ယခင် စစ်အစိုးရ လက်ထက် ရင်းနှီးမြှုပ်နှံမှု ပြုရာတွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီတချိူ့သည် တိုင်းရင်းသား အမည်ခံ လုပ်ကိုင်လျက် ရှိရာမှ ယခု အချိန်တွင် ကိုယ်ပိုင်အမည် ပြန်လည် ပြောင်းလဲ၍ လုပ်ကိုင် လာကြကြောင်း သိရသည်။
“အရင်တုန်းက ဆိုရင် နိုင်ငံခြားသားက တိုင်းရင်းသား တယောက်အမည်ခံပြီး လုပ်တာ တွေ့ရတယ်၊ အခု ထူးထူးခြားခြား တွေ့လာတာက အဲ့ဒီလို လုပ်ထားတဲ့ ကုမ္မဏီတွေ ကိုယ်တိုင်က နဂိုပိုင်ရှင် နာမည် ပြန်ပြောင်းလာတာ တွေ့ရတယ်။ အဓိပ္ပာယ်က ပွင့် လင်းမှုပေါ့၊ ဒီပိုင်ဆိုင်မှုက သူတို့ပဲ ပိုင်ပါတယ် ဆိုတာပေါ့။ ဒါကောင်းပါတယ်၊ လုပ်တာက တယောက်၊ နာမည်ခံတာက တယောက် ဆိုတော့ ပွင့်လင်း မြင်သာမှုမှာ ထိခိုက်နိုင်တယ်”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိ အချိန်၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် လုပ်ထုံးလုပ်နည်း ဥပဒေတို့ ပြဌာန်း အတည်ပြုပြီး ဖြစ်ရာ ယင်း ဥပဒေတွင် ပါရှိသော ပြဌာန်းချက်များသည် ရင်းနှီးမြှုပ်နှံသူများဘက်မှ အထူး ခံစားနိုင်သည့် အားသာချက်များပါရှိပြီး ယင်းဥပဒေ နှင့် အညီ လုပ်ဆောင်လိုသောကြောင့် အထက်ပါအတိုင်း ပြောင်းလဲ လုပ်ဆောင်ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒု ဥက္ကဌ ဒေါက်တာ မောင်မောင်လေး ကလည်း “အရင်က နိုင်ငံခြားသားက ရှဲဒိုး လုပ်ကြတာတွေ ရှိပါတယ်၊ ဒီလိုလုပ်ကြတဲ့ အပိုင်းကလည်း အမျိုးမျိုး ရှိပါတယ်။ နိုင်ငံခြားသား လုပ်ခွင့်မပေးတဲ့ အပိုင်းတွေနဲ့လည်း ဆိုင်မယ်၊ အခုဟာ သူတို့က FDI နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရဲ့ အခွင့်အရေးတွေကို ယူပြီး လုပ်ခြင်ကြတဲ့ အတွက် အခုလိုမျိုး ပြောင်းပြီး လုပ်ကြတာပါ”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံခြားသား လုပ်ငန်းရှင်များက ယင်းကဲ့သို့ တိုင်းရင်းသားပိုင် အမည်များဖြင့် လုပ်ကိုင်ရာမှ မူလ ပိုင်ရှင် အမည်သို့ ပြောင်းလဲ မှတ်ပုံတင်လာကြခြင်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ပြန်လည် ဖွဲ့စည်းပြီး နောက်ပိုင်းမှ ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် နောက်ပိုင်းတွင် ရှဲဒိုး လုပ်ဆောင်ခြင်းများ နည်းပါးသွားမည် ဖြစ်ပြီး ၎င်းတို့နှင့် အကြုံးဝင် သည့် ဥပဒေနှင့် ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်များ အကြုံးဝင်သည့် ဥပဒေတို့ တပြေးညီ ဖြစ်လာမည်ကို ပိုမို လိုလားကြကြောင်း သိရသည်။
