[irrawaddy_gallery]
မနက်အရုဏ် တက်ချိန်တွင် စက်လှေသမား နှစ်ဦးက လှေဘေးနှစ်ဘက်ကို တုတ်ချောင်းကိုယ်စီနှင့် ရေကြောင်း တိုင်းတာပြီး သည်နှင့် မုံရွာမှ ဟုမ္မလင်းမြို့သို့ ရေကြောင်း ခရီး စတင်ပြီ ဖြစ်သည်။
မုံရွာမြို့မှ ဟုမ္မလင်းကို ရောက်ရန်အတွက် စက်လှေပေါ်တွင် တည အိပ်ခဲ့ရသေးသည်။ ချင်းတွင်း မြစ်ရိုး တလျှောက် ဖြတ်သန်းသွားမည် ဆိုပါက စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းဖြစ်သည့် ကလေးဝ၊ ဖားပြွန်၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း ၊ခန္တီးမှတဆင့် နာဂ တောင်တန်းအထိ ရောက်ရှိနိုင်သည်။
ချင်းတွင်းမြစ်မှာ ရေစီးမသန်လှ၊ မြစ်ရေသည် စိမ်းလန်းမှု မရှိဘဲ အမှိုက်သရိုက် များစွာဖြင့် နောက်ကျိလျှက် ရှိသည်။
ချင်းတွင်းမြစ်တွင်း မောင်းနှင်သည့် မုံရွာ – ဟုမ္မလင်း ခရီးသည်တင် စက်လှေက လူဦးရေ အယောက် ၂၀၀ ကျော်ဆံ့သည်။ စက်လှေတွင် အထက်တန်းနှင့် ရိုးရိုးတန်း ဟူ၍ ခွဲခြားထားပြီး အထက်တန်း တခန်းတွင် လူ ၆ ဦး အိပ်စက်နိုင်ကာ၊ အထက်တန်း ၆ ခန်း ပါရှိသည်။ ရိုးရိုးခန်းတွင် လူအယောက် တရာကျော် ဆံ့သည်ကို တွေ့ရသည်။
အထက်တန်း တဦးလျှင် ၁၈၀၀၀ ကျပ်၊ ရိုးရိုးတန်းက ၁၀၀၀၀ ကျပ် ကျသင့်သည်။ စက်လှေများဖြင့် ခရီးသွားသူ အများစုမှာ ချင်းတွင်း မြစ်ဖျားပိုင်း ဒေသဖြစ်သည့် ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့ အနီးတဝိုက်တွင် ရွှေသွားရောက် တူးဖော် ကြမည့်သူများ သူများဖြစ်ကြောင်း သိရသည်။ အများစုသည် အညာဘက်မှ ရေကြည်ရာ မြက်နုရာ ရှာဖွေရင်း လာရောက် အလုပ်လုပ်ကြ သူများ ဖြစ်ကြောင်း စက်လှေသမား မောင်ကောင်းက ပြောပြသည်။
ချင်းတွင်းမြစ်ရေ တိမ်ကောလာမှုကြောင့် စက်လှေများ လျင်မြန်စွာ မောင်းနှင်၍ မရသည်မှာ ကြာပြီဖြစ်ကြောင်း၊ မိုးရာသီမှလွဲ၍ နွေနှင့်ဆောင်းတွင် ရေကြောင်းကို ရှာဖွေကာ သွားနေရကြောင်း သိရသည်။
ချင်းတွင်း မြစ်ရိုးတလျောက်တွင် နေထိုင်သည့် ကျေးရွာများက မြေပဲစိုက်ပျိုးခြင်း၊ ဖျာရက်လုပ်ခြင်းဖြင့် အဓိက အသက်မွေး
ကြသော်လည်း နောက်ပိုင်းတွင် ချင်းတွင်း မြစ်ဖျားပိုင်း၌ ရွှေတွင်းတူးဖော် မှုများကြောင့် ချင်းတွင်းမြစ်ရေ တိမ်ကောမှု တနှစ်ထက်တနှစ် ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း မောင်ကောင်းက ဆိုသည်။
