နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် အင်အားစု အားလုံးပါဝင်သော ညီလာခံတရပ် ကျင်းပနိုင်ရေး အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF ) မှ အတွင်းရေးမှူး ဦးဆန်နီက ဧရာဝတီသို့ ပြောသည်။
အင်အားစုအားလုံး သဘောတူညီမှုမှ ရသည့် ဘုံသဘောတူညီချက်ဖြင့်သာ နိုင်ငံ ပြန်လည် တည်ဆောက်ရေးကို ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ဒီသမ္မတ သက်တမ်း၊ နောက်သမ္မတ သက်တမ်း စတာတွေကို ကျနော် မပြောလိုဘူး။ ဒါပေမယ့် ဒါကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့ လိုတယ်။ ကျနော်တို့ ပထမ အကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာလည်း ဒါကို တောင်းဆိုခဲ့တယ်။ ပြည်ပမှာ ရှိနေကြတဲ့ နိုင်ငံရေး အင်အားစုတွေ၊ ကျနော်တို့ကို တိုင်းပြည်အတွက် တကယ်အထောက်အကူ ပြုပေးနိုင်မယ့် တသီးပုဂ္ဂလတွေ၊ ပညာရှင်တွေ အားလုံးကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကနေမှ တဆင့် တိုင်းပြည် ပြန်လည် တည်ထောင်နိုင်ရေးတွေမှာ ပါဝင်နိုင်ဖို့ အတွက်ကို အစိုးရအနေနဲ့ တရားဝင် ဖိတ်ခေါ်သွားဖို့ တောင်းဆိုထား တာရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
ယခုလက်ရှိအချိန်တွင် အပစ်အခတ် ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့နှင့် ကြိုးစားဆောင်ရွက်လာနိုင်ခဲ့ပြီး မကြာခင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တဆင့်ပြီးတဆင့် ဆောင်ရွက်မည်ဆိုလျှင် အားလုံးပါဝင်သော ညီလာခံမျိုးကို လာမည့် နှစ်အတွင်း အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီသို့ ပြောသည်။
အားလုံးလိုချင်သော ဘုံသဘောတူညီချက်များကို မျက်နှာစုံညီ ပါဝင်ဆွေးနွေးသည့် ညီလာခံဆွေးနွေးပွဲ မျိုးဖြင့်သာ ရရှိနိုင်မည်ကို အားလုံးက လက်ခံ သဘောပေါက်ပြီး ဖြစ်သောကြောင့် ငြိမ်းချမ်းရေးအတွက် အခြေခံကောင်းများကို ယခု သမ္မတ သက်တမ်းအတွင်း ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“တဖွဲ့ချင်းစီ အပစ်ခတ်ရပ်တာကနေ တနိုင်ငံလုံး အပစ်ခတ်ရပ်တာ ဖြစ်လာမယ်။ အဲဒီအခါမှာ မတရားအသင်းတွေ ပယ်ဖျက်တာတွေ ဆက်ဖြစ်လာမယ်။ နောက်ဆုံး ညီလာခံအထိ ဖြစ်လာမှာပါ။ ဒီသမ္မတ သက်တမ်းအတွင်း အချိန်မီပါ့မလား ဆိုရင် မီမယ်လို့ ကျနော်ထင်ပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။
အစိုးရ ကိုယ်စားလှယ်များနှင့် ABSDF တို့ ယခုလ ၅ ရက်နေ့တွင် ပြည်နယ်အဆင့် ဆွေးနွေးခဲ့ပြီး ၁၀ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့ကြောင်း၊ ထိုပြည်ထောင်စုအဆင့်တွင် မိမိတို့၏ နိုင်ငံရေး သဘောတရား၊ လုပ်ငန်းစဉ်များကို ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများနှင့် လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့်ပြုရန် အပါအဝင် အခြေခံ ၁၃ ချက် သဘောတူညီနိုင်ခဲ့ကြောင်း သိရသည်။
ထိုပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ ထိုင်း-မြန်မာနယ်စပ်ရှိ ABSDF ကိုယ်စားလှယ် ၂၄ ဦး၊ ABSDF မြောက်ပိုင်း ကိုယ်စားလှယ် ၅ ဦးနှင့် ABSDF အနောက်ပိုင်း ကိုယ်စားလှယ် ၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့က ဒီလိုအရေးကြီးတဲ့ ညီလာခံ၊ စုံညီ အစည်းအဝေး၊ ဆွေးနွေးပွဲတွေ ပြုလုပ်မယ်ဆိုရင် အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို သွားတာပါ။ ကျနော်တို့ ဖွဲ့စည်းတဲ့ ပုံစံကလည်း ဒီလိုပဲ၊ စုပေါင်း ဦးဆောင်မှုနဲ့ စုပေါင်း ဆောင်ရွက်မှုကို သွားပါတယ်။ အရေးကြီးတာကို အားလုံး အတူတကွ ဆုံးဖြတ်ပြီးတော့ လုပ်တာပါ” ဟု ABSDF အတွင်းရေးမှူး ဦးဆန်နီက ပြောသည်။
ထိုသို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ မလုပ်ခင်ကတည်းက ဝန်ကြီး ဦးအောင်မင်းတို့နှင့် အလွတ်သဘော တွေ့ဆုံမှု ၃ ကြိမ်၊ ABSDF ၏ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့နှင့် ဝန်ကြီး ဦးအောင်မင်းတို့ဘက်မှ ပညာရှင်အဖွဲ့နှင့် ၃၊ ၄ ကြိမ် ညှိနှိုင်းခဲ့ပြီး အဆင့်ဆင့် ညှိနှိုင်းဆောင်ရွက် နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ပြည်ထောင်စုအဆင့်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် လာမည့် နိုဝင်ဘာလအတွင်း ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ထပ်မံကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဘယ်အတိုင်းအတာအထိ ယုံကြည်မှုရှိသလဲ ဆိုတာက ၂ ဖက် သဘောတူထားတဲ့ အခြေအနေပေါ်မှာ ဘယ်လောက် အတိုင်းအတာအထိ ဆောင်ရွက်ခွင့်ရသလဲ ဆိုတာပေါ်မှာ မူတည်ပြီး ဘယ်လို ဆက်လျှောက်ရမလဲ ဆိုတာ အသေအချာ ဆက်ပြောလို့ရပါ့မယ်။ အခုက ယုံကြည်မှု တည်ဆောက်တဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ ယုံကြည်မှုကို ခိုင်သည်ထက် ခိုင်အောင် ကျနော်တို့ ဘက်မှာရော၊ အစိုးရဘက်ကရော၊ ပြည်သူလူထု ဘက်ကရော အားလုံးက ဒီ့ထက် ပိုကြိုးစားရဦးမယ်” ဟု ဦးဆန်နီက ဆိုသည်။