သမ္မတ အိုဘားမား၏ အစိုးရအဖွဲ့က မြန်မာနိုင်ငံအပေါ် စစ်ရေး ကန့်သတ်ချက်များဖြင့် ပိုမို ပူးပေါင်းသွားမည့် အစီအစဉ်ကို အတိုက်အခံ ရီပတ်ဘလီကန် အမတ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ကြောင်း AP သတင်းတရပ်တွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အပြင် မြောက်ကိုရီးယားနှင့်လည်း စစ်ရေးဆက်ဆံမှုများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
အမေရိကန် အစိုးရ အုပ်ချုပ်ရေး အရာရှိတဦးက မြန်မာ့တပ်မတော်ကို လူ့အခွင့်အရေး သင်တန်းပေးခြင်း အပါအဝင် စစ်ရေးအကူအညီ တချို့အထေက်အပံ့ပေးရန် တောင်းဆိုထားသည်။ သို့ရာတွင် အတိုက်အခံ ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တချို့ကလည်း မြန်မာနိုင်ငံတွင် စစ်တပ်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် အယုံအကြည် မရှိကြောင်း၊ တိုင်းရင်းသားများနှင့် လူနည်းစု တခြားဘာသာဝင်များအပေါ် မတရား ဖိနှိပ်ခြင်းများ ရှိနေသည့်အပြင် ကုသမဂ္ဂ၏ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုကို အလေးမထားဘဲ လက်နက်ရောင်းဝယ်မှုများ ရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
“ကျနော့် ပုဂ္ဂိုလ်ရေး အမြင်အားဖြင့် ပြောရရင် မြန်မာစစ်တပ်ကို သူ့နိုင်ငံတွင်းမှာ ညှဉ်းပမ်းသတ်ဖြတ်တာတွေ ရပ်ဖို့၊ မတော်မတရား ကျင့်တာတွေ ရပ်ဖို့၊ ပြည်သူပိုင် လယ်ယာမြေတွေကို မတရား သိမ်းယူတာတွေ ရပ်ဖို့အတွက် စစ်တပ်ကို သင်တန်းပေးရမယ် ဆိုတာကို လုံး၀ မယုံဘူး” ဟု ဒီမိုကရက်တစ် လွှတ်တော် ကိုယ်စားလှယ် Joe Crowley က အမေရိကန်၏ အရှေ့အာရှရေးရာ မူဝါဒအပေါ် ဆောင်ရွက်မည့် လုပ်ငန်စဉ်များကို ဝေဖန်ပြောကြားသည်။
အတိုက်အခံ ရီပတ်ဘလီကန် အိုဟိုင်းအိုးပြည်နယ်မှ လွှတ်တော်အမတ် Steve Chabot က အမေရိကန်အစိုးရ အနေဖြင့် မြန်မာစစ်တပ်နှင့် ပူးပေါင်းမည့် အစီအစဉ်သည် အလောတကြီး ဖြစ်နေကြောင်း၊ ဆက်လုပ်ဆောင်သွားမည့် ပြုပြင်ပြောင်းလဲရေးများအတွက် အခက်အခဲ အကြပ်အတည်း ဖြစ်စေနိုင်ကြောင်း ပြောဆိုသည်။
နှစ်ပေါင်း ၅၀ ကျော် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လာသည့် အပေါ် အမေရိကန်နှင့် အနောက်နိုင်ငံများက ပိတ်ဆို့ အရေးယူမှုများကို အလျင်အမြန်လျှော့ချ ပေးခဲ့သည်။ မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၁၁၀၀ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် အတိုက်အခံ ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ကာ လွှတ်တော်တွင် ပါဝင်စေခဲ့သည်။
သို့ရာတွင် ပြီးခဲ့သည့် ၁၈ လ အတွင်း ဖြစ်ပွားခဲ့သည့် မွတ်စလင် လူနည်းစုအပေါ် အကြမ်းဖက်မှုများတွင် မွတ်စလင် ၂ သိန်းကျော် အိုးမဲအိမ်မဲ့ ဖြစ်ခဲ့ရခြင်းသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေပါသည်ဆိုသည့် အစိုးရ၏ သဘောထားကို မြင်သာစေသည့် အချက်ဖြစ်ကြောင်းလည်း AP သတင်းတွင် ရေးသားထားသည်။
အရပ်ဘက် အစိုးရအဖွဲ့အစည်းအဖြစ် ပြောင်းလဲအုပ်ချုပ်နေသည်ဟု ဆိုသည့်တိုင် စစ်အုပ်ချုပ်ရေးက အခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဟန့်တားထားဆဲဖြစ်ပြီး စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်စဉ်တွင် တိုက်ပွဲများလည်း ဖြစ်ပွားလျက်ရှိသည်။
