ခုဆိုရင် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရသစ်တက်တာ ၃ နှစ်ကျော်ပါပြီ။ အလားတူ စစ်ခေါင်းဆောင်တွေ ဦးဆောင်ပြီး အပြောင်းအလဲ ဖော်ဆောင်နေတာလဲ ၃ နှစ်ကျော်ကာလထဲ ရောက်လာပါပြီ။ အပြောင်းအလဲ လုပ်ကာစ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အံသြ၊ ချီးကျူး လက်ခုတ် သြဘာသံတွေ ရခဲ့သလောက် နောက်ထပ်တကြိမ် ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၁၅ နီးလာလေလေ တိုင်းပြည် တည်ငြိမ်မှု ရှိပါ့မလား ဆိုပြီး စိုးရိမ်မှုတွေ ပိုလာလေလေ ဖြစ်နေတာ တွေ့မြင်ကြရပါတယ်။ တကယ့်လက်တွေ့လည်း မြို့ပေါ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကောင်းကောင်း မတည်ဆောက်နိုင်သေးသလို အဓိကအားဖြင့် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကိုလည်း မတည်ဆောက်နိုင်သေးပါဘူး။ ဒီကြားထဲ ဗီယက်နမ်မှာ ဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ၊ ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်တပ်က အာဏာသိမ်းမှုတွေကလည်း နမူနာကောင်းတွေ မဟုတ်တာမို့ မြန်မာ့အရေးဟာ ပိုပိုပြီး စိုးရိမ်မကင်းစရာ ဖြစ်လာနေပါတယ်။ လက်ရှိ ဘာတွေ ဖြစ်နေသလဲ၊ ၂၀၁၅ ကို ကောင်းကောင်းမွန်မွန် ဖြတ်ကျော်နိုင်အောင် ဘာတွေ လုပ်ကိုင်ဆောင်ရွက်သင့်သလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
မြန်မာ့နိုင်ငံရေးမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြဿနာကြီး ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ လောလောဆယ် ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်ပြီး မူ ၃ ခု လမ်းကြောင်းသုံးသွယ် ဖြစ်ပေါ်နေပြီး တခုနဲ့ တခု ထိပ်တိုက်တွေ့မယ့် သဘောလည်း မြင်တွေ့နေရပါတယ်။ အားလုံး သိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ၈၈ ပွင့်လင်းအဖွဲ့တွေဟာ ဖွဲ့စည်းပုံထဲက ပုဒ်မ ၄၃၆ ကို ပြင်လိုကြပါတယ်။ ပါတီခေါင်းဆောင်တယောက် ဖြစ်တဲ့ ဦးဝင်းမြင့်က ရွေးကောက်ခံ အမတ်တွေရဲ့ သုံးပုံနှစ်ပုံ အရည်အတွက်နဲ့ ဖွဲ့စည်းပုံပြင်လို့ ရတဲ့ အနေအထားမျိုး လိုချင်တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်ခေါင်းဆောင်တွေကို အခွင့်ထူးတွေ မယူဖို့ ပွင့်ပွင့်လင်းလင်း ဟောပြောပါတယ်။ တပ်မတော်ဘက်ကို လှည့်ပြီး “ အာဏာမက်မောလို့ အထူးအခွင့်အရေး မက်မောလို့ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူးဆိုတာ သက်သေထူလိုက်ပါလို့ ကျမက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ် ဆိုတာထက် တနည်းအားဖြင့် ပြောရရင် စိန်ခေါ်မှုလို့လည်း ပြောလို့ရပါတယ်။ ကျမ စိန်ခေါ်ပါတယ်” လို့ အတိအလင်း ပြောဆိုမှုတွေ ရှိနေပါပြီ။
ကိုမင်းကိုနိုင်ကလည်း ဖွဲ့စည်းပုံပြင်ရေး ဟောပြောပွဲမှာ ဒါဟာ လူအင်အားပြတဲ့ ပွဲမဟုတ်ဘူး၊ တကယ် ပြချင်ရင် ဟောဒီ ရန်ကုန် တစ်မြို့လုံး၊ စည်ပင်သာယာ နယ်နိမိတ်ကြီး တစ်ခုလုံး လူပင်လယ်ကြီးဖြစ်သွားအောင် လမ်းပေါ် ပြည့်သွားအောင် အားလုံး ဖန်တီးနိုင်ပါတယ် ဆိုပြီး ရဲရဲတောက် မိန့်ခွန်းချွေပါတယ်။ အတောမသတ်နိုင်တဲ့ လက်ခုပ်သံတွေ ရပါတယ်။ သဘောကတော့ စစ်တပ်ရဲ့ သဘော မပါလည်း ဖွဲ့စည်းပုံကို ပြင်ချင်တယ်၊ စစ်တပ်ဟာ ဂုဏ်သိက္ခာရှိရှိနဲ့ စစ်တန်းလျား ပြန်သွားပါ ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဒါနဲ့ ပါတ်သက်လို့ သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကတော့ ရှေ့ပိုင်းမှာကတည်းက ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ပြီးပါပြီ။ သူတို့က ဖွဲ့စည်းပုံထဲက အချက်တစ်ချို့ ပြင်ရမယ်၊ ဒါပေမယ့် ပြင်တဲ့အခါ အခန်း ၁၂ ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အတိုင်းပဲ ပြင်ရမယ် လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ပြင်ပြင် တပ်မတော်က သဘောတူမှ ပြင်ပါ လို့ ဆိုလိုတာပါပဲ။ သဘောထား ဆန္ဒနှစ်ခု အရှေ့နဲ့ အနောက်၊ တောင်နဲ့မြောက် ဆန့်ကျင်ဘက်တွေ ဖြစ်နေတာပါ။
လက်ရှိ လွှတ်တော်ထဲက ဖွဲ့စည်းပုံပြင်ရေး ကော်မတီကလည်း နေ့စဉ် အစည်းအဝေးတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ သူရဦးရွှေမန်း အကြံပြုထားတဲ့ ပုဒ်မ ၄၃၆ ပြင်ရေး အရင်ဆွေးနွေးပါ ဆိုတဲ့အတိုင်း ဆွေးနွေးပြီးနောက် သဘောထားတစ်ခု ထွက်လာပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်း ချမှတ်ထားတဲ့ လျှို့ဝှက်ရေး လမ်းစဉ်အရ ဘယ်သူကမှ တရားဝင် ထုတ်ပြောတာ မရှိသလို ဘယ်လို ပုံစံလည်း ဆိုတာ မှန်းဆရ ခက်ခဲပါတယ်။ နောက်တစ်ခုက ကော်မတီဟာ အများသဘောနဲ့ ဆုံးဖြတ်ချက် ချနိုင်တာမို့ အဖြစ်နိုင်ဆုံးဟာ ဒီ ၄၃၆ ပြင်ဆင်ရေး ဆိုတာဟာ ပြည်ခိုင်ဖြိုးပါတီက အဆိုပြုူတဲ့ မူတစ်ခု ဖြစ်မှာ သေခြာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ မူတစ်ခု လွှတ်တော်ထဲ ရောက်လာနိုင်ပေမယ့် တပ်မတော်ကိုယ်စားလှယ်တွေက သဘောမတူရင် ဘာမှ လုပ်လို့ မရနိုင်ပါဘူး။ ပြောရရင် အာဏာရှိသူတွေ၊ လွှတ်တော်ကို လွှမ်းမိုးထားသူတွေနဲ့ အတိုက်အခံတွေအကြား အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံတဲ့ မူတခု ရှာတွေ့ကြသေးပုံ မပေါ်ပါဘူး။ ဒီအတွက် ပြဿနာ မပြေလည်နိုင်ပါဘူး။
အလားတူ အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေအကြား အပစ်ရပ်ရေး စာချုပ်တစ်ခု ရလာရေး ညှိနှိုင်းနေတာလဲ အဆင်မပြေနိုင်သေးပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားတွေထဲမှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးမထားတာ၊ နိုင်ငံရေးအရ သဘောတူညီချက် မရရင် လက်မှတ်မထိုးနိုင်ဘူးလို့ တရားဝင်ကြေငြာထားသူဟာ ကေအိုင်အို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ကစ အစိုးရစစ်တပ်က ဒုတပ်ရင်းမှူးတစ်ယောက် ပစ်ခတ်ခံရ၊ ကျဆုံးသွားမှုက အစ ပြုပြီး အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။ အစိုးရတပ်က နယ်မြေ စိုးမိုးရေးတွေလုပ်၊ ကေအိုင်အေ စခန်းကုန်းတွေကို သိမ်းယူတာတွေ လုပ်ပါတယ်။ နောက်ပိုင်း ကေအိုင်အိုဘက်က အစိုးရနဲ့ ဆွေးနွေးလိုကြောင်း ကမ်းလှမ်းတာတွေ လုပ်ပါတယ်။
ဒီ ကြားကာလထဲမှာပဲ ကေအိုင်အေက အစိုးရဝန်ထမ်း တချို့ကို ဖမ်းဆီးတာ လုပ်ပါတယ်။ အစိုးရ စိုးမိုးနယ်မြေထဲက လူငယ်တွေကိုဖမ်းပြီး တပ်သားသစ် စုဆောင်းတာတွေ လုပ်ပါတယ်။ အဲဒီလူတွေ ပြန်လွှတ်ပေးဖို့၊ ပြန်မလွှတ်ပေးရင် စစ်ရေးနည်းနဲ့ တိုက်မယ်လို့ အစိုးရဘက်က ရာဇသံ ပေးပါတယ်။ အဲဒီ ကာလ အတွင်း မြစ်ကြီးနားမှာ ကေအိုင်အိုနဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့တဲ့အခါ အစိုးရဘက်က ခါတိုင်းပါနေကြ ကာကွယ်ရေးဝန်ကြီးဌာန ဘက်က ကိုယ်စားလှယ် တစ်ယောက်မှ မပါပါဘူး။ တမင် မတက်တာပါ။ ဒီလိုနဲ့ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးပွဲ ထူးခြားတဲ့ သဘောတူညီချက် မရပဲ ပြီးဆုံးသွားပါတယ်။ ကေအိုင်အိုက ဖမ်းထားတဲ့သူတွေ လွှတ်ပေးလိုက်တဲ့တိုင် အခြေအနေက တင်းမာနေဆဲပါပဲ။
