မြန်မာနိုင်ငံ တံခါးဖွင့်ခဲ့ပြီး နောက်ပိုင်း အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံဟာ နိုင်ငံခြား သံတမန်တွေ အတွက် မျက်စိကျ စရာ၊ စိတ် ဝင်စားစရာ အလွန်ကောင်းတဲ့ နိုင်ငံတနိုင်ငံ ဖြစ်သွားခဲ့ပါပြီ။
ဒါကြောင့်လည်း ထိုင်းနိုင်ငံက ဘန်ကောက်၊ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာ မြို့တော်ကြီးတွေမှာလို နိုင်ငံခြား သံတမန်တွေ၊ အထူး သဖြင့် အနောက်နိုင်ငံနဲ့ စူပါ ပါဝါနိုင်ငံတွေက မျက်စိကျတဲ့ အနေအထားမှာ မြန်မာပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။
ရန်ကုန်မြို့ဟာ ဘန်ကောက်လို၊ ဂျကာတာလို အဆင့်အတန်းမှာ မရှိသေးသော်လည်း ရန်ကုန်မှာ နိုင်ငံခြား သံတမန်တွေ အလု အယက် အိမ်တွေရှာ၊ ယာယီ သံရုံးတွေဖွင့် စတဲ့ ပြင်ဆင်မှုတွေ ၂၀၁၂ ကတည်းက အကြီးအကြယ် ပြုလုပ် ခဲ့ကြပါတယ်။
မြန်မာကို တချိန်က ပိတ်ဆို့ အရေးယူခဲ့တဲ့ အနောက်နိုင်ငံ အစိုးရတွေထဲမှာ ဆိုရင် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေနဲ့ ဩစတြေးလျ စတဲ့ နိုင်ငံတွေထဲက အမေရိကန်နဲ့ ကနေဒါက သံအမတ် အဆင့်တွေ ထားရှိခဲ့ပါပြီ။
၁၉၈၈ နောက် ပိုင်းကစပြီး သံအမတ်ကြီး အဆင့်ကို ရုပ်သိမ်းခဲ့တဲ့ အမေရိကန် အစိုးရဟာ သူ့ရဲ့ မြန်မာပြည်ဆိုင်ရာ အထူး ကိုယ် စားလှယ် မစ္စတာ ဒဲရက် မစ်ချယ် (Derek Mitchell) ကိုပဲ သံအမတ် အဖြစ် ရွေးချယ်ပြီး ခန့်ခဲ့ ပါတယ်။
ကနေဒါကလည်း ပိတ်ဆို့မှုတွေကို ဖြေလျှော့ပြီး နောက်ပိုင်း ပထမဆုံး သံအမတ်ကြီး အဆင့်ကို ရန်ကုန်မှာ ခန့်ထားလိုက်ပါပြီ။ မြန်မာပြည် မပွင့်လင်းခင်ကတော့ မြန်မာ့အရေးကို ဘန်ကောက်ကနေ ထိုင်ပြီး နိုင်ငံခြားသံတမန် အများစုက စီမံကိုင်တွယ် ခဲ့ကြ ရတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ နော်ဝေနိုင်ငံလည်း ပါဝင်ပါတယ်။ နော်ဝေဟာ မဟာအင်အားကြီး နိုင်ငံတနိုင်ငံ မဟုတ်ပေမယ့် မြန်မာ့အရေးမှာ ၁၉၉၀ အစောပိုင်းကာလ ကတည်းက တစိုက်မတ်မတ် ပါဝင်ခဲ့ပြီး အထူးသဖြင့် အတိုက်အခံတွေကို ကူညီခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
အခုဆိုရင် နော်ဝေ အစိုးရကလည်း ရန်ကုန် အခြေစိုက် သံအမတ်အဆင့် ခန့်ထားပြီး သံရုံးဖွင့် ထားပါပြီ။ ဆွီဒင် ကတော့ ကောင် စစ်ဝန် အဆင့်ခန့်ထားပြီး ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ မတည်ငြိမ်သေးတဲ့ စပ်ကူးမပ်ကူး ကာလမှာ သံတမန်တွေ၊ သံအမတ် တွေရဲ့ အခန်းကဏ္ဍနဲ့ တာဝန်ထမ်းဆောင် မှုတွေ၊ သူတို့ရဲ့ နားလည် ကျွမ်းကျင်မှုတွေက အရေး ပါပါတယ်။