“ဒီရာသီတောင် မြစ်ရေတိမ်ကောပြီး စက်လှေတွေက မောင်းလို့ မကောင်းဘူး။ ရေတွေတိမ်တော့ ရေကြောင်းကို ရှာရတယ်။နောက်လလောက် ဆိုရင် စက်လှေတွန်းရတဲ့ အဆင့် အထိ ဖြစ်နိုင်တယ်” ဟု စက်လှေမောင်းရင်း မောင်ကောင်းက ရှင်းပြသည်။
ချင်းတွင်းမြစ် တလျှောက်သည် ယခင်က အလွန်စိမ်းလန်းကာ ရေများ ကြည်လင်နေကြောင်း၊ ယခု မြစ်ဖျားပိုင်းတွင် ရွှေတွင်းများကို စက်ယန္တရားများဖြင့် တူးဖော်ကြပြီး စွန့်ပစ်ရေဆိုးများနှင့် မြေစာများကို မြစ်အတွင်းသို့ စွန့်ပစ်ကြသောကြောင့် ရေတိမ်လာခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ချင်းတွင်းမြစ်ဖျားပိုင်းမှာ စက်ကြီးတွေနဲ့ ရွှေတွေတူးကြ၊ စွန့်ပစ်တဲ့ မြေစာတွေကို မြစ်ထဲပို့ကြနဲ့၊ မြစ်ချောင်းနဲ့
လုပ်ကိုင် စားသောက် နေသူတွေရော၊ ဒီမြစ်ကို အမှီပြု နေထိုင်တဲ့ သူတွေရော အရမ်း အခက်အခဲ ဖြစ်တာပေါ့” ဟု စက်လှေသမားက ဆိုသည်။
မြစ်ရေတိမ်မှု ဆိုးရွားလာချိန်တွင် စက်လှေသမားများသာမက၊ ခရီးသည်များပါ စက်လှေ ဆင်းတွန်းရသည် အထိ ဖြစ်တ်ကြောင်း၊ နောက်လဆန်းပိုင်းတွင် မြစ်ရေ ယခုထက် တိမ်သွားမည်ဖြစ်ရာ စက်လှေကို ဆင်းတွန်းရတော့မည် ဖြစ်ကြောင်း၊ မိုးရာသီမှသာ စက်လှေ မောင်း၍ အဆင်ပြေကြောင်း မောင်ကောင်း၏ အဆိုအရ သိရသည်။
“မိုးရာသီကတော့ မြစ်ရေ တက်ပေမယ့် ခရီးသည် ရှားတယ်။ ပွင့်လင်းရာသီကျတော့ ရွှေတွင်း အလုပ်သမား ခရီးသည်တွေ များပေမယ့်၊ ရေတိမ်တော့ နှစ်ရက်ခရီးဆိုရင် သုံးရက် လေးရက်လောက် သွားရတယ်” ဟု စက်လှေမောင်းသည့် ဦးမောင်က လည်း ရှင်းပြသည်။
ချင်းတွင်းမြစ်တလျောက် သွားနေရင်း မြစ်ဘေးရှိ ကျေးရွာများက လှေများဖြင့် ထမင်းဟင်းများ လာရောက် ရောင်းချ ကြသည်ကို တွေ့ရပြီး ခရီးသည် များကလည်း ဝယ်စားကြသည်။ လာရောင်းသည့် ဈေးသည်တိုင်း သည်ယူလာသမျှ ကုန်အောင် ရောင်းချရသည်ကိုလည်း တွေ့ရသည်။
ဖော့ဗူးထဲတွင် ထမင်းနှင့် အသားတမျိုး၊ အရွက်နှင့် အစပ်တမျိုးတို့ ထည့်ထားပြီး တဗူးကို ၁၅၀၀ ကျပ်ဖြင့် ရောင်းသည်။
တချို့ဈေးသည် များကတော့ ကြက်ကြော်၊ ငါးကြော်တို့ကို ဗန်းထဲတွင်ထည့်ကာ ကြက်ကြော် တတုံး ၂၀၀၀ ကျပ်၊ ငါးကြော် တတုံးကို ၅၀၀ ကျပ်ဖြင့် လာရောက်ရောင်းချ ကြသည်။