လက်ရှိတွင် ပြဌာန်းထားသော နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေ FIL (Foreign Investment Law)နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ CIL(Citizens Investment Law) နှစ်မျိုးတို့မှာ ခံစားရပိုင်ခွင့်ခြင်း အနည်းငယ် ကွဲပြားလျက်ရှိပြီး ပြည်တွင်း လုပ်ငန်းရှင်များနှင့် နိုင်ငံခြာသား ရင်းနှီးမြှုပ်နှံသူများအကြား သူ့ဘက်ကိုယ့်ဘက် ပြောဆိုမှုများ ရှိနေသည့်အနေအထား ဖြစ်နေကြောင်း စီးပွားရေး လုပ်ကိုင်သူများက ပြောဆိုကြသည်။
“ဥပဒေ နှစ်ခုရှိတဲ့ အခြေအနေမှာ နောက်ပိုင်း ဘာဖြစ်လာသလဲ ဆိုတော့ နိုင်ငံခြားသားတွေဘက်က ပြည်တွင်းက လူတွေကို မျက်နှာသာ ပေးတယ် ဆိုတဲ့ ပုံစံမျိုး ပြောလာတာ ရှိတယ်။ တကယ်တန်းတော့ အဲ့ဒီလို မရှိပါဘူး”ဟု ဒေါက်တာ အောင်ထွန်းသက် က ပြောသည်။
ပြည်တွင်း လုပ်ငန်းရှင်များ ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပါသည့် ၅ နှစ် အခွန် ကင်းလွတ်သက်သာခွင့် ကဲ့သို့သော အခွင့်အရေးများ မရရှိသည့် အပိုင်းများလည်း ရှိနေသည်ကို တွေ့ရသည်။
ဒေသတွင်း နိုင်ငံများ အားလုံးတွင် ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှစ်ခုရှိသည်မှာ မြန်မာနိုင်ငံ တနိုင်ငံတည်းဖြစ်သည့် အပြင် ယင်းသို့သော အခြေအနေများက ရှုပ်ထွေးမှုများ ရှိလာနိုင်မည် ဖြစ်သည့်အတွက် ယင်းဥပဒေ နှစ်ခုကို ပေါင်းစည်းရန် လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးအောင်နိုင်ဦးက ပြောဆို ထားသည်။
ယင်းသို့ ဥပဒေ ၂ခုအား ပြင်ဆင် ပေါင်းစည်းသွားမည့် အခြေအနေတွင် တိုင်းရင်းသား လုပ်ငန်းရှင်များဘက်မှ အကာအကွယ်ပေး သည့် အနေအထားများလည်း ပါရှိသင့်သည်ဟု ဒေါက်တာ မောင်မောင်လေးက အကြံပြုသည်။
“နိုင်ငံခြားသားလုပ်ငန်းရှင်တွေက လွှမ်းမိုးသွားနိုင်တဲ့ အပိုင်းလေးတွေလည်း စိုးရိမ်ကြတာပေါ့။ ဒီလို စိုးရိမ်မှုတွေရှိလာကြလို့ တချို့ကလည်း တန်းတူပေးတာကို မကြိုက်ဘူး၊ ဒီအချိန်မှာ ကိုယ့်နိုင်ငံသားကို ကာကွယ်ပေးရမှာက သက်ဆိုင်ရာ အစိုးရမှာ တာဝန်ရှိပါတယ်၊ နိုင်ငံတိုင်းမှာလည်း ကိုယ့်နိုင်ငံသားကို ကာကွယ်ပေးတဲ့ ဥပဒေမျိုးတွေက အမြဲ ရှိပါတယ်၊ ဘာဖြစ်လို့ ဆိုရင် နိုင်ငံခြားသား နဲ့ ယှဉ်ပြိုင်ဖို့က အဆင်သင့် မဖြစ်သေးလို့ပါ”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှှံမှု ဥပဒေတွင် နှစ်မျိုး ကွဲပြားနေသည်နှင့်အတူ အထူး စီးပွားရေးဇုန် ဥပဒေများကလည်း တခုတည်း သီးသန့်ရှိမနေဘဲ အမျိုးအမျိုး ပြဌာန်းထားသည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။