အမေရိကန် ကာကွယ်ရေးဌာန အကြီးအကဲ Vikram Singh က အမေရိကန် စစ်တပ်နှင့် မြန်မာ စစ်တပ်ကြား စစ်အုပ်ချုပ်ရေး ဥပဒေ အပါအဝင် ဆက်သွယ်မှုကို ပထမဆုံး သုံးသပ်ရမည် ဖြစ်ကြောင်း၊ လတ်တလော ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်ကလည်း သင်တန်းပေးသည့် ကိစ္စကို တားမြစ်ထားဆဲဖြစ်ကြောင်း၊ မြန်မာနှင့် ဆက်ဆံခြင်းသည် စစ်ရေးအမြင်တရပ်ကို ပုံဖော်ခြင်းဖြစ်ပြီး တရုတ်ကဲ့သို့သော လက်နက်နှင့် အထောက်အပံ့ပြုပေးသည့် နိုင်ငံများကို အားလျော့သွားစေနိုင်ကြောင်း ပြောဆိုသည်။
“နှစ်ပေါင်းများစွာကိုကြည့်ရင် မြန်မာအစိုးရဟာ သူတို့ လိုလားသလို ပုံဖော်ကစားတာပါပဲ။ သူတို့ ဆက်ဆံချင်သူနဲ့ ဆက်ဆံတာပါပဲ။ ကျနော်တို့က မြန်မာတွေ လိုလိုလားလား ရွေးချယ်လာမယ့် အနေအထားကို ပုံဖော်ချင်တာပဲ ဖြစ်တယ်” ဟု Vikram Singh က ဆိုသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မြန်မာ့ရေးရာ အထူးအကြံပေး Judith Cefkin က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့တွင် စစ်တပ်မှ ကိုယ်ကျိုးရှာသည့် အရာရှိများ ပါဝင်နေကြောင်း၊ သို့သော်လည်း “စစ်အုပ်ချုပ်ရေးကနေ အခြားပုံစံတမျိုးနဲ့ စစ်တပ်အမြဲတမ်းပါဝင်အောင် အစီအစဉ်ချထားတဲ့ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံခြင်းဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသူများ အားကောင်းလာစေဖို့ပါ” ဟု ပြောသည်။
အတိုက်အခံ ရီပတ်ဘလီကန် အိုဟိုင်းအိုး လွှတ်တော်အမတ် Steve Chabot က မြန်မာစစ်တပ် ခေါင်းဆောင်များသည် ပြုပြင်ပြောင်းလဲရေးကို မလိုလားကြောင်း၊ သမ္မတဦးသိန်းစိန် အစိုးရက ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် လူသားချင်း စာနာထောက်ထားသည့် အထောက်အပံ့များ ပေးရန်၊ မြောက်ကိုရီးယားနှင့် တရားမဝင် လက်နက်ရောင်းဝယ်ခြင်း မပြုလုပ်ရန်တို့အတွက် အပြည့်အ၀ ကတိပေးနိုင်ခြင်း မရှိကြောင်း ပြောသည်။
အတိုက်အခံ ရီပတ်ဘလီကန် ကိုယ်စားလှယ် Trent Franks က မြန်မာစစ်တပ်ကို “လတ်တလောကာလတွင် လူ့အခွင့်အရေးကို အဆိုးဝါးဆုံး ဖိနှိပ်သည့် အဖွဲ့အစည်းတခု” ဟု ခေါ်ဆိုလိုက်ပြီး ပိတ်ဆို့တားဆီးမှု အပြီးတိုင် မဖယ်ရှားရသေးမီ ရှင်းလင်းမြင်သာသည့် အနေအထားတရပ် ဖြစ်ရန် လိုသည်ဟု ဆိုသည်။
Vikram Singh က မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ဖြတ်တောက်ခြင်း မရှိသေးသော်လည်း အမေရိကန်-မြန်မာ စစ်ရေး ဆက်ဆံမှုများသည် ပြန်လည် တည်ဆောက်ရေးများ အတွက် အခြေခံကျကျ လိုအပ်နေသည်ဟု ဆိုသည်။ Judith Cefkin က စစ်ရေး အကူအညီပေးဖို့ ဆိုတာက “ပြည်တွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဘာမှ တိုးတက်စေမှာ မဟုတ်ဘူး” ဟု ပြောသည်။
Joe Crowley “စစ်အုပ်ချုပ်ရေးကနေ အုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်က အမြဲပါဝင်အောင် စီစဉ်ချထားတဲ့ အနေအထားနဲ့ ထိတွေ့ ဆက်ဆံဖို့ အခြေအနေတွေက အရမ်းပြောင်းလဲနေတော့ နည်းနည်းတော့ စိတ်ပူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ အပြောင်းအလဲမှာ ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ အမြင်ပိုင်း အပြောင်းအလဲကနေ အမှန်တကယ် အပြောင်းအလဲဖြစ်လာဖို့၊ တဖြည်းဖြည်း အခြေကျအောင် လုပ်ပေးကြစေချင်ပါတယ်” ဟု ပြောသည်။