အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုင်ရာများကို အဓိကထား ဆွေးနွေးသွားမည့် သံဃာ့ညီလာခံတရပ်ကို ဇန်နဝါရီ ၁၅ ရက်တွင် မန္တလေးမြို့၌ ကျင်းပမည်ဟု သိရသည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလ အစောပိုင်းက ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမကျောင်းတိုက်တွင် အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် ညီလာခံတရပ်ကို ပထမအကြိမ် အဖြစ် ကျင်းပခဲ့ပြီးနောက် ယခု မန္တလေး၌ ကျင်းပ မည့် ညီလာခံသည် ဒုတိယအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာ အနေဖြင့် သံဃာတော်များ အပါအဝင် လူပုဂ္ဂိုလ် ၅၀၀၀ နီးပါး တက်ရောက်ရန် ခန့်မှန်းထားကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ဧရာဝတီ သို့ ပြောသည်။
“မန္တလေးမှာ ဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖဲ့ွအစည်းရှိကြောင်း တရားဝင်ကြေညာမယ်၊ အမျိုးဘာ သာ သာသနာ စောင့်ရှောက်ရေးနဲ့ဆိုင်တဲ့ စာတမ်းဖတ်တာတွေကို အဓိကထား ဆွေးနွေးသွားမယ်”ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များနှင့်ကျေးရွာများသို့ အမျိုးဘာသာ စောင့်ထိန်းရေး ဆိုင်ရာစည်းရုံးမှု၊ ဟောပြောမှုများ စသည့် လှုပ်ရှားမှုများကိုလည်း ဆွေးနွေးကြမည်ဖြစ်ပြီး ညီလာခံကျင်းပပြီးချိန်တွင် စည်းရုံးဟောပြောမည့် နေရာများကို တရားဝင် သတင်းထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါညီလာခံကို တက်ရောက်ကြရန်အတွက် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့၊ နိုင်ငံတဝန်းရှိ အမျိုးဘာသာ
သာသနာ စောင့်ရှောက်ရေးအဖွဲ့ခွဲများ၏ ကိုယ်စားလှယ်များ အပါအဝင် သံဃာတော်များ၊ လူပုဂ္ဂိုလ်များကို ဖိတ်ကြားသွားမည်ဖြစ် သော်လည်း အစိုးရပိုင်းက တာဝန်ရှိသူများကို ဖိတ်ကြားရန် အစီအစဉ်မရှိသေးဟု ဆိုသည်။
“သာသနာရေးဝန်ကြီးက အတုမရှိကျောင်းတော်ကြီးကို ဖွင့်ခွင့်ပေးထားတော့ သူ့တယောက်ကိုတော့ ဖိတ်မလားလို့ စဉ်းစားနေ တယ်”ဟု ဆရာတော် ဦးဝီရသူက မိန့်သည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ၎င်းတို့ဆောင်ရွက်နေသည့် အမျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေး အတွက် ကောက် ခံနေသည့် လက်မှတ်များမှာလည်း ၄ သန်းကျော် ရရှိနေပြီဖြစ်ကြောင်း၊ သို့သော် အချိန်သတ်မှတ်ချက်ဖြင့် ကောက်ယူ ခဲ့ခြင်း ဖြစ်၍ ဆက်လက်ကောက်ခံခြင်း မပြုတော့ကြောင်း ဆရာတော် ဦးဝီရသူက ရှင်းပြသည်။
လက်ရှိတွင် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးဗဟိုအဖွဲ့ကို နိုင်ငံတော်သြဝါဒါ စရိယ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန ္တတိလောကာ ဘိဝံသ က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည်။
၂၀၁၃ ခု သြဂုတ်လ က နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ၉၆၉ အမှတ်တံဆိပ်ဖြင့် သံဃာ့ကွန်ရက်များ ဖွဲ့စည်းနေခြင်း၊ လှုပ် ရှားနေခြင်းများကို ဥပဒေနှင့် မညီညွှတ်ကြောင်း ထုတ်ပြန်ပြောဆိုခဲ့သေးသည်။
သို့သော် ယင်းထုတ်ပြန်ချက်မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့အစည်းများကို ဦးတည်ပြောဆိုခြင်း မဟုတ်ဘဲ
ရဟန်းပျိုသမဂ္ဂနှင့် မော်လမြိုင်မြို့ဘက်မှ လှုပ်ရှားနေသည့် အဖွဲ့အစည်းတချို့ကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ၉၆၉ ဆိုင်ရာ အဖွဲ့အစည်းများကို ဆိုလိုခြင်း မဟုတ်ကြောင်း မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက ဆိုသည်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးနှင့် အမျိုးစောင့် ဥပဒေ ပေါ်ထွက်လာရေးအတွက် သံဃာ အဖွဲ့အစည်းများနှင့်
လူ ပုဂ္ဂိုလ်များ အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့ကပါ လှုပ်ရှားဆောင်ရွက်နေကြပြီး လက်ရှိအချိန်အထိ စည်းရုံးမှုများ၊ လှုပ်ရှားမှုများမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်မှု ရရှိနေကြောင်း သိရသည်။