ပဒေသရာဇ် စနစ်ကို တော်လှန်ရန် ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် ယခင်စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲလိုက်ပြီးနောက် မြန်မာအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အမည်ဖြင့် အသွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောစီးစွာ လက်ခံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ (PNO) ထူထောင် ရွေးကောက်ပွဲဝင်ခဲ့သည်။ ပြည်သူ့စစ် အဖွဲ့အစည်းအဖြစ် ရပ်တည်နေသော PNA ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး PNA ၏ ကွပ်ကဲရေးမှူး ဦးခွန်လနှင့် ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်း ထားပါသည်။
မေး။ ။ ပြည်သူ့စစ် အဖွဲ့အစည်း ဖြစ်တဲ့ ပအိုဝ်း အမျိုးသား တပ်မတော် (PNA) ဘယ်လို ဖြစ်ပေါ်လာလဲ သိချင်ပါတယ်။ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ (PNO) နဲ့ ဘယ်လို ဆက်နွှယ် နေသလဲ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ အဖွဲ့က ၁၉၉၁ ခုနစ်မှာ နိုင်ငံတော် အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်အထိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ ကျနော်တို့က PNO အဖြစ် ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင်ပြီး ၂၀၁၀ ပြည့်နှစ် မေလ ၁၃ ရက်မှာ တရားဝင် နိုင်ငံရေး ပါတီ အဖြစ်ပြောင်းလဲ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ PNA ကလည်း ၂၀၀၉ အောက်တိုဘာ ၂၉ ရက်မှာ အထူးဒေသ ၆ အသွင်ပြောင်းပြီး ပြည်သူ့စစ်အဖြစ် တရားဝင် ဖွဲ့စည်း လိုက်ပါတယ်။ PNA ကတော့ ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံး လက်အောက်မှာ ရှိပါတယ်။ PNA က PNO ရဲ့ လက်အောက်မှာ ရှိပါတယ်။
မေး။ ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိနေတယ်ဆိုတော့ PNA ကို ဝန်ကြီးဌာန ဘက်က ဘယ်လို ထောက်ပံ့မှုတွေ ပေးနေပါသလဲ။ ပြည်သူ့စစ်အဖွဲ့ရဲ့ အသုံးစရိတ်ကိုရော ဘယ်လိုရှာနေပါသလဲ။
ဖြေ။ ။ ထောက်ပံ့ နေတာကတော့ နိုင်ငံတော်က တချို့ ထောက်ပံ့နေပါတယ်။ နောက် ကျနော်တို့လည်း စီးပွားရေး
ရှာတာပေါ့နော်။ ဟိုတယ်လုပ်ငန်းရှိတယ်၊ ခရီးသွား လုပ်ငန်း ရှိတယ်၊ ကျနော်တို့ ငြိမ်းချမ်းရေး ကာလတုန်းက