အမေရိကန် သံအမတ် မစ္စတာ ဒဲရက် မစ်ချယ် ဟာဆိုရင် အရှေ့တောင်အာရှနဲ့ မကင်းတဲ့သူ ဖြစ်ပါတယ်။ ၁၉၉၃ ကနေ ၁၉၉၆ ခုနှစ် ဝန်းကျင် အထိ ဝါရှင်တန်ဒီစီ အခြေစိုက် National Democratic Institute (NDI) အာရှရေးရာ ဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ပြီး မြန်မာ့အရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူ လက်ဟောင်းတဦး ဖြစ်ပါတယ်။
ဒီမတိုင်ခင် မစ္စတာ မစ်ချယ်ဟာ ၁၉၉၈-၁၉၈၉ ကာလတွေမှာ The China Post ဆိုတဲ့ ထိုင်ဝမ် အခြေစိုက် သတင်းစာမှာ Copy Editor လုပ်ခဲ့သူ ဖြစ်ပြီး Mandarin တရုတ် ဘာသာစကားကို လေ့လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံ၊ နန်ကျင်း (Nanjing) တက္ကသိုလ်မှာ ဆက်ပြီး လေ့လာသင်ယူ ခဲ့ပါတယ်။
ထူးခြားချက်ကတော့ သူဟာ အမေရိကန်နဲ့ သူ့ရဲ့ အာရှက မဟာမိတ်နိုင်ငံတွေရဲ့ ဆက်ဆံရေးတွေကို လေ့လာခဲ့သူဖြစ်ပြီး တရုတ်နိုင်ငံကို အထူးပြု လေ့လာခဲ့သူ ဖြစ်ပါတယ်။
မြန်မာပြည်နဲ့ ပတ်သက်ပြီး လူသိများ ထင်ရှားတဲ့ Report တစောင်ကို ၂၀ဝ၇ ခုနှစ်မှာ Michael Green နဲ့တွဲပြီး “Asia’s Forgotten Crisis: A New Approach to Burma” ဆိုတဲ့ ခေါင်းစဉ်နဲ့ Foreign Affairs မဂ္ဂဇင်းကြီးမှာ ရေးသားခဲ့ ပါတယ်။
သူဟာ ၂၀ဝ၉ ခုနှစ်မှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ပင်တဂွန်မှာ တာဝန်ထမ်းဆောင်ရ ပါတယ်။ မစ္စတာ ဒဲရက် မစ်ချယ် ဟာ အဲဒီအချိန်မှာ အသက် ၄၅ နှစ်ဖြစ်ပြီး အရပ်သား တဦးအနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနမှာ ရာထူး ကြီးကြီးမားမား ရခဲ့တာ ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ သမ္မတ အိုဘားမားက ဒဲရက် မစ်ချယ်ကို အမေရိကန် အစိုးရရဲ့ အထူး ကိုယ်စားလှယ် ခန့်ခဲ့ပြီး မြန်မာနိုင်ငံကို စတင် စေလွှတ်ခဲ့ပါတယ်။
တရုတ်နဲ့အန္ဒိယအကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်အနေနဲ့ အရေးကြီးတဲ့သူ၊ ဒီဒေသဆိုင်ရာ ပထဝီနိုင်ငံရေး ကျွမ်းကျင်သူ၊ မြန်မာ့ အသိုင်းအဝိုင်းမှာ ဝင်ဆံ့မယ့်သူကို ရွေးချယ် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပါပဲ မြန်မာပြည်မှာ ပထမဆုံး အခြေစိုက်တဲ့ ကနေဒါရဲ့ သံအမတ်ကြီး မစ္စတာ မာ့ခ် မက်ခ်ဒေါ်ဝဲလ် (Mark Mc Dowell) ဆိုရင် လည်း မြန်မာ့အရေးနဲ့စိမ်းသူ မဟုတ်ပါ။ သူဟာ ဘန်ကောက်က ကနေဒါ သံရုံးမှာ သံမှူးဘဝနဲ့ တာဝန် ထမ်းခဲ့ဖူးတယ်။ ထိုင်းအခြေ စိုက် မြန်မာအဖွဲ့တွေနဲ့ ရင်းနှီးခဲ့သလို မြန်မာပြည်ထဲကိုလည်း မကြာခဏသွားပြီး အဲဒီတုန်းက စစ်အစိုးရလက်ထက် မြန်မာပြည် အကြောင်းကို Cover လုပ်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ထိုင်ဝမ်၊ နယူးယောက်တို့မှာ တာဝန်ကျခဲ့ဖူးပြီး တရုတ်နိုင်ငံ အကြောင်းကိုလည်း လေ့လာ သိရှိခဲ့ဖူးတဲ့ အတွေ့အကြုံရှိ သံတမန်တဦး ဖြစ်ပါတယ်။ ကနေဒါဟာ မြန်မာပြည်နဲ့ စီးပွားရေး၊ ကုန်သွယ်ရေးတွေ တိုးမြှင့်ဖို့ လိုလားပါတယ် လို့ ကနေဒါ ကုန်သွယ်ရေး ဝန်ကြီးက ကြေညာပြီး ဖြစ်တဲ့ အတွက် Mark Mc Dowell ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု ဖလှယ်ရေး ကိစ္စတွေနဲ့ မြန်မာရဲ့ စပ်ကူးမပ်ကူး အပြောင်းအလဲတွေကို တာဝန်ယူရမှာ ဖြစ်ပါတယ်။
နော်ဝေကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နိုဗဲလ်ငြိမ်းချမ်းရေးဆုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြောင့် နော်ဝေကို မြန်မာ့ ဒီမိုကရေစီ မိတ်ဆွေနိုင်ငံတွေထဲက နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ် ပြုခံခဲ့ရတာဖြစ်ပြီး Nordic နိုင်ငံတွေထဲက ချမ်းသာတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။
အခု ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ အရင်က အဝေးရောက် မြန်မာအစိုးရ NCGUB ကို ထောက်ခံခဲ့တယ်။ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ အခြေစိုက်ပြီး NCGUB ရဲ့အောက်မှာ ၂၀ဝ၇ လောက်အထိ အတိုက်အခံ ရုပ်သံဌာနအဖြစ် ရပ်တည်ခဲ့တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံ (DVB) ကိုလည်း ထောက်ပံ့ ကူညီခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွေမှာတော့ နော်ဝေရဲ့ မြန်မာပြည်အပေါ်ထားတဲ့ မူဝါဒတွေက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ စစ်အစိုးရနဲ့ နီးစပ်လာတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ချင်နေပြီ ဆိုပြီး အတိုက်အခံတွေက နော်ဝေရဲ့ မူဝါဒကို ဝေဖန် သံတွေ ကြားလာရတဲ့ ကာလတွေလည်း ဖြစ်ပါတယ်။

နော်ဝေ အစိုးရဟာ အမျိုးသမီးတွေကို သံအမတ်အဖြစ် ခန့်တာများ ပါတယ်။ အခု မြန်မာပြည်မှာ အခြေစိုက်မယ့် သံရုံးမှာလည်း ဌာနေ သံအမတ်ကြီး Ann Ollestad ဟာလည်း အမျိုးသမီး ဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီးအဖြစ် နောက် ဆုံး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ အာရှနဲ့ရော မြန်မာနဲ့ပါ မစိမ်းတဲ့သူလို့ ပြောရင်ရပါတယ်။
Ann Ollestad မတိုင်ခင်ကတော့ မြန်မာပြည် အရေးနဲ့ပတ်သက်ပြီး ဘန်ကောက်မှာ ရှိတဲ့ နော်ဝေသံရုံးက ကိုင်တွယ် စီမံခဲ့ပါတယ်။ သံအမတ်ကြီးကတော့ Katja Nordgaard ဖြစ်ပါတယ်။ သူဟာ အခုဆိုရင် တယ်လီနော(Telenor) ဆက်သွယ်ရေး ကုမ္ပဏီကြီးရဲ့ ထိပ်ပိုင်း အရာရှိကြီး တဦးအဖြစ် ခန့်အပ်ခံရပါတယ်။
