တဖက်နိုင်ငံကို လူကုန်ကူးခံရပြီး ကယ်ဆယ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီထားရှိဖို့အတွက် အစိုးရက ထိုင်း-မြန်မာ နယ်စပ် ကော့သောင်းမြို့မှာ “လူကုန်ကူးခံရသူများ ယာယီစောင့်လျှောက်ရေးဂေဟာ” တခုကို အခုလ ၂၄ ရက်နေ့က ဖွင့်လှစ် လိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ဂေဟာဖြစ်ပြီး လူအယောက် ၅၀ လောက် ခိုလှုံနိုင်တဲ့ ဒီဂေဟာရဲ့ ကုန်ကျ စရိတ်တွေကိုတော့ ဂျပန်အစိုးရက ကူညီထောက်ပံ့ပေးတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘက်မှာ လူကုန်ကူးခံရပြီး ကယ်ဆယ်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဒီဂေဟာမှာ ယာယီထားပြီး အဲ့ဒီကနေ တဆင့် နေရပ်ရင်းတွေကို အစိုးရက တာဝန်ယူ ပြန်ပို့ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကော့သောင်းခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ခွဲမှူး ဦးမင်းခိုင် က “အရင်တုန်းက ဒီလို Shelter မရှိခင်တုန်းက ကိုယ့်အစီအစဉ်ကို ဒေသခံအာဏာပိုင်အစီအစဉ်နဲ့ပဲ နေရပ်တွေကိုပြန်ပို့တာခင်ဗျ။ အခုကတော့ Shelter ရှိသွားပြီဆိုတဲ့ အခါ ကြတော့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ နည်းလမ်းအတိုင်းလုပ်ပါလိမ့်မယ်ဗျ” လို့ ဧရာဝတီကိုပြောပါတယ်။
သူကဆက်ပြီး “ကျနော်တို့က ယာယီထားပြီးလို့ရှိရင် သူတို့ရဲ့ကျန်းမာရေးစောင့်လျှောက်မှုတို့ စိတ်ကျန်းမာရေးဘာညာပေါ့နော။ အဓိက ရည်ရွယ်ချက်ကတော့ သူ့ရဲ့ မိဘဆွေမျိုးတွေနဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ ဖြစ်ပါတယ်” လို့ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံနေရမှုတွေက ရှိနေဆဲဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာရှိတဲ့ ဂေဟာတွေ မှာလည်း ကယ်ဆယ်စောင့်လျှောက်ထားတဲ့ မြန်မာနိုင်ငံသား လူကုန်ကူးခံထားရသူတွေရှိနေပြီး အဲဒီ့လူတွေကိုလည်း မြန်မာ ဘက်က လွှဲပြောင်းယူဆောင်ပြီး နေရပ်ရင်းကို ပြန်ပို့ပေးသွားမှာဖြစ်တယ်လို့လည်း ဦးမင်းခိုင် က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံဘက်မှာ “လူကုန်ကူးခံရသူများ ယာယီစောင့်လျှောက်ရေးဂေဟာ” ဖွင့်လိုက်တဲ့အပေါ် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင် နေတဲ့ ညီမျှခြင်း မြန်မာ လို့ခေါ်တဲ့ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်း ကလည်း လက်ကမ်းကြိုဆိုကြောင်းပြောပါတယ်။
“အရင်တုန်းကဆိုရင် ထိုင်းရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ထားထားတာ အဲ့ပုံစံမျိုးဖြစ်တတ်တယ်၊ အဲဒီ့နေရာမှာ ဘာသာ စကား မတူတာတွေ ယဉ်ကျေးမှုမတူတာတွေ ဖြစ်တတ်တဲ့အတွက် လူကုန်ကူးမှု ခံရတဲ့ အမျိုးသမီး အမျိုးသား၊ အထူးသဖြင့် ကလေး တွေဟာ အခက်အခဲအများကြီးကြုံရတယ်။ ဆိုတော့ အခုလိုမျိုးနယ်စပ်မှာ ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပေးတာ ကောင်းပါတယ်” လို့ ဦးအောင်မျိုးမင်း က ဧရာဝတီကို ပြောပါတယ်။
ဒါပေမယ့် လူကုန်ကူးခံထားရသူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုင်ဒဏ်ရာရရှိမှုတွေရှိထားတဲ့ သူတွေဖြစ်တာမို့ ဂေဟာမှာ သူတို့ကို စောင့်လျှောက်ပေးမယ့် အစိုးရ ဝန်ထမ်းတွေဟာ လူကုန်ကူးခံရသူတွေရဲ့ ဂုဏ်သိက္ခာကို နားလည်ဖို့နဲ့ လူ့အခွင့်အရေးတွေကို နားလည်ဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“သူတို့တွေက ရာဇဝတ်သားတွေ မဟုတ်ဘူး၊ လူ့အခွင့်အရေးချိုးဖောက်ခံရပြီးတော့ ရာဇဝတ် သားတွေရဲ့ လက်ချက်ကြောင့် ဒုက္ခရောက်ရသူတွေဖြစ်တယ်။ အဲတော့ သူတို့တွေကိုကိုင်တွယ်ဖြေရှင်းတဲ့အချိန်မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက် ဒါဏ်ရာ ရမှုတွေရှိနေတယ်၊ ဆိုတော့ အဲဒါတွေကို နားလည်သဘောပေါက်တဲ့ ဝန်ထမ်းတွေရှိဖို့ လိုအပ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂေဟာတွေမှာထားတဲ့ လူတော်တော်များများက လူကုန်ကူးခံရတဲ့ အထူးသဖြင့် ပြည့်တန်ဆာလုပ်ငန်းတို့ အခြားလုပ်ငန်းတွေက ပြန်လည်လွတ်မြောက်လာတဲ့သူတွေဆိုရင် အထင်သေးဆက်ဆံတတ်တဲ့ဟာမျိုး ရှိတယ်” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
သူကဆက်ပြီး “နောက်တခါ အဲလိုလူမျိုးကို အမိန့်နဲ့ ထိန်းချုပ်မှ ရတယ်ဆိုတဲ့ အစွဲတွေရှိတဲ့အခါမှာ ဒီဂေဟာမှာထားတဲ့သူတွေက အဲဒီလူတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတာမျိုး မဟုတ်ဘဲနဲ့ အပြစ်ပေးတဲ့ ပုံစံမျိုးဖြစ်တဲ့အခါမှာ လွတ်လာတဲ့လူတွေအနေနဲ့ တပူပေါ် နှစ်ပူဆင့်တဲ့ အဖြစ်မျိုး အများကြီး တွေကြုံတွေ့ရပါတယ်။ ဂေဟာတွေပေါ်လာတာတော့ ကောင်းတယ်၊ ဒါပေမယ့် အဲဒီမှာ ရှိတဲ့ ဝန်ထမ်းတွေရော၊ စည်းကမ်းတွေရောကတော့ လူ့အခွင့်အရေးနဲ့ ကိုက်ညီဖို့ အဲ့ဒီလူတွေရဲ့ ဂုဏ်သိက္ခကို လေးစား ဖို့ကတော့ လိုအပ်ဦးမှာပါခင်ဗျ” လို့ ဖြည့်စွက်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ကလေးတွေ အတွက် ပညာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေတဲ့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်ကလည်း သူတို့စီမှာ လူကုန်ကူးခံထားရတဲ့ သူတချို့ကို ကယ်တင်ထားတာရှိပြီး အဲဒီ့လူတွေကို အခုဖွင့်လှစ်လိုက်တဲ့ “လူကုန်ကူးခံရသူများ ယာယီ စောင့်လျှောက်ရေးဂေဟာ” ကိုပို့ဆောင်ပေးသွားမယ်လို့ဆိုပါတယ်။
ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားအရေးတွေ အရေးကို ဆောင်ရွက်တဲ့အခါမှာ အမြဲတမ်းလို ကြန့်ကြာမှုတွေရှိနေတဲ့ အတွက် “လူကုန်ကူးခံရသူများ ယာယီစောင့်လျှောက်ရေးဂေဟာ” နဲ့ပတ်သက်ပြီးတော့လည်း ဘယ်လောက်ထိ ထိထိရောက်ရောက်လုပ်ဆောင်မလဲဆိုတာကိုတော့ စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။
“အခုလိုမျိုး ဂေဟာဖွင့်တာကို ကြိုဆိုတယ်။ ကျနော်တို့အနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းလုပ်ဆောင်မယ်။ အစိုးရအနေနဲ့ ဘယ်လောက် အလုပ်ဖြစ်လဲ၊ မဖြစ်လဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဘဲ” လို့ ဦးထူးချစ်က ဧရာဝတီကိုပြောပါတယ်။
ထိုင်းနိုင်ငံဘက်မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ လူကုန်ကူးခံရပြီး ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ ရာဂဏန်းရပြီး ယဉ်ကျေးမှု၊ အစားအသောက်နဲ့ ဘာသာစကားမတူညီတာတွေကြောင့် အကျဉ်းထောင်တခုထဲကို ထပ်ရောက်နေသလို ခံစားနေကြရပြီး အဲဒီကယ်ဆယ်ရေး စခန်းတွေမှာဘဲ နှစ်ချီကြာမြင့်နေတဲ့လူတွေရှိနေတယ်လို့ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT) ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
“ခုလိုမြန်မာဘက်က ဖွင့်လိုက်တာ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ထိုင်းနိုင်ငံ ကယ်ဆယ်ရေး စခန်းတွေမှာ ရှိနေတဲ့ မြန်မာ အလုပ်သမားတွေဟာ လူကုန်ကူးခံခဲ့ရတုန်းက လုပ်အားခငွေတွေ မရဘဲနဲ့ အချိန်ကုန်ခံ၊ စိတ်ဆင်းရဲခံ၊ အပင်ပန်းခံပြီးတော့ လုပ်ခဲ့ရတယ်။ ဒါအပြင် ထိုင်းရဲ့ ကယ်ဆယ်ရေးစခန်းတွေထဲမှာ အစားအသောက်၊ ယဉ်ကျေးမှု၊ ဘာသာစကားမတူဘဲနဲ့ ၆ လ ၁ နှစ်ကျော် ကြာနေတဲ့လူတွေရှိတယ်” လို့ ဦးကျော်သောင်းက ဧရာဝတီကိုပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအရေးကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ MAT အပါအဝင် ထိုင်းအစိုးရ၊ မြန်မာအစိုးရနဲ့ FEDတို့ ပူးပေါင်းပြီး ၂၀၁၂ ကနေ ၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု နှိမ်နှင်းခြင်း စုစုပေါင်း ၆၁ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည့်တန်ဆာ အဖြစ်ရောင်းစားခံရသူ ၁၀ အပါအဝင် မြန်မာနိုင်ငံသား ၅၅၆ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အခုဖွင့်လှစ်လိုက်တဲ့ “လူကုန်ကူးခံရသူများ ယာယီစောင့်လျှောက်ရေးဂေဟာ” အပါအဝင် စုစုပေါင်း ၂ ခုရှိပြီး တရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့မှာ ၂၀၁၂ ခုနှစ်က တခု ဖွင့်လှစ်ခဲ့ပါတယ်။