“ကျမက မြစ်ဘေးက သင်တောရွာကနေ လာရောင်းတာပါ။ တနေ့ကို သုံးသောင်းဖိုးလောက် ရောင်းရတယ်။ ပါလာသမျှ ကုန်ပါတယ်။ တနေ့ကို စက်လှေတစီးပဲ ရောင်းပါတယ်” ဟု သင်တောမှ မသင်းသင်းက ဧရာဝတီသို့ ပြောသည်။
ခရီးသွား ဧည့်သည်များအတွက် စက်လှေပေါ်အထိ စားသောက် ဖွယ်ရာများကို လှေဖြင့် လာရောင်းသည့် အတွက် အဆင်ပြေသော်လည်း စက်လှေပေါ်တွင် အမှိုက်ပစ်ရန် အမှိုက်ပုံးများ မရှိသဖြင့် ခရီးသည်များက အမှိုက်များကို မြစ်ထဲသို့ပင် စွန့်ပစ်လိုက်ကြသည်။
“မြစ်ရဲ့အလှကို ပျက်စေတာ စွန့်ပစ် အမှိုက်တွေ ကိစ္စလည်း ပါပါတယ်။ ခရီးသွား ဧည့်သည်တွေအတွက် အမှိုက်ပုံးတော့ ထားပေး သင့်တာပေါ့။ စက်လှေမှာ အမှိုက်ပုံးမရှိတော့ မြစ်ထဲကိုပဲ လွှင့်ပစ်ရတာပေါ့” ဟု မုံရွာမြို့တွင် နေထိုင်ပြီး စက်လှေတွင် လိုက်ပါကာ ဈေးရောင်းနေသည့် မနီလာက ပြောပြသည်။
မနီလာထံတွင် မုန့်မျိုးစုံ၊ တစ်ရှုးစက္ကူ၊ ဆေးလိပ်မှ စ၍ လူသုံးကုန်ပစ္စည်းများ၊ ဘီယာဗူး၊ အရက်၊ စောင် အစရှိသည့် ပစ္စည်းများ ပါလာသည်။ သူက စက်လှေပေါ်တွင်သာမက မြစ်ဖျားရှိ ရွှေတွင်းများသို့ သွားရောက်ကာ ဈေးရောင်းမည့်သူ ဖြစ်သည်။
“ချင်းတွင်း မြစ်တလျှောက် နေထိုင်တဲ့ သူတွေက ဒီချင်းတွင်းမြစ်ကို အမှီပြုပြီး လုပ်ကိုင် စားသောက်ကြတယ်။ စက်လှေ မောင်းတဲ့သူ၊ တောင်ယာလုပ်တဲ့သူ၊ ဖျာယက်တဲ့သူတွေလည်း ဒီချင်းတွင်းမြစ်ကိုပဲ အခြေခံပြီး လုပ်ကိုင်ကြတာ။ အရင် ကတော့ ရွှေတွင်းကို ဒေသခံတွေက တပိုင်တနိုင် လုပ်တာပေါ့။ အဲဒီတုန်းက မြစ်ရေတိမ်တာ၊ ကောတာ မရှိသေးဘူး။ကုမ္ပဏီတွေ လာလုပ်ပြီး စက်ကြီးတွေနဲ့ တူးတော့မှ အခုလို ဖြစ်တာ” ဟု မနီလာက ဆိုသည်။
ဟုမ္မလင်းမြို့နယ် တခုတည်းတွင် တနေ့လျှင် ပျမ်းမျှ ရွှေ ၃၀၀၀ ဂရမ်ခန့် ထုတ်ယူကြောင်း သိရသည်။
ဟုမ္မလင်းတွင် နေထိုင်သည့် ဦးခင်မောင်ဌေးကလည်း ချင်းတွင်း မြစ်တလျှောက်တွင် သဘာဝ သယံဇာတများ ဖြစ်ကြသော ရေနံ၊ ကျောက်မီးသွေး၊ သစ်မွှေးနှင့် အဖိုးတန်သစ်မျိုးစုံ အပါအဝင် ရွှေထွက်ကြောင်း၊ ရွှေတူးဖော်ခြင်း၊ သစ်တောများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ခြင်းတို့ကြောင့် မြေဆီလွှာများ ခံနိုင်ရည်မရှိတော့ဘဲ မြေပြိုမှုများ ဖြစ်လာကြောင်း၊ ရွှေမှော်မှ ထွက်သည့် အညစ်အကြေးများနှင့် ဓာတုပစ္စည်းတို့ကြောင့်လည်း ရေနေသတ္တဝါများ ရှားပါးလာခဲ့ကြောင်း ပြောပြသည်။