သူ သံအမတ်တာဝန် ထမ်းဆောင်စဉ် ကာလမှာ တယ်လီနော ကုမ္ပဏီ မြန်မာပြည် ဝင်ခွင့်ရရေးနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ ပါဝင်ဖို့ လိုင်စင်ရရေး ကြိုးစားပေးခဲ့တာ ရှိသလားဆိုပြီး နော်ဝေ အခြေစိုက် သတင်းစာတွေနဲ့ ဧရာဝတီက မေးခွန်းထုတ် ရေးသားခဲ့တာ ဖြစ် ပါတယ်။
ဒါ့အပြင် နော်ဝေဟာ အရင် စစ်အစိုးရ တဖြစ်လဲ အခု မြန်မာအစိုးရဘက်ကို ယိမ်းတယ်ဆိုပြီး ပြည်တွင်း၊ ပြည်ပ မြန်မာ အတိုက် အခံ တွေကြားမှာ ပြောဆိုဝေဖန် နေချိန် ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေထဲမှာ နော်ဝေနဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရဟာ ဆက်ဆံရေး အလွန် ကောင်းတယ်လို့ သုံးသပ်လို့ ရပါတယ်။ နော်ဝေဟာ ၂၀၁၃ ခုနှစ်မှာတုန်းက မြန်မာနိုင်ငံရဲ့ ကြွေးမြီတွေကို ဝင်ပြီး ပေးလျှော်ခဲ့တဲ့ နိုင်ငံထဲမှာ ပါပါတယ်။
နော်ဝေရဲ့ Telenor ကုမ္ပဏီကို မြန်မာအစိုးရ က မြန်မာတနိုင်ငံလုံး ဆက်သွယ်ရေး အတွက် လိုင်စင်ချပေးခဲ့ ပါတယ်။ နော်ဝေ အစိုးရဟာ မြန်မာနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး လုပ်ငန်းတွေ အကြီးအကျယ် တိုးချဲ့လုပ်ကိုင်ဖို့ ရှိနေတဲ့ အတွက် ရန်ကုန် အခြေစိုက် နော်ဝေသံရုံးလည်း အသစ်လာဖွင့်တဲ့ သံရုံးတွေအနက် အလုပ်များမယ့် သံရုံးထဲ ပါနေပါ ပြီ။
ဒီလို အနောက်နိုင်ငံတွေက သံတမန်ဆက်ဆံရေးတွေ တိုးမြှင့်လုပ်ဆောင်ပြီး ဆက်ဆံရေးကို ပြန်လည် ကောင်းမွန်အောင်လုပ်ဖို့ ကြိုးစား နေချိန်မှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မနှစ်က သူ့ရဲ့ သံအမတ်သစ်ကို စတင် စေလွှတ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ထားချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ စီးပွားရေး အရရော နိုင်ငံရေးအရပါ မဟာဗျူဟာ ကျတဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်ခဲ့ပါတယ်။
တရုတ်သံအမတ် အသစ်ကတော့ အသက်ငယ်ငယ်နဲ့ သွက်သွက်လက်လက်ရှိတဲ့ Yang Houlan ဖြစ်ပါတယ်။ သူက မီဒီယာ အထာကိုနပ်သူ (Media savvy) ဖြစ်တယ်။ တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်ပြီး ကောင်းမွန်အောင် လုပ်ဆောင်မယ့် သူလို့ သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဘေဂျင်းက သေသေချာချာ ရွေးချယ်စေလွှတ် လိုက်တဲ့ ဒေါင်ဒေါင်မြည် သံအမတ်တဦး ဖြစ်ပါတယ်။
Yang Houlan ရဲ့ အဓိက တာဝန်တခုကတော့ တရုတ်အစိုးရ အပေါ်မှာ မြင်တဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ အမြင်နဲ့ ပြည်တွင်း မီဒီယာတွေက ရေးသားနေတဲ့ မြန်မာပြည်က တရုတ်စီမံကိန်းတွေ အပေါ် တုံ့ပြန်ရေးပဲ ဖြစ်ပါတယ်။
