ဒီလပိုင်းတွေအတွင်း ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနဲ့အတူ ဒီမိုကရေစီ နောက်ကြောင်းပြန်သွားပြီး မြန်မာပြည်ရဲ့ ဒီမိုကရေစီခရီး မရေမရာဖြစ်နေချိန်မှာ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီမိုကရေစီ ဒီရေမြင့်သစ်ကို မြင်လိုက်ရတယ်။ အရှေ့တောင်အာရှဒေသအတွက်သာမက ကမ္ဘာကြီး တခုလုံးအတွက် မင်္ဂလာသတင်း အမြောက်အမြားကို အင်ဒိုနီးရှားက သယ်ဆောင်လာခဲ့တယ်။
အင်ဒိုနီးရှားမှာ ၁၉၉၈ ဒီမိုကရေစီအရေးတော်ပုံကြောင့် အာဏာရှင် ဆူဟာတို ခေါင်းဆောင်တဲ့ နှစ်ပေါင်း ၃၂ နှစ်ကြာ ကလပ်တိုကရေစီ (kleptocracy) လို့ ခေါ်တဲ့ သူခိုးတွေ ကြီးစိုးတဲ့စနစ် ပြိုလဲသွားခဲ့ပြီး ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်လာတယ်။ ဒီမိုကရေစီ ၁၆ နှစ်တာခရီးမှာ သမ္မတရာထူးနေရာမှာ အမျိုးသား၊ အမျိုးသမီး၊ စစ်ဗိုလ်ချုပ်ဟောင်း၊ ဘာသာရေးခေါင်းဆောင် အမယ်စုံ တွေ့ခဲ့ရတယ်။ ဆူကာနိုရဲ့ သမီး မေဃာဝါတီလိုမျိုး လွှတ်တော်စနစ်က တင်တဲ့ သမ္မတတွေကို တွေ့ခဲ့ရသလို သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုလို ပြည်သူက တိုက်ရိုက်ရွေးချယ်တဲ့ သမ္မတလည်း တွေ့တယ်။ ခြံုံပြောရင် ဘယ်သူမှ စနစ်ဟောင်းရဲ့ လောင်းရိပ်မကင်းကြပါဘူး။
ဒါပေမ့ယ် ဒီနှစ် ဇူလိုင် ၉ ရက်နေ့မှာ ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတလောင်း နှစ်ယောက်က စိတ်ဝင်စားစရာကောင်းတယ်။ တယောက်က အတိတ်ကို ကိုယ်စားပြုပြီး တယောက်က အနာဂတ်ကို ကိုယ်စားပြုတယ်။ အာဏာရှင် ဆူဟာတိုရဲ့ အားကိုးရတဲ့ အတွင်း လူယုံ (သားမက်လည်းဖြစ်ခဲ့ဖူးတဲ့) ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုနဲ့ ဆူဟာတိုခေတ် ထုတ်ကုန်မဟုတ်တဲ့ သာမန်အရပ်သား ဂျကာတာ မြို့တော်ဝန် ဂျိုကိုဝီ ဒိုဒို တို့ ယှဉ်ပြိုင်တဲ့ ပွဲဖြစ်နေတယ်။ တနည်းအားဖြင့် ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်တို့ အားပြိုင်ပွဲ ဖြစ်ပါတယ်။ ဇူလိုင်လ ၂၂ ရက်နေ့မှာ တရားဝင် ရလဒ်တွေ ကြေညာတဲ့ အခါ ဂျိုကိုဝီက မဲအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းကျော်ရခဲ့ပြီး ပရာဘိုဝို ၄၇ ရာခိုင်နှုန်းနီးပါး ရခဲ့တယ်။ အရေအတွက် အတိအကျဆိုရင် ဂျိုကိုဝီက မဲ ၈ ဒဿမ ၄ သန်း (၆ ဒဿမ ၃) ရာခိုင်နှုန်း ပိုရတဲ့ သဘောဖြစ်ပါတယ်။ ဒီမိုကရေစီ ဘက်သားတွေ အောင်ပွဲခံသွားတဲ့ မင်္ဂလာသတင်း အဖွင့် နိဒါန်းပါ။
