ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတချို့၌ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA ) ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။ သို့သော် ကချင်လွတ်လပ်ရေး တပ်မတော်ကမူ (KIA) ကမူ ၎င်းတို့ထိန်းချုပ်ရာ ဒေသတွင် သန်းခေါင်စာရင်း ကောက်ခွင့်မပြုကြောင်း အစိုးရထံ အကြောင်းကြားပြီးဖြစ်သည်ဟု တုံ့ပြန်သည်။
နိုင်ငံတဝန်း သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့က စတင်ကောက်ယူနေရာ အဆိုပါ ဒေသတချို့တွင် KIA တပ်ဖွဲ့ဝင်များ၏ ခြိမ်းခြောက် တားမြစ်မှုကြောင့် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အကြောင်းကြားလာကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားထားသည်။
ကချင်ပြည်နယ် လွယ်ဂျယ် မြို့နယ်ခွဲနှင့် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၆ ရွာတို့၌ ကောက်ခံနိုင်ခြင်း မရှိဟု အစိုးရ သတင်းစာက ဆိုသည်။ ထို့အတူ ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မန်တုံမြို့ နယ်၊ မိုးမိတ်မြို့နယ်၊ မိုင်းလုံ မြို့နယ်ခွဲ စသည်တို့မှ ကျေးရွာ အုပ်စုတို့တွင်လည်း ကောက်ယူမှု မပြုလုပ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ် တချို့တွင် သန်းခေါင်စာရင်း ကောက်ယူခွင့် ပိတ်ထားသည်မှာ မှန်ကန်ကြောင်း၊ ထိုနယ်မြေများသည် KIA ထိန်းချုပ်ရာ ဒေသများ ဖြစ်ကြောင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဗဟို အဖွဲ့ဝင် ဦးဒွဲပီစာက ဧရာဝတီသို့ ပြောသည်။
၎င်းက “KIA ထိန်းချုပ်ရာ ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ခွင့် မပြုဖို့ မတ်လဆန်းမှာ ပြုလုပ်ခဲ့တဲ့ KIO ဗဟိုအစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကြတာပါ၊ အစိုးရ အာဏာပိုင်အဖွဲ့ကိုလည်း အကြောင်းကြားပြီးသား ဖြစ်ပါတယ်၊ လူမျိုး၊ အမည်နာမ တွေအပေါ်မှာ ကချင်လူထုက စိုးရိမ်မှုတွေ ရှိတဲ့အတွက် မကောက်ခိုင်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
သန်းခေါင်စာရင်း၌ ကချင်လူမျိုး အမည်များကို အကွဲကွဲ အပြားပြား လုပ်ဆောင်ထားကြောင်း၊ ထိုသို့ လုပ်ဆောင်ထားခြင်း တို့ကြောင့် စည်းရုံးရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို ထိခိုက်စေသည်ဟု KIO အဖွဲ့ က ဆိုသည်။
အစိုးရ သတင်းစာများ၌ ရေးသားထားခြင်းသည် အစိုးရ၏ အာဘော်သာ ဖြစ်၍ ထင်မြင်ချက် မပေးလိုကြောင်းလည်း ဦးဒွဲပီစာက ပြောသည်။ KIO/KIA အနေဖြင့် လူဦးရေ စာရင်းကောက်ခံမှုကို ၃ နှစ် တကြိမ် ကောက်ခံလေ့ရှိသည်ဟု သိရသည်။ လက်ရှိ အစိုးရ ကောက်ခံနေသည့် သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်း မရှိ၍ ၎င်းတို့ ကချင်လူထုအတွက် ထိခိုက် နစ်နာမှု မရှိဟုလည်း ဦးဒွဲပီစာက ရှင်းပြသည်။
တိုက်ပွဲများကြောင့် နယ်မြေ မအေးချမ်းသည့် ဒေသများနှင့် ကချင်၊ ကရင်၊ ရှမ်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရှိသည့် နယ်မြေများ၌ သက်ဆိုင်ရာ အဖွဲ့အစည်းများ ကိုယ်တိုင် ကောက်ယူမည်ဟု အစိုးရအဖွဲ့နှင့် သဘောတူညီမှု ရရှိထားကြောင်းလည်း သိရသည်။
ထို့အတူ ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က လည်း ၎င်းတို့ တပ်များ တည်ရှိသည့် နေရာ၌ သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဟု မီဒီယာများသို့ ပြောဆိုထားသည်။ ဝေးလံ ခေါင်သီသည့် ‘ဝ’ နယ်မြေများ၌လည်း ၎င်းတို့ ကိုယ်တိုင် ကောက်ခံပေးသွားမည်ဟု UWSA က ပြောသည်။
အစိုးရ ကောက်ခံနေသည့် သန်းခေါင် စာရင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးများအကြား အငြင်းပွားမှု အများအပြား ရှိနေသည်။ သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ရက်နေ့က စတင်ခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။