ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုတွေ လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာလျှင် မဲဆွယ်စည်းရုံးခွင့်ပြုမယ်လို့ ဧပြီလ ၇ ရက်နေ့ ပုသိမ်မြို့မှာ ပြောဆို လိုက်တာမို့ ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံအနှံ့မဲဆွယ်ခွင့်ကို ဦးတည်ပိတ်ပင်တော့မလားဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေး အသိုင်း အဝိုင်းမှာ ထွက်ပေါ် လာပါတယ်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က လစ်လပ် မဲဆန္ဒနယ် ၄၅ နေရာမှာ ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ ခုမှာ ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လည်း ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်မှာကို စိုးရိမ်တဲ့အတွက် အခု ရွေးကောက်ပွဲ ကော်မရှင်က ပိတ်ပင်မှုတွေ လုပ်လာသလားလို့ လွှတ်တော်အမတ်တချို့က သုံးသပ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့ မဲဆန္ဒနယ်တခုမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စား လှယ် လောင်း တွေသာလျှင် အဲဒီမဲဆန္ဒနယ်မှာ မဲဆွယ်ခွင့်ရှိပြီး တခြားဒေသက လူတွေ လာရောက်ဟောပြောမဲဆွယ်မှုကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
“လာမယ့် ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြောနဲ့။ ဝင်ချင်ဝင် မဝင်ချင်နေ။ ကျနော် ဒီမြို့ ဒီရွာမှာ အရွေးခံမယ်ဆို ကျနော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူလာပြောလို့ ဘာလုပ်မတုန်း။ ဒါကြောင့် ကျနော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကကျနော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်”လို့ ဦးတင်အေးက ဆိုပါတယ်။
ဦးတင်အေးရဲ့ ပြောဆိုချက်အရဆိုရင်တော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတုန်းကလိုမျိုး NLD ပါတီအမတ်လောင်းတွေအတွက် လှည့်လည် မဲဆွယ် စည်းရုံးခွင့် ရတော့မှာမဟုတ်ပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာသံတမန်တွေက လွပ်လပ် ၍ တရားမျှတသောရွေးကောက်ပွဲလို့ ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ကတော့ လွပ်လပ် လွန်း၍ မမျှတသည့် ရွေးကောက်ပွဲလို့ ပြောဆိုပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလို မဲဆွယ်မှုတွေ လုပ်ရင် အရေးယူမယ်လို့ ဆိုပါတယ်။
“လွပ်လပ်လွန်းတာမှ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ဆိုတာနဲ့တောင် မတူဘူး။ ဆန္ဒပြ နေသလား၊ ၈၈ အရေးအခင်းများပြန်ရောက်နေသလားမှတ်ရတယ်။ နဖူးစီးလည်းပါတယ်။ ကြယ်ငါးပွင့် အလံ လည်းပါတယ်။ဘယ်သူကမှလည်း ကန့်ကွက်သူမရှိဘူး။ ကန့်ကွက်ရင် ကျနော် အရှုံးပေးပစ်မှာပါ။ ၂၀၁၅ မှာ ကန့်ကွက်ပါ။ ကျနော်အရှုံးပေးပစ်ပါမယ်။ ဒါက ဥပဒေဖောက်ဖျက်ပြီးလုပ်တာပဲ။ အလံဥပဒေဆိုတာ ရှိပါတယ်” လို့ ဦးတင်အေးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးမင်းသိန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးရဲ့ပြောဆိုချက်က ဒီမိုကရေစီစနစ် မကိုက်ညီဘူးလို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ခေါင်းဆောင်ပဲဗျ။ ပါတီခေါင်းဆောင်တဦးအနေနဲ့ သူ့ပါတီက ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေအားလုံးမှာ သူသွားပြီး မဲဆွယ်စည်းရုံးခွင့်ရှိတယ်။ ဦးတင်အေးပြောတာတွေက ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီဘူး။ လွတ်လပ်စွာ စည်းရုံးဟောပြောခွင့်ကို ပိတ်ပင်တာပဲ” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကတော့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပြောဆို ချက်တွေ ထောက်ခံတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
“အမှန်က ကိုယ့်နယ်မြေမှာ ကိုယ်ဘာသာကိုယ် ပြိုင်မယ့်သူ တက်ပြောတာတော့ ပိုသဘာ၀ ကျတာပေါ့နော်။ သူများဟာကို သွားပြီးတော့ စွယ်ပေးတာကျတော့ အဲဒီလူအနေနဲ့လည်း သူကိုယ်တိုင် အစွမ်းမရှိလို့ သွားကူရသလိုချည်း
ဖြစ်နေတာပေါ့နော်။ အမှန်က ကိုယ်စားလှယ်တွေက ကိုယ့်နယ်မြေကို ပိုင်ပိုင်နိုင်နိုင် စည်းရုံး သင့်တယ်။ အခုလို ကန့်သတ်လိုက်တာကို ကျနော်အနေနဲ့ ကြိုက်တယ်။ ဆိုလိုတာက Fair ဖြစ်တာပေါ့။ မောင်ဖြူပြိုင်မှာဆို မောင်ဖြူပဲပြော။ မောင်ဖြူနဲ့ အတူ မောင်မဲက ယှဉ်မယ်ပေါ့နော်။ အခြားပါတီက ။ အဲဒီမြို့နယ်မှာ ယှဉ်မယ့်လူကပဲ စည်းရုံးဟောပြောပြီး တော့ အဲလို လုပ်တာ ပိုကောင်းတယ်။ တခြားသူရဲ့ power သုံးပြီးတော့ လုပ်တယ်ဆိုတာ သဘာ၀ မကျဘူး။မတရား အနိုင်ကျင့်ရာ ကျတာပေါ့ဗျာ” လို့ ဦးလှဆွေက ဆိုပါတယ်။
(သာလွန်ဇောင်းထက် ပူးတွဲရေးသားသည်)