တည်ထောင် ထားတဲ့ လုပ်ငန်းကနေ ထောက်ပံ့ပါတယ်။ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုက ဆန်တွေ၊ ဆီတွေပေါ့။ ရိက္ခာလည်း ထောက်ပံ့ပါတယ်။ ကျနော်တို့ ပြည်သူ့စစ်တွေနဲ့ နယ်ခြားစောင့်တပ်နဲ့ မတူတာက နယ်ခြားစောင့်တပ်က လုံခြုံရေးနဲ့ ရိက္ခာက တပ်မတော်သား ကဲ့သို့ရတယ်။ ပြည်သူ့စစ် ကတော့ အဲဒီလိုမဟုတ်ဘူး။ ဆက်ဆံရေးက တိုက်ရိုက် ကျနော်ကို ဆက်ဆံတယ်။ ကျနော်တို့ ပြည်သူ့စစ်တွေက ကိုယ့်ဟာကိုယ် ရှာစားရပါတယ်။ ထောက်ပံ့မှုက ပြည်သူ့စစ် အဖွဲ့ဝင်တွေ ကိုပဲ ထောက်ပံ့ပါတယ်။ မိသားစုဝင်တွေကို မထောက်ပံ့ပါဘူး။ နောက်ပိုင်းတော့ မိသားစုဝင် တွေကို ထောက်ပ့ံ့ဖို့ အစီအစဉ် ရှိပါတယ်။ ပြည်သူ့စစ် အဖွဲ့ဝင်တွေအတွက် ကျနော်တို့ တပ်ကနေပြီးတော့ စိုက်ပျိုးရေး လုပ်ငန်းတွေ ဖန်တီးပေးထားတယ်။ စိုက်ပျိုးခြံ မရှိရင်လည်း ခြံတွေ ဖန်တီး ပေးထားပါတယ်။
မေး။ ။ PNA ပြည်သူ့စစ်က လက်နက်ကိုင်ခွင့် ရှိသလား။ ဘယ်ဒေသတွေမှာ ဘယ်လိုပုံစံမျိုးနဲ့ လှုပ်ရှားကြတာလဲ သိချင်ပါတယ်။
ဖြေ။ ။ အရင် ရပ်ရွာတွေမှာ ရှိတဲ့ ပြည်သူ့စစ် တွေက လက်နက် မကိုင်ကြဘူး။ ကျနော်တို့ PNA ပြည်သူ့စစ် တွေက ငြိမ်းချမ်းရေးကနေ အသွင်ပြောင်း လာတဲ့ အတွက်ကြောင့် ကိုယ့်သေနတ် ကိုယ်ကိုင်ရတယ်။ ကိုယ့်နယ်မြေကို ကိုယ် ကာကွယ်ရတယ်။ ကျနော်တို့ အများဆုံး လှုပ်ရှားနေတဲ့ နယ်မြေကတော့ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေး ခရိုင်၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖြစ်တဲ့ ဟိုပုံ၊ ဆီဆိုင်၊ မောက်မယ်၊ ပင်လုံ၊ ပင်းတယ တွေမှာ လည်းရှိပါတယ်။ ရဲတွေက မြို့လုံခြုံရေး၊ တပ်ဆိုရင် မြို့ပြင်လုံခြုံရေး ယူထားကြသလို၊ ကျနော်တို့ ပြည်သူ့စစ်တွေက ရဲ နဲ့ တပ်မရှိတဲ့ နေရာတွေမှာ လုံခြုံရေး ယူထား ရပါတယ်။
မေး။ ။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီ (PNO) နဲ့ ပတ်သက်လို့ သိချင်ပါတယ်။
ဖြေ။ ။ PNO က နိုင်ငံရေး လိုင်းရောက်သွားပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲမှာဝင်ပြိုင်တယ်၊ ပြည်သူ့လွှတ်တော် ၃ နေရာ ရပါတယ်။ အမျိုးသားလွှတ်တော် ၁ နေရာရပါတယ်။ ပြည်နယ်လွှတ်တော် ၆ နေရာ ရပါတယ်။ PNO က နိုင်ငံရေးလိုင်း ရောက်သွားပြီ။ သီးခြားအဖွဲ့အစည်းဖြစ် သွားပြီ။ PNO နဲ့ PNA က ဘယ်လို ဆက်စပ်လဲ ဆိုတော့ ၁၉၇၆ ခုနှစ် ကတည်းက အတူတူ နေလာကြတဲ့ အခါကျတော့ သံယောဇဉ်တော့ ရှိတာပေါ့ ။ PNO က နိုင်ငံရေး ပါတီဖြစ်တော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကွပ်ကဲမှုနဲ့ ဆိုင်သွားတယ်။ PNA က လက်နက်ကိုင် အဖွဲ့ ဖြစ်တော့ ကာကွယ်ရေးဦးစီးချုပ် လက်အောက်နဲ့ ဆိုင်တယ်။
မေး။ ။ PNA ပြည်သူ့စစ်က အင်အား ဘယ်လောက်ရှိလဲ။
ဖြေ။ ။ ဒါကတော့ ဖြေလို့ မကောင်းဘူး။