ဒါကြောင့် တရုတ်မှာ ပိတ်ပင်ထားတဲ့ အင်တာနက် လူမှုကွန်ရက် Facebook ကို သုံးပြီး တန်ပြန်ရတဲ့ အနေအထားတွေ ရှိသလို အရင်က တခါမှတွေ့လေ့ မရှိတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပြီး တရုတ်အစိုးရရဲ့ သဘောထားကို ရှင်းလင်း ပြောပြရတာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေ ရှိတဲ့အတွက် တောင်ကိုရီးယား၊ အာဖဂန်နစ္စတန်နဲ့ နီပေါ နိုင်ငံတွေမှာ အမှုထမ်းဖူးတဲ့ Yang Houlan ကို ရွေးချယ်စေလွှတ်ခဲ့တာပါ။ သူဟာ ဒေသတွင်းဆိုင်ရာ လုံခြုံရေးမှာလည်း အထူးနားလည် တတ်ကျွမ်းသူ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံမှု အကြီးအကျယ် လုပ်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါ့အပြင် ပထဝီ အနေအထား အရ တရုတ်ဟာ အိမ်နီးချင်း မြန်မာကို သူ့ရဲ့ မဟာမိတ် “မိတ်ဆွေ” အဖြစ်နဲ့ပဲ ဆက်ရှိ နေစေချင်မှာ အမှန်ပဲ ဖြစ်ပါတယ်။
အနောက်နိုင်ငံတွေက အခုလို မြန်မာတံခါးဖွင့်ချိန်မှာ အလုံးအရင်းနဲ့ ဝင်လာတာဟာ တရုတ်ရဲ့ အကျိုးစီးပွား၊ ဒေသတွင်းမှာ ထူထောင်နေတဲ့ တရုတ်ရဲ့ မဟာဗျူဟာနဲ့ ဩဇာ ချိန်ခွင်လျှာကို ထိခိုက်စေခဲ့တာ၊ တုန်လှုပ်သွား စေခဲ့တာလည်း အမှန်ပဲ ဖြစ်ပါတယ်။
တရုတ်နဲ့အိန္ဒိယကြားမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေက မျက်စိကျစရာဖြစ်တဲ့ နိုင်ငံတနိုင်ငံဆိုတာ သံသယဖြစ် စရာ မလိုပါဘူး။
အရင်က ဆိုရင်တော့ ဘန်ကောက်မှာ အခြေစိုက် တာဝန်ယူရဖို့ အတွက် အနောက်နိုင်ငံ သံတမန်တွေက သူတို့ရဲ့ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနတွေမှာ အကြီးအကျယ် Lobby လုပ်ကြ၊ ကြိုးပမ်းကြရ ပါတယ်။ အခုတော့ မြန်မာပြည်၊ ရန်ကုန်မြို့မှာ တာဝန်ကျရဖို့၊ မြန်မာပြည်ရဲ့ ထူးခြားတဲ့ နိုင်ငံရေး အပြောင်းအလဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလကို လေ့လာ အစီရင်ခံခွင့် ရဖို့ အတွက် အလု အယက် ကြိုးစားတဲ့ ကာလ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီ သံတမန်တွေ ကြားထဲမှာ နေပြည်တော် အစိုးရနဲ့ အတိုက်အခံကို ချဉ်းကပ်တဲ့မူဝါဒတွေ မတူဘူး ဆိုတာကတော့ အသေအချာ ပါပဲ။
ဒါပေမယ့် ၂၀၁၄ -၂၀၁၅ ဟာ မြန်မာနိုင်ငံမှာ အရေးပါတဲ့ အပြောင်းအလဲတွေ ထပ်ဖြစ်နိုင်သေးတယ်။ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့ ကာလ ဆိုတာကတော့ သံအမတ်တွေ အားလုံးထဲမှာ တညီတညွတ်တည်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ။
(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူ ဖြစ်သည်။)