေ ပြုပြင်ပေးရေး၊ တက္ကသိုလ်ကျောင်း ရရှိရေး စတဲ့ လိုအပ်ချက်တွေကိုသာ ၎င်းအနေနဲ့တင်ပြတောင်းဆိုတာတွေ လုပ်လေ့ရှိတယ်လို့ ပြောပြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား ၂ မှာလည်းပဲ ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေအတွက် ဥပဒေပြုရေးကိစ္စ တချို့ကလွဲရင် ဘာမှမယ်မယ်ရရ လုပ်ပိုင်ခွင့်ပေးထားတာ၊ သဘာဝသယံဇာတ ထုတ်လုပ်ခွင့်ပေးထားတာ မပါဘူး။ သတ္တု ရှာဖွေခွင့်၊ ခွဲစပ်ခွင့် တ ချို့ ပေးထားပေမယ့် တူးဖော် ထုတ်လုပ်ခွင့်တော့ မပါဘူး။ စည်ပင်အခွန် ကောက်ခွင့် အဆင့်လောက်သာ ပေးထားပါတယ်။
ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေဟာ သဘာ၀ သယံဇာတတွေပေါများပေမယ့် ဗဟိုချုပ်ကိုင်မှုတွေကြောင့် ဖွံ့ဖြိုးရေးနောက်ကျ ကျန်နေတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံထဲက တိုင်းရင်းသား ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ပတ်သက်သော ဖွဲ့စည်းပုံထဲက ဒီမိုကရေစီ မကျတဲ့ စာပုဒ်တချို့ကို ပြင်ဆင်ဖို့ ကြိုးပမ်းနေတယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပြောပါတယ်။
ရှမ်းတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခွန်ထွန်းဦးကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စာအုပ် မျက်နှာဖုံးက အစ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မီဒီယာတွေကို ပြောဆိုထားပါတယ်။ ရှမ်းပြည်နယ် အတွင်းက သတ္တုတွင်း လုပ်ငန်းတွေကိုလည်း ရှမ်းပြည်သူတွေ ခံစားခွင့်မရသလို ရှမ်းပြည်နယ် အစိုးရအနေနဲ့ လုပ်ပိုင်ခွင့် တခုမှမရှိဘူးလို့ သိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသက ရွှေသဘာ၀ ဓာတ်ငွေ့ စီမံကိန်းက ဓာတ်ငွေ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို လာမယ့် မေလဆန်းမှာ စတင်ပို့လွှတ်တော့မှာ ဖြစ်ပါတယ်။ အဲဒီ ဓာတ်ငွေ့ ပိုက်လိုင်းဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည် နယ် က တဆင့် ယူနန်ပြည်နယ်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဓာတ်ငွေ့တွေ စတင်ပို့တော့မှာ ဖြစ်ပေမယ့် ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်က ပြည်သူတွေကတော့ ဘာ အကျိုး ခံစားခွင့်မှ မရှိဘဲ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေတွေ ဆုံးရှှုံးမှု၊ ကျေးရွာတွေ ပြောင်းရွှေ့ခံရမှု၊ လမ်းတွေပျက်စီးမှု၊ သဘာ၀ ပတ်ဝန်း ကျင် ပျက်စီးမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု စတဲ့ ဆိုးကျိူးတွေကိုသာ ခံစားနေကြရပါတယ်။
ပြည်သူတွေ ခံစားနေရတဲ့ ဆိုးကျိုးတွေ၊ လိုအပ်ချက်တွေ၊ ဆန္ဒသဘောထားတွေကို အစိုးရ အာဏာပိုင်တွေရဲ့အလေးထား အသိ အမှတ် မပြုတာ၊ လက်တွေ့ အကောင်အထည် ဖော်ဆောင်မပေးနိုင်တာ စတာတွေ ရှိနေတာကြောင့် ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေဟာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ လေ့လာသူတွေက ပြောဆိုကြပါတယ်။