မေး။ ။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အနေနဲ့ ပြည်နယ်အဆင့်အထိ သတ်မှတ်ပေးဖို့ တောင်းဆိုဖို့ ရှိလား။
ဖြေ။ ။ ကျနော်တို့ အနေနဲ့ အတိအလင်း တောင်းဆိုတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့မှာ ပြည်ထောင်စုရဲ့ ပြည်နယ်တခု အဆင့် ရဖို့ အင်္ဂါရပ် ပြည့်စုံပါတယ်။ ဒါကတော့ လူကြီးတွေ တိုင်ပင်ပြီး တောင်းဆိုသွားဖို့ ရှိပါတယ်။ ပြည်နယ် မရှိတဲ့ လူမျိုးစုထဲမှာ လက်ရှိ ပအိုဝ်းက အများဆုံး ဖြစ်နေပါတယ်။ သဘောက မွန်၊ ရှမ်း၊ ကယား တိုင်းရင်းသား လူမျိုး ၇ စုက ပြည်နယ်တွေရှိတယ်။
မေး။ ။ ရှမ်းပြည် တောင်ပိုင်းမှာက လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံ ရှိနေတာဆိုတော့ တဖွဲ့နဲ့ တဖွဲ့ ပဋိပက္ခတွေ မဖြစ်အောင် ဘယ်လို နားလည်မှု ယူထားကြလဲ။
ဖြေ။ ။ တပ်တခုနဲ့ တခု နယ်မြေတွေ ဖြတ်သန်းမယ် ဆိုရင် လက်နက် မပါရင် ကြိုက်သလို ဖြတ်သန်း သွားလာ လို့ရတယ်။ တကယ်လို့ လက်နက်တွေ ပါပြီး ဖြတ်သန်းမယ် ဆိုရင်တော့ ကြိုပြီး အကြောင်း ကြားပြီးမှ ဖြတ်သန်း ဖို့တော့ ပြောထား ရတယ်။
မေး။ ။ လက်နက်ကိုင် ပြည်သူ့စစ် တွေနဲ့ ပြည်သူတွေ ကြားထဲမှာ ပဋိပက္ခ မဖြစ်အောင် ဘယ်လို လုပ်ဆောင် ပါသလဲ။
ဖြေ။ ။ ပြည်သူ့စစ် ဆိုတာက ပြည်သူ ထဲကနေ လာတာလေ။ နောက်ပြီး ပြည်သူ့စစ်သားတွေက ကျေးရွာက သား၊ သမီး တွေပဲလေ။ သီးခြား စုဆောင်းထားတာ မရှိပါဘူး။ ပြီးတော့ သူတို့ကို သီးသန့် ခေါ်ထားတာ မရှိဘူး။ သူတို့ကို သူတို့ကျေးရွာမှာ ပြန်နေ ခိုင်းပါတယ်။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက အသက်ကြီးသွားမယ်၊ ဆုံးသွား တာတွေ၊ လုပ်ငန်း တွေ မလုပ်နိုင်တာတွေ ရှိမယ်။ အစားထိုးတာတော့ ရှိတာပေါ့။ အတင်းအကျပ် စုဆောင်းထားတာတော့ မရှိပါဘူး။
မေး။ ။ ပြည်သူ့စစ် အဖွဲ့ဝင်တွေက လက်နက်ကိုင်ထားတယ်ဆိုတော့ စိတ်အခန့် မသင့်ရင် သေနတ်နဲ့ ပစ်သတ်တာတွေ မဖြစ်အောင် ဘယ်လို ကာကွယ်ထားလဲ။
ဖြေ။ ။ ကျနော်တို့မှာ တပ် ဥပဒေရှိပါတယ်။ ပြည်သူလူထုနဲ့ ထိပ်တိုက် ရင်ဆိုင်တဲ့ အခါမှာ ကျနော်တို့မှာ အရေးယူတာတွေ ရှိပါတယ်။ ပြစ်မှုအလိုက် ကြီးတာတွေ၊ ငယ်တာတွေ အလိုက်ပေါ့။ လွန်ကျူး သွားကြတဲ့အခါ တပ်ရဲ့ ဥပဒေ အတိုင်း လုပ်ဆောင်သွားပါတယ်။ အကြီးမားဆုံးက စိတ်အခန့်မသင့်လို့ ဖြစ်သွားတဲ့ အခါမျိုးမှာ ကျနော်တို့ တရားဥပဒေအတိုင်း လုပ်ဆောင်သွားပါတယ်။ လတ်တလော အမှုတခုရှိတယ်၊ မောက်မယ်နယ်မှာ ပြည်သူ့စစ်အဖွဲ့ဝင်က ရွာသူကြီးကို သေနတ်နဲ့ ပစ်သတ် လိုက်တာရှိတယ်။ ကျနော်တို့က အဲဒီ စစ်သားကို ဖမ်းဆီးပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရားဥပဒေအတိုင်း တရားစွဲ အရေးယူထားတာ ရှိပါတယ်။