တဆက်တည်း ရန်ကုန်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ NCCT အဖွဲ့ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ သုံးရက် ကြာပါတယ်။ ကေအိုင်အို ဘက်က ဗိုလ်ချုပ်ဂွမ်မော် မတက်ပါဘူး။ တတိယတန်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး ဆင်ဝါး အဆင့်လောက်ပဲ တက်ခိုင်းပါတယ်။ ပြောရရင် ဒီ အပစ်ရပ်စာချုပ် ဒုတိယ မူကြမ်း ရတဲ့တိုင် အချောသတ်မူ ရဖို့ လိုပါသေးတယ်း။ အချောသတ်မူ ရခဲ့ရင်တောင် အဲဒီ မူကို လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ သဘောတူဖို့ လိုဦးမယ်လို့ ပြောနေ ဆိုနေကြပါပြီ။ ခြုံပြီးပြောရရင် အစိုးရနဲ့ တိုင်းရင်းသားတွေဟာ နိုင်ငံရေးပြသနာ ဖြေရှင်းနိုင်ရေး အစပြုဖို့ ဝေးလို့ အပစ်ရပ် စာချုပ်တစ်ခု လက်မှတ်ထိုးဖို့တောင် ဘယ်တော့လည်း မသေချာ မရေရာသေးပါဘူး။ ဒီလိုဖြစ်ရတာဟာ တကယ်လို့ အပစ်ရပ်စာချုပ်သာ လက်မှတ်ထိုးလိုက်ရင် ဦးသိန်းစိန် အစိုးရ နာမည်ကောင်းရသွားမယ်၊ လက်ရှိ စစ်တပ်ကို ကမ္ဘာက ချီးကျူးကြမယ်၊ ဒါဆို နောက်ပိုင်း အစိုးရတပ်က သူတို့ကို ဖိနှိပ်မှုတွေ လုပ်လာနိုင်တယ် ဆိုပြီး တိုင်းရင်းသားတွေဘက်က စိုးရိမ်နေကြတာလဲ ပါပါတယ်။ တချို့အဖွဲ့ကတော့ အပစ်ရပ်လိုက်ရင် ကိုယ့်အခန်းကဏ္ဍ ပျောက်သွားမှာ မလိုလားတဲ့ စစ်ဘုရင်တွေရဲ့ စိုးရိမ်ချက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲမှာ တကယ်လိုနေတာက အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖော်ဆောင်နိုင်မယ့် တွေ့ဆုံဆွေးနွေးမှုတွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကောင်အထည် ဖော်နိုင်မယ့် တကယ့် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးလိုမျိုးပါ။ ဒီလို တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်ပေါ်လာဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ဖြစ်ပေါ်စေမယ့် ဖွဲ့စည်းပုံပြင်ရေး ဆိုတာမျိုး စပြီး အဆိုပြုဖို့ လိုပါလိမ့်မယ်။ အခု လုပ်နေတဲ့ တပ်မတော် စစ်တန်းလျားပြန်ရေး နဲ့ကတော့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ဖွယ် မရှိပါဘူး။
အလားတူ တိုင်းရင်းသားတွေနဲ့ ဆိုရင်လည်း အစိုးရနဲ့ စစ်တပ် ထိပ်ပိုင်း တာဝန်ရှိသူတွေ၊ ဥပမာ- ကေအဲန်ယူ၊ ကေအိုင်အို၊ အက်စ်အက်စ်အေ လို အင်အားရှိ တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့ လိုပါတယ်။ တွေ့ဆုံဆွေးနွေးမှု ပေါ်လာအောင် ကေအိုင်အို လို အဖွဲ့က အပစ်ရပ် လက်ခံဖို့ လိုပါတယ်။ အစိုးရ တပ်ဘက်ကလည်း လက်ရှိ အက်စ်အက်စ်အေ ရုံးကို ဝင်မွှေတဲ့ ကိစ္စမျိုး၊ အက်စ်အက်စ်အေ နဲ့ ထိတွေ့သူကို မတရားအသင်း ပုဒ်မ ၁၇-၁ နဲ့ တရားစွဲတာမျိုး မလုပ်ဖို့ လိုပါတယ်။ ဒီလို တကယ့်တွေ့ဆုံဆွေးနွေးပွဲတွေကသာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လမ်းကြောင်းပေါ်ကို ရောက်စေမှာဖြစ်ပြီး ၂၀၁၅ ခုနှစ်ကို အဆင်ပြေပြေ ကျော်ဖြတ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
(စာရေးသူသည် ရန်ကုန် အခြေစိုက် သတင်းစာဆရာ တဦးဖြစ်သည်။ လတ်တလော နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အဖြစ်အပျက်များ အပေါ် ဝေဖန် သုံးသပ်ချက် ဆောင်းပါးများကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားလျက် ရှိသည်။)