ကမ္ဘာကြီးအတွက် သတင်းကောင်းလို့ ပြောနိုင်တဲ့အကြောင်းလည်း ရှိပါသေးတယ်။ ဒီနေ့ အီဂျစ်၊ လစ်ဗျား၊ ဆီးရီးယားတို့မှာ အာရပ်နွေဦးက သယ်ဆောင်လာတဲ့ ဒီမိုကရေစီ မျှော်လင့်ချက်လေးက ဆောင်းတွင်း အိပ်မက်လို ဂယောက်ဂယက် ဖြစ်သွားတယ်။ အီရတ်၊ အာဖဂန် နစ္စတို့မှာလည်း ဒီမိုကရေစီစနစ် ရှင်သန်ဖို့ အခက်ကြုံနေရတယ်။ ပါမောက္ခ ဟန်တင်တန် ဟောခဲ့သလို အစ္စလာမ် ဘာသာနဲ့ ဒီမိုကရေစီက သဟဇာတ မဖြစ်ပါဘူးဆိုတဲ့ အယူအဆက ယုတ္တိတန်သလို ဖြစ်နေတယ်။ ဒီအချိန်မှာ ကမ္ဘာမှာ မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဒီမိုကရေစီ ယဉ်ကျေးမှုကို အိန္ဒြေမပျက် နောက်တဆင့် မြှင့်တင်ပြလိုက်တယ်။ ဒီမိုကရေစီဟာ လူမျိုး ဘာသာမရွေးဘူးဆိုတာကို သက်သေပြလိုက်တာပါ။
တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ် ရွေးကောက်ပွဲမှာ အမျိုးသားရေး အကြောင်း လက်သီးလက်မောင်းတန်းတဲ့ သမ္မတလောင်း ပရာဘိုဝိုက အရှေ့နဲ့ အနောက် တန်ဖိုးတွေကို မေးခွန်းထုတ်ခဲ့တယ်။ မိန့်ခွန်းတခုမှာ အနောက်တိုင်းမှာ အလုပ်ဖြစ်တဲ့ သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့ စနစ်ဟာ အင်ဒိုနီးရှား ဓလေ့နဲ့ မကိုက်ညီဘူးလို့ ဟောပြောခဲ့တယ်။ ၁၉၄၅ ဖွဲ့စည်းပုံကို ပြန်အသက်သွင်းပြီး ဆူကာနိုရဲ့ လမ်းညွန် ဒီမိုကရေစီပုံစံကို ပြန်ပြီး ဆန်းသစ်ချင်တယ်။ တနည်းအားဖြင့် အခုနောက်ပိုင်း နှစ်တွေမှာ သိပ်မကြားရတော့တဲ့ အာရှဒီမိုကရေစီ အယူအဆကို ပွဲထုတ်လာတဲ့ သဘောပါပဲ။ မြန်မာဗိုလ်ချုပ်တွေ ပြောတဲ့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီဆိုတာမျိုးပါ။ ဒါပေမယ့် မျိုးဆက်သစ်တွေ အများစုပါဝင်တဲ့ မဲဆန္ဒရှင်တွေက ဒီမိုကရေစီအရေခြုံ အာဏာာရှင်စနစ်ကို ယဉ်ယဉ်ကျေးကျေးပဲ ပယ်ချလိုက်တယ်။
အင်ဒိုနီးရှားဟာ လူဦးရေအရ ကမ္ဘာမှာ စတုတ္ထလူဦးရေ အများဆုံးဖြစ်ရုံသာမက တိုင်းရင်းသားအမျိုးပေါင်း ၃၀၀ ကျော်ရှိတယ်။ ပထဝီ အနေအထားအရကြည့်ရင် ကျွန်းပေါင်း တသောင်းခုနစ်ထောင်ကျော် ရှိပါတယ်။ တိုင်းရင်းသားလူမျိုးတွေများရင် လူဦးရေများရင် ပထဝီအနေအထားအရ စုစည်းဖို့ ခက်ရင် ဒီမိုကရေစီ ကျင့်သုံးဖို့ ခက်တယ်ဆိုတဲ့ အကြောင်းပြချက်ဟာလည်း