မေး။ ။ ပြည်သူ့စစ်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် တွေအကြား ပဋိပက္ခ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို စဖြစ်တာပါလဲ။ ပြေလည် သွားပြီလား။
ဖြေ။ ။ ပြည်သူနဲ့ ကျနော်တို့ ထိပ်တိုက် တွေ့တဲ့ ပြဿနာ မဟုတ်ဘူး။ NLD ကနေစပြီး ပါတီဝင် ရရှိဖို့ ကျနော်တို့ ပအိုဝ်း တွေကို မြေလိုချင်ရင် ပါတီဝင်ဆိုပြီး ပြောပါတယ်။ ပြီးတော့ အဲဒီလူတွေကို ကျနော်တို့တပ်ဖွဲ့ စိုက်ပျိုးတဲ့မြေကို တခြားသီးနှံ တွေ လာစိုက်ခိုင်း ပါတယ်။ အဲဒါကြောင့် ပြဿနာဖြစ်သွားတယ်။ လောလောဆယ်တော့ ကျနော်တို့နဲ့ NLD ပြဿနာလို့ မခံယူဘူး။ ဘာဖြစ်လို့လဲဆိုတော့ NLD အောက်ခြေမှာ ဖြစ်နေတဲ့ကိစ္စ ဆိုတော့လေ။ အဆင်ပြေသွားမယ်လို့ ထင်ပါတယ်။ ကျနော်တို့ကတော့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားပါတယ်။ နောက်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဆီကိုလည်း တင်ပြထားတာ ရှိပါတယ်။
မေး။ ။ အဲဒီပြဿနာမှာ ပြည်သူ့စစ်တွေက ပြည်သူတွေကို နှိပ်စက်တယ်လို့ ပြောသံကြားရပါတယ်။ အဲဒါနဲ့ ပတ်သက် လို့ရော။
ဖြေ။ ။ ကျနော်တို့ မနှိပ်စက်ပါဘူး။ ကျနော်တို့ တည ခေါ်ထိန်းတာပါ။ ဘာလို့ခေါ်ထိန်းလဲ ဆိုတော့ တော်တော်လေးကို သူတို့က ထွန်တုံးတိုက်ပွဲ ဝင်ဖို့အတွက် ကျနော်တို့ ရဲဘော်ကို မခံချင်အောင် ပြောတယ်။ အဲဒါကြောင့် ခေါ်ထိန်း လိုက်တာပါ။ ကျနော်တို့ ကတော့ သူတို့ကို ထွန်တုံး တိုက်ပွဲမလုပ်ဖို့၊ ဥပဒေအတိုင်းသာ လုပ်ဖို့၊ ဖြေရှင်းဖို့ ပြောပါတယ်။
မေး။ ။ ပြည်သူ့စစ်တွေက ပြည်သူတွေပိုင်တဲ့ နယ်မြေကို အတင်းအဓမ္မ သိမ်းထားတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ရော ဘာတုံ့ပြန် ချင်ပါသလဲ။
ဖြေ။ ။ လုံး၀ မသိမ်းပါဘူး။ ကျနော်တို့ သိမ်းတဲ့အချိန်မှာ ပြည်သူတချို့ရဲ့ မြေကွက်တွေ ပါပါတယ် ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ လုပ်ငန်း ဖော်ဆောင်တဲ့ အချိန်မှာ ပြည်သူမြေကွက်တွေ ပါလာပါတယ်။ အဲဒါကိုလည်း ကျနော်တို့ လယ်တွေ ပြန်ပေးပြီး သွားပါပြီ။
မေး။ ။ PNA အနေနဲ့ ဘာထပ်ပြောစရာ ရှိပါသလဲ။
ဖြေ။ ။ PNA အနေနဲ့ ဆိုရင်တော့ ကျနော်တို့ ဒေသကို ကျနော်တို့ ကာကွယ်မယ်။ ကျနော်တို့ လူမျိုးအချင်းချင်း စည်းလုံး ညီညွတ်အောင် နေထိုင်ကြပြီး ရှေ့ဆက်သွားမယ့် နိုင်ငံ့ အရေးကို ပူးပေါင်း ဆောင်ရွက်သွားပါမယ်။