ချင်းတွင်းမြစ် အထက်ပိုင်းတွင် တောင်ကြီးများကို စက်ယန္တရားကြီးများဖြင့် ဖြိုခွဲကာ ရွှေများ တူးဖော်နေပြီး ရွှေကျင်ရန် အတွက် အလုပ်သမား တဦးကို တလလျှင် ကျပ် ၁ သိန်းခွဲ ပေးကြောင်း၊ ရွှေတွင်းတူးသည့် နေရာများစွာ ရှိသကဲ့သို့ ကုမ္ပဏီ များစွာကလည်း လာရောက် လုပ်ကိုင်နေကြကြောင်း သိရသည်။
“ကျနော်တို့ကို ကုမ္ပဏီက လစာကို နေစားစရိတ်ငြိမ်းနဲ့ တလ ၁ သိန်းခွဲ ပေးတယ်။ ပြီးတော့ ကိုယ် ရွှေကျင်နိုင်ရင် ကျင်နိုင် သလောက် ပိုက်ဆံရတယ်။ ကျနော်တို့ ပခုက္ကူက လူတွေ ဒီဘက်ကို လာလုပ်တာ တော်တော် များပါတယ်” ဟု ရွှေမှော်သို့ သွားရောက် အလုပ်လုပ်မည့် ပခုက္ကူမှ ကိုမျိုးနိုင်က ဆိုသည်။
ချင်းတွင်းမြစ်သည် ဧရာဝတီနှင့် ချင်းတွင်းပေါင်းဆုံသည့် ပခုက္ကူမြို့မှ မုံရွာအထိ ရေမိုင် ၅၀၊ မုံရွာမြို့မှ အထက် ခန္တီးအထိ ရေမိုင် ၄၅၅ မိုင်၊ ထမံသီအထိ ၃၈၂ မိုင်၊ ဟုမ္မလင်းအထိ ၃၂၅ မိုင်၊ ဖောင်းပြင်အထိ ၂၁၆ မိုင်၊ ပန်းသာအထိ ၂၀၃ မိုင်၊ မော်လိုက်အထိ ၁၈၃ မိုင်၊ ကလေးဝအထိ ၁၄၅ မိုင်၊ သင်းတောအထိ ၇၂ မိုင်ရှိသည်။
“ချင်းတွင်းမြစ်က တကယ်ကို စိမ်းလန်းပြီး သစ်တောတွေ အုံ့ဆိုင်းနေတဲ့ နေရာတခုပါ။ အခုတော့ သစ်တောတွေလည်း ခုတ်၊ရွှေတွေ ကိုလည်း အရမ်း တူးကြတယ်။ ချင်းတွင်းမြစ် မတိမ်ကောရင်၊ ဘယ်မြစ် တိမ်ကောမှာလဲ။ ကျနော်တို့ ငယ်ငယ်တုန်းက ချင်းတွင်းမြစ်ဆိုတာ တော်တော်ကို လှတာ။ အခုဆိုတော့ ချင်းတွင်းမြစ် တခုလုံးကို ကြည့်လိုက်ရင် အမှိုက်တွေက တမျိုး၊
ရေဆိုရင်လည်း ညစ်ထေးနေတာပဲ” ဟု ဦးခင်မောင်ဌေးက ပြောသည်။
မော်တော်က ဟုမ္မလင်းဆိပ်ကမ်း ဆီသို့ တအိအိ ချဉ်းကပ်လာခဲ့ပြီ။ မော်တော်နောက်လိုက် ကလေးနှစ်ဦးက တုတ် တချောင်းစီဖြင့် ရေကြောင်းရှာရင်း အလုပ်ရှုပ်ရပြန်သည်။ နောက်ကျိသော ချင်းတွင်းမြစ်ရေကို ကျောခိုင်းခဲ့ပြီ ဖြစ်သော်လည်း “နှစ်ပေ … သုံးပေ” ဆိုသော ရေကြောင်းရှာဖွေသည့် အသံကတော့ ချင်းတွင်း မြစ်ကြောင်း တလျှောက် ပဲ့တင်ထပ်နေဆဲ။