ယုတ္တိမရှိတဲ့ ဆင်ခြေတွေဖြစ်တယ်ဆိုတာကို အင်ဒိုနီးရှားက မမှန်ကြောင်း သက်သေပြလိုက်တယ်။ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုပြီးရင် လူဦးရေ အများဆုံး ဒီမိုကရေစီ နိုင်ငံအဖြစ် ဆက်ပြီး ရပ်တည်ပြလိုက်တယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း အင်ဒိုနီးရှား လွတ်လပ်မှုရေချိန် တရစ်ပြီးတရစ် မြင့်မားခဲ့သလိုပဲ ဒေသတွင်းမှာ စီးပွားရေးတိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံတွေစာရင်းမှာ ပါခဲ့တယ်။ အဓိပ္ပါယ်ကတော့ စီးပွားရေး ဖွံ့ဖြိုးရေး အတွက် လွတ်လပ်ခွင့်ကို စတေးနေစရာ မလိုဘူး၊ ပြိုင်တူသွားလို့ ရတယ်။ လွတ်လပ်မှုဟာ စီးပွားရေး တိုးတက်မှုအတွက် တွန်းအား မောင်းနှင်အားတောင် ဖြစ်တယ် ဆိုတာကိုလည်း အင်ဒိုနီးရှားက မီးမောင်း ထိုးပြနေတာပါ။ တဖက်က ပြန်ကြည့်ရင် ဒီနေ့အထိလည်း အင်ဒိုနီးရှားလူဦးရေ သန်း ၂၅၀ မှာ ၄၀ ရာခိုင်နှုန်းကျော်ဟာ တနေ့ဝင်ငွေ ၂ ဒေါ်လာ (နှစ်ထောင် ကျပ်နီးပါး) နဲ့ ရပ်တည်နေဆဲဖြစ်လို့ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့ ဝင်ငွေမြင့်မားတဲ့ အချိန်အထိ စောင့်နေစရာမလိုဘူးဆိုတာကို အင်ဒိုနီးရှားက သက်သေပြနေပါတယ်။
နောက်ဆုံး မပြောမဖြစ်တဲ့ အချက်က လာမယ့် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အသက် ၅၃ နှစ်အရွယ် ဂျိုကိုဝီဟာ အင်ဒိုနိးရှားရဲ့ သမ္မတအဖြစ် ရာထူးလက်ခံပါတော့မယ်။ သူနဲ့ တခြား အင်ဒိုနီးရှား ခေါင်းဆောင်တွေ မတူတာက စစ်တပ်နဲ့ လားလားမျှ မပတ်သက်ခဲ့ဖူးတဲ့ အရပ်သားစစ်စစ်ဖြစ်ပါတယ်။ အရှိန်အဝါကြီးတဲ့ မိသားစု နောက်ခံက လာတာလည်း မဟုတ်ပါဘူး။ အလယ်ဂျာဘားက ဆိုလိုလို့ ခေါ်တဲ့ မြို့ငယ်လေးတမြို့ရဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ လူဖြစ်ခဲ့ပါတယ်။ သူ့အဖေက လက်သမား တယောက်ပါ။ ဂျိုကိုဝီ ငယ်စဉ်ဘဝက ကျောင်းတဖက်နဲ့ သူ့အဖေရဲ့ လက်သမားအလုပ်ကို ကူတဲ့အခါ ကူ၊ အိမ်လုပ်မုန့်ကလေးတွေ ရောင်းတဲ့ အခါ ရောင်းနဲ့ လူလားမြောက်ခဲ့တယ်။
