အပစ်အခတ် ရပ်စဲရေးမူကြမ်း အခန်း (၅) ပါ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များအခန်းတွင် အစိုးရနှင့် တိုင်းရင်းသားများအကြား ကွဲလွဲချက်များရှိနေသောကြောင့် တိုင်းရင်းသား ညီလာခံတွင် တိကျစွာ အသေးစိတ် ဆွေးနွေးရန်ရှိကြောင်း သိရသည်။
“ဒီအခန်းမှာ နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးပါတီတွေဆိုပြီး တင်ပြတာကို အစိုးရဘက်က ၈ ပွင့်ဆိုင်ဆိုပြီး တင်ပြတယ်။ ဒါကတချက်။ နောက်တခုက အစိုးရက ဒို့တာဝန်အရေး ၃ ပါးကို မထိခိုက်သော
အကြောင်းအရာများကို နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးနိုင်တယ် ပြောတယ်။ ကျနော်တို့ကတော့ တိတိကျကျ သေချာ အဓိပ္ပာယ်ဖွင့်ဆိုစေချင်တယ်။ ဒါပေမယ့် ဒါတွေက သိပ်ခက်ခဲမယ် မထင်ပါဘူး။ သို့သော် ဒီအပိုင်းကိုတော့
တိကျစွာ အဖြေထုတ်ဖို့လိုနေတယ်။ ဒီအပေါ်ကိုတော့ သေချာစွာ ဆွေးနွေးညိနှိုင်းဖြစ်မှာပါ” ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။
နိုင်ငံရေး ဆွေးနွေးပွဲအတွက် မည်သို့ ပြင်ဆင်မည်ကို အသေးစိတ် ဆွေးနွေးရန် အရေးကြီးကြောင်း၊ ကျန်အပိုင်းများမှာမူ စကားလုံးသုံးနှုန်းမှုကိုသာ ဆွေးနွေးရမည်ဖြစ်ကြောင်းနှင့် အခန်း (၅) မှာမူ ဖက်ဒရယ်စနစ် ပေါ်ထွက်ရေးအတွက် အဓိကျသော အခန်းတခု ဖြစ်ကြောင်း NCCT ခေါင်းဆောင် ခွန်ဥက္ကာက ပြောသည်။
“နိုင်ငံရေး ဆွေးနွေးပွဲ ဆက်သွားမယ့်ပုံစံက အရေးကြီးလို့ ဒီလိုညီလာခံ ဖြစ်လာတာပါ။ ဘယ်လို ဆက်လုပ်မလဲ၊ ဘယ်လိုပါမလဲဆို တာတော်တော်လေး အရေးကြီးတယ်။ ဆွေးနွေးပွဲမှာ ပြင်ဆင်မှု ကောင်းကောင်းနဲ့ ပါဖို့လိုတယ်။ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းပြီး တကယ်လုပ်ပေးချိန်ကျတော့ ပြင်ဆင်တာမရှိဘဲ မေးခွန်းတွေ မေးလို့မရဘူး။ အခုကတည်းက ပြင်ရမယ်။ နောက် အခုအစိုးရ ချပေးထားတာကရော တိုင်းရင်းသားတွေ လက်ခံမလား။ ဒါကို တိကျစွာ ဆွေးနွေးမယ်ဆိုတော့ ဒီဟာက ခက်မယ်ထင်တယ်” ဟု ခွန်ဥက္ကာက ပြောသည်။
ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ဇူလိုင်လ ၂၅ ရက်နေ့က ပထမရက် ဆွေးနွေးပွဲတွင် အခန်း (၁) အခြေခံမူများ၊ အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ညီလာခံ ဦးဆောင်ကော်မတီမှ အတွင်းရေးမှူး ခူးဦးရယ်က “ဝေါဟာရပိုင်းကို ကြေလည်အောင် ဆွေးနွေးကြတယ်။ မူပိုင်းဆိုင်ရာက အဖွဲ့ရပ်တည်ချက်တွေအပေါ် မူတည်ဆွေးနွေးကြတယ်။ ပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းနေတယ်။ အခုချိန်မှာက တဖွဲ့ချင်းစီအမြင်တွေက နေသေချာဆွေးနွေးဖြစ်တယ်” ဟု ဆိုသည်။
စာချုပ်ခေါင်းစဉ်တွင် ထည့်သွင်းရန် စီစဉ်ထားသော်လည်း အစိုးရဘက်မှ ထည့်သွင်းရန် ငြင်းဆိုထားသော “တော်လှန်ရေး” ဆိုသည့် စကားလုံး အသုံးပြုရေး၊ မပြုရေးကို ညီလာခံ ဦးဆောင်ကော်မတီ အဆုံးအဖြတ် ရယူရန် စီစဉ်ထားကြောင်း သိရသည်။
ဒို့တာဝန် အရေး ၃ ပါးနှင့် စပ်လျဉ်း၍ “ဒို့တာဝန်ဆိုတာက နာမည်ကောင်းပေမယ့် ပြည်ထောင်စု မပြိုကွဲရေးအတွက် အကြောင်းပြကာ တိုင်းရင်းသားတွေရော ပြည်သူတွေပါ ဖိနှိပ်ပြီး တန်းတူခွင့်ရေးတွေ သိမ်းတယ်။ တော်တော် ခံစားခဲ့ရတာတွေရှိတော့ တိုင်းရင်းသားတွေက ဒီအပေါ် တော်တော် ဆွေးနွေးကြတယ်။ ကျနော်တို့အနေနဲ့ အစိုးရဘက်က အဓိကလက်ခံထားတော့ ဒီအချက်ကိုလည်း ကျနော်တို့ဘက်က လက်ခံသင့်တယ်ဆိုတဲ့ဘက် ကျနော်တို့စဉ်းစားကြတယ်။ မူအရ လက်ခံသင့်ပေမယ့် အတိတ်သမိုင်းကြောင်းအရ နာမည်မလှတော့ ဒါကို တင်ပြတာပေါ့။ ကျနော်တို့ဘက်က တိုင်းရင်းသားတွေပြောတဲ့ ဖက်ဒရယ်မူကို လက်ခံ ထားတဲ့အပေါ် ကျနော်တို့ ဆွေးနွေးကြတယ်” ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောသည်။
ယနေ့ ဒုတိယမြောက် ဆွေးနွေးပွဲတွင် အခန်း (၂) နှင့် အခန်း (၃) ကို ဆွေးနွေးနေပြီး အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များ ပါဝင်ကြောင်း သိရသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက “တိုင်းရင်းသားတွေက ခွဲထွက်မယ့်သူတွေ မဟုတ်ဘူး။ ဒီလိုဆိုတော့ ဘယ်လို ဆုံးဖြတ်ချက်တွေချချ ဆွေးနွေးမှုတွေမှာ သမ္မတကြီးပဲ ဖြစ်ဖြစ်၊ ကာချုပ်ပဲ ဖြစ်ဖြစ်၊ လွှတ်တော်ဥက္ကဌကပဲ ဖြစ်ဖြစ် ကျနော်တို့ ခံစားချက်ရပ်တည်ချက်၊ တဖက် လိုလားချက်ကို တဖက်က အလေးနက်ထား လုပ်ဆောင်ပေးတာ အကောင်းဆုံးဖြစ်မယ်။ ဒါမှငြိမ်းချမ်းရေးမြန် မြန်ရပါမယ်” ဟု ဆိုသည်။
ယနေ့ ဆွေးနွေးပွဲ ဒုတိယနေ့တွင် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်သည် အချိန်အကန့်အသတ် ရှိနေသည့်အပေါ် တိုင်းရင်းသားများ သတိပြုကြရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ မူတူးဆေးဖိုးက ပြောကြားသည်။
“ဒီနေ့ဖြစ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ မြန်မာ့သမိုင်းမှာရှိခဲ့တဲ့ အပစ်ခတ်ရပ်စဲရေးတွေနဲ့ မတူညီဘူးဆိုတာ သတိပြုစေချင်တယ်။ တဖွဲ့တိုင်းစီတိုင်းက မိမိတို့လက်ရှိအနေအထားကို ထိန်းသိမ်းထားပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းစဉ် ပေါ်ပေါက်လာအောင် တွန်းတွန်းတိုက်တိုက် သတ္တိရှိရှိလုပ်ကြဖို့ လိုပါတယ်” ဟု မူတူးစေးဖိုးက ပြောသည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်မှ ဥက္ကဌ ခွန်မြင့်ထွန်းက “အချိန်ကိစ္စက တကယ် အတိအကျ မှန်တယ်။ အခုချိန်မှာ တိုင်းရင်းသားတွေ စဉ်းစားဖို့ပြောတာ မှန်ပါတယ်။ နောက် လျှော့နိုင်တာ လျှော့ဖို့ပြောတာကလည်း စဉ်းစားရမယ်။ ကျနော်ကတော့ အဲဒီအချက်တွေကို သဘောတူပါတယ်။ ဒီတော့ ကျနော်တို့ကတော့ လျော့နိုင်တာကို လျှော့ပြီး အပစ်ခတ်ရပ်စဲရေးကို အကောင်ထည်ဖော်ဖို့ လုပ်ဆောင်ဖို့ လိုတယ်ဆိုတဲ့ သူပြောတဲ့အချက်ကိုလည်း လက်ခံတယ်။ အခုချိန်မှာ ဒီရလာတဲ့ အခြေအနေကို မိမိရရဆုပ်ကိုင်ဖို့လိုပါတယ်” ဟု ဆိုသည်။
ညီလာခံ ပထမနေ့က ဦးဆောင်ကော်မတီ အဆုံးအဖြတ် ရယူရာတွင်လည်း အဖြေထွက်ပေါ်ခဲ့ခြင်း မရှိသည့် “တော်လှန်ရေး” ဟူသော စကားလုံးနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးခြင်း မပြုဘဲ ညီလာခံ နောက်ဆုံးနေ့မှသာ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း၊ အကယ်၍ အဖြေမထွက်ပါက မဲခွဲဆုံးဖြတ်ချက် ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်စပ်သတင်း
စစ်မှန်သော ငြိမ်းချမ်းရေး အတွက် UNFC မူဝါဒဖြင့် ဆက်ဆွေးနွေးမည်ဟု ကချင် ခေါင်းဆောင် ပြော