ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီတွေကို ထောက်ပံ့ပေးနေကြတဲ့ ကုလသမဂ္ဂ(UN) လက်အောက် ခံ အဖွဲ့တွေနဲ့နိုင်ငံတကာ INGOs, NGO အဖွဲ့တွေ အနေဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဖွံဖြိုးရေး လုပ်ငန်းတွေအတွက် မျှမျှတတ ဆောင်ရွက်ပေးဖို့ ကတိပေး၊ သဘောတူထားပေမယ့် လက်တွေ့မှာ ဘာမှဆောင်ရွက်မှု မရှိသေးဘူးလို့ စစ်တွေ ဒေသခံ တွေ က ပြောကြပါတယ်။
ရခိုင်ဒေသက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ဘင်္ဂါလီလူမျိုး တွေ နှစ်ဘက်စလုံးမှာ အကူအညီလိုအပ်နေကြပေမယ့် နိုင်ငံတကာ အဖွဲ့တွေက ဘင်္ဂါလီတွေကိုသာ ဘက်လိုက်ပေးတယ်ဆိုပြီး ဆန့်ကျင် ကန့်ကွက်မှုတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်းမှာတော့ နှစ်ဘက်စလုံးကို အကူအညီပေးဖို့ကို ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရ၊ ဒေသခံ ရပ်မိရပ်ဘတွေနဲ့ တွေ့ဆုံးပြီး ဧပြီလအတွင်းက ကတိပေးခဲ့ကြ ပါတယ်။
“ဒေသခံ ဖွြံဖိုးရေးအတွက် ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ် ဆိုတာမျိုးတွေက ခဏခဏ ပြောနေကြတာပဲ၊ ဒါပေမယ့် လက်တွေ့ မှာက ဘာမှဖြစ်မလာတော့ ဝါဒ ဖြန့်ရုံ သက်သက်ပဲ ဖြစ်နေတယ်၊ ဒေသတွင်းမှာ လုပ်ဆောင်နေတဲ့ ကိစ္စတွေကိုလည်း မြို့ခံလူထု က ဘာမှ မသိရပါဘူး၊ ရပ်မိရပ်ဘဆိုသူတွေကလည်း သူတို့ စိတ်ကြိုက်လူတွေကို ခေါ်ယူခန့်ထား သူတွေပါ” လို့ စစ်တွေ ဒေသခံနဲ့ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် က ပြောပါတယ်။
ဒါ့အပြင် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး၊ အကူအညီပေးရေး ကိစ္စတွေအတွက်လည်း အစိုးရ အာဏာပိုင်တွေအနေနဲ့ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ပူးပေါင်း ဆောင်ရွက်မှု လုံး၀ မရှိဘူးလို့ ဆိုပါတယ်။
ဒေသခံတွေကို ကူညီပေးဖို့ စစ်တွေ ရပ်မိရပ်ဘတွေ၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ပြည်ထောင်စု အဆင့် ဝန်ကြီးတချို့ပါဝင် ဖွဲ့စည်းထားတဲ့ အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေး စင်တာ(ECC) အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာအဖွဲ့တချို့က တာဝန်ရှိသူတွေဟာ စစ်တွေမြို့နယ်အတွင်း က ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးကျေးရွာ ၃ ခု ကို ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က သွားရောက်လေ့လာခဲ့ပြီး ရွာခံတွေနဲ့ တွေ့ဆုံကာ ကူညီပေးမယ့် အရာတွေ ကို ပြောဆိုသွားကြပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ECC အဖွဲ့ကို ပြည်ထောင်စု အဆင့် နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း က ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက် နေတာဖြစ်ပြီး ဒုက္ခသည် စခန်းများထက် ဆင်းရဲကျပ်တည်းနေတဲ့ ရခိုင်တိုင်းရင်းသား ကျေးရွာတွေအတွက် ဖွံ့ဖြိုးရေး စီမံကိန်းတွေ စတင် ရေး ဆွဲနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ် မောင်မောင်အုန်း က “ထောက်ပံ့တဲ့ နေရာမှာ မျှတစွာ ထောက်ပံ့ဖို့ လိုလာပြီ။ ပြီးတော့ ရခိုင်ပြည်နယ်မှာလည်း ဖွံ့ဖြိုးရေး စီမံကိန်းတွေပါ ထည့်တော့မှ မျှတတော့မယ်၊ ကယ်ဆယ်ရေး တခုတည်းဆိုရင် ဟိုဘက်ကိုပဲ ရောက်တော့မယ် ဆိုတော့ UN က ဖွံ့ဖြိုးရေး စီမံကိန်းတွေ စလုပ်ဖို့ ပြင်နေပြီ” လို့ ဧရာဝတီကိုပြောပါတယ်။
လတ်တလောမှာတော့ ဖွံ့ဖြိုးမှု အနည်းဆုံး ကျေးရွာများအဖြစ် မြို့ခံတာဝန်ရှိသူတွေဘက်က တင်ပြလာတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးက ကုန်းရေပေါ်ရွာ၊ လွန်မထက်ရွာနဲ့ သုံးဆောင်ရွာ တို့ကို UN လက်အောက်ရှိ INGO အဖွဲ့တွေနဲ့ နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရတို့က ပူးပေါင်းပြီး ရေ၊ မီး၊ လမ်း၊ တံတားနဲ့ ရေတွင်း၊ ရေန်ကန်တွေ ရရှိရေးကို ၃ လအတွင်း တပြိုင် တည်းလုပ်ဆောင် ပေးသွားမယ်လို့ ဆိုပါတယ်။
“အဲဒီ ၃ ရွာထဲက တရွာဖြစ်တဲ့ ကုန်းရေပေါ်ဆိုတဲ့ ရွာကို UN အဖွဲ့တွေနဲ့ သွားတယ်။ အဲဒီမှာတင် UN နဲ့ INGO တွေ မျက်ရည်ကျ သွားတယ်။ တိုင်းရင်းသားတွေရဲ့ တကယ့် အခြေအနေမှန်ကို သူတို့ နားလည်သွားတယ်” လို့ ဗိုလ်ချုပ်မောင်မောင်အုန်း က ပြောပါတယ်။
ဆင်းရဲနွမ်းပါးတဲ့ ရခိုင်ကျေးရွာတွေကို ဖွံ့ဖြိုးရေး အကူအညီတွေပေးဖို့ စီမံကိန်းတွေရေးဆွဲနေပြီလို့ ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောဆိုနေပေမယ့် ရခိုင်ပြည်နယ် အစိုးရက ဖွဲ့စည်းထားပေးတဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် နဲ့ ရန်ကုန်အခြေစိုက် UN ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်း တို့ပြောတာကတော့ လေ့လာတဲ့ အဆင့်မှာပဲရှိသေးတယ်လို့ ဆိုပါတယ်။
ဦးအေးဝင်းက “အဲဒီ့ (ရခိုင်) ရွာတွေကိုကနဦးသွားပြီးတော့ လေ့လာဆဲ၊ အဲဒီကလူတွေနဲ့ စကားပြောတဲ့ အဆင့်ပဲ ရှိပါသေးတယ်၊ ဘာမှ မလုပ်ရသေးပါဘူး၊ နည်းနည်းအချိန်ယူရဦးမှာပါ”လို့ ဧရာဝတီကို ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ ၂၀၁၂ ဇွန်နှင့် အောက်တိုဘာလထဲမှာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ လူမျိုးတွေအကြား ပဋိပက္ခတွေ ဖြစ် ပွားခဲ့ပြီး လူပေါင်း ၁ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရပါတယ်။ နှစ်ဘက်လုံးမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရာတာ၊ ဒုက္ခရောက် နေကြ ရတာတွေ တူကြပေမယ့် နိုင်ငံတကာ NGO ရုံးတွေက ဘင်္ဂါလီလူမျိုးတွေဘက်ကို ဘက်လိုက်ကူညီပေးတယ်ဆိုပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေက ကန့်ကွက် ဆန့်ကျခဲ့ကြပါတယ်။
မတ်လ ၂၆ ရက်နှင့် ၂၇ ရက်ကလည်း စစ်တွေမြို့မှာ လူအုပ်စုအဖွဲ့တွေက NGO ရုံးတွေထွက်သွားဖို့ ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြပါသေးတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ်(WFP) ရဲ့ ပစ္စည်းသိုလှောင်ထားတဲ့ ဂိုဒေါင်နဲ့ NGO ရုံးတချို့ကိုလည်း ဖျက် ဆီး ခဲ့ကြပါတယ်။ အဲဒီလူအုပ်စုကို ရဲတပ်ဖွဲ့က ပစ်ခတ် လူစုခွဲခဲ့ရာမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ရပါတယ်။