အင်ဒိုနီးရှားမှာ သစ်တောစီမံခန့်ခွဲမှု ဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီးတော့ ကိုယ်ပိုင် ပရိဘောဂ လုပ်ငန်းကို လုပ်ကိုင်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ ဆိုလို မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရတယ်။ ရိုးသားကြိုးစားပြီး ပြည်သူတွေအတွက် မနားမနေ အလုပ်လုပ်တဲ့ မြို့တော်ဝန်၊ အခြေခံ အဆောက်အအုံတွေ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ကျန်းမာရေး ပညာရေး အခမဲ့ စီစဉ်ပေးတာတွေကြောင့် လူကြိုက်များပြီး ၂၀၁၀ မှာလည်း ထပ်ပြီး ရွေးချယ်ခံရပြန်တယ်။
ဒါပေမယ့် ဆိုလို မြို့တော်ဝန်အဖြစ် ဒုတိယသက်တမ်းကို ပြီးဆုံးတဲ့အထိ ထမ်းဆောင်ခွင့် မရခဲ့ပါဘူး။ ပါတီက တာဝန်ပေးတာကြောင့် ၂၀၁၂ ဂျကာတာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး ရွေးချယ်ခံခဲ့ရ တယ်။ ဂျကာတာမြို့တော်ဝန်ဘဝမှာလည်း အောက်သက်ကြေပြီး ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးတတ်တာကြောင့် လူချစ်လူခင် ပိုများလာတယ်။ ရွေးကောက်ပွဲ အကြို စစ်တမ်းတိုင်းမှာ လူကြိုက် အများဆုံး သမ္မတလောင်းဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ပါတီခေါင်းဆောင် မေဃာဝါတီက နေရာဖယ်ပေးပြီး သမ္မတလောင်းအဖြစ် ဝင်ပြိုင်ခိုင်းတဲ့အခါ အနိုင်ရခဲ့တယ်။
ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ပရာဘိုဝိုရဲ့ ဘဝကတော့ ဂျိုကိုဝီနဲ့ မိုးနဲ့မြေလို ကွာပါတယ်။ ပရာဘိုဝိုရဲ့ အဘိုးက အင်ဒိုနီးရှားမှာ ပထမဆုံး နိုင်ငံပိုင်ဘဏ်ကို ထူထောင်ခဲ့သူ၊ အဖေက ဆူဟာတိုခေတ်မှာ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေး ဝန်ကြီးဖြစ်ခဲ့တယ်။ အသက် ၅ နှစ်က စလို့ စင်ကာပူ၊ ဆွစ်ဇာလန်၊ အင်္ဂလန်တို့မှာ နေထိုင်ကျင်လည်ခဲ့ပြီး ၁၉၇၀ မှာ အင်ဒိုနီးရှား စစ်တပ်ထဲ ဝင်ခဲ့တယ်။ ၁၉၈၃ မှာ ဆူဟာတို သမီးတယောက်နဲ့ လက်ထက်ခဲ့ပြီး နောက်တော့ လမ်းခွဲခဲ့ကြတယ်။ ဆူဟာတိုခေတ်မှာ အထူးတပ်ဖွဲ့ အကြီးအကဲဖြစ်ခဲ့ပြီး ၁၉၉၈ လူထု အရေးတော်ပုံမှာ ဒီမိုကရေစီလိုလားသူတွေကို ဖမ်းဆီးနှိပ်စက်ဖို့ အမိန့်ပေးခဲ့သူ၊ အရှေ့တီမောအရေးအခင်း သွေးထွက်သံယို နှိမ်နင်းဖို့ ညွန်ကြားခဲ့သူအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားသူဖြစ်ပါတယ်။
အထက်အမိန့်ကို မနာခံဘဲ သူ့သဘောနဲ့သူ ကျောင်းသားတွေ၊ ဒီမိုကရေစီ လိုလားသူတွေကို ဖမ်းဖို့ သူ့တပ်တွေကို အမိန့်ပေးခဲ့လို့ ၁၉၉၈ ခုနှစ်မှာပဲ တပ်က အနားပေးခံလိုက်ရတယ်။ သူ့ကို တပ်က ထုတ်တဲ့ အမိန့်မှာ အဲဒီအချိန်က ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့တဲ့ လက်ရှိ သမ္မတ ဆူစီလို ဘန်ဘမ်း ယူဒိုယိုနိုကလည်း တခြား အဆင့်မြင့် အရာရှိတွေနဲ့ အတူ လက်မှတ်ထိုးခဲ့ပါတယ်။ စစ်တပ်က ထုတ်ပယ်ခံရပြီးနောက် ဂျော်ဒန်မှာ နှစ်ပေါင်းများစွာ နေခဲ့တယ်။ အင်ဒိုနီးရှားပြန်လာတဲ့အခါ စီးပွားရေးအရလည်း အောင်မြင်သူဖြစ်လာတယ်။ ဒီနေ့ သူ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၁၅၀ ရှိပြီး စက္ကူလုပ်ငန်း၊ စားအုန်းဆီ လုပ်ငန်းကနေ စွမ်းအင် လုပ်ငန်းအထိ လုပ်ငန်းမျိုးစုံ ဖြန့်ကျက်ထားနိုင်ပါတယ်။
ဂျိုကိုဝီနဲ့ မတူတာက ပရာဘိုဝိုဟာ နိုင်ငံရေး ရည်မှန်းချက် အလွန်ကြီးတာပါပဲ။ ဂျိုကိုဝီက ပါတီ PDI-P က တာဝန်ပေးလို့ သမ္မတလောင်း အဖြစ် ဝင်အရွေးခံခဲ့ပေမယ့် ပါရာဘိုဝိုကတော့ သမ္မတဖြစ်နိုင်မယ့် အခွင့်အလမ်းကို တချိန်လုံး ရှာဖွေခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာလည်း ဆူဟာတို အမွေချန်ထားခဲ့တဲ့ Golkar ပါတီ သမ္မတလောင်းဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာ ကိုယ်ပိုင် ပါတီ Great Gerindra ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲမှာ သမတလောင်း မေဃာဝါတီရဲ့ တွဲဖက် ဒုတိယ သမ္မတလောင်းအဖြစ် အရွေးခံခဲ့တာလည်း ရှုံးခဲ့ပြန်ပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာတော့ ကိုယ်တိုင် သမ္မတလောင်း အဖြစ် ဝင်ပြိုင်ခဲ့ပေမယ့် အရေးမလှခဲ့ပြန်ပါဘူး။
ဒီနှစ် သမ္မတရွေးကောက်ပွဲဟာ အင်ဒိုနီးရှား သမိုင်းမှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဘ၀ အခြေအနေ မိုးနဲ့ မြေ၊ ပင်ကိုယ်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက် သမ္မတလောင်း နှစ်ယောက်ရဲ့ ပြိုင်ပွဲဖြစ်လို့ အင်ဒိုနီးရှားသာမက တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာ ပုံပြင်ဆန်ဆန်ပဲ ကျေးတောသားကလေးက အောင်ပွဲခံသွားပါတယ်။ အင်ဒိုနီးရှားရဲ့ နိုင်ငံရေး ယဉ်ကျေးမှုမှာ တော်လှန်ရေး တရပ်လို့ တောင် ပြောနိုင်ပါတယ်။ အမေရိကားမှာ ကျွန်မျိုးရိုး ဆင်းသက်လာတဲ့ အိုဘားမားဆိုတဲ့ လူမည်းတယောက် သမ္မတဖြစ်လာသလို အိန္ဒိယမှာ နေရူးမျိုးဆက်ကို ကျော်တက်ပြီး ဘူတာရုံဘေး လက်ဖက်ရည် ဆိုင်ပိုင်ရှင်ရဲ့ သား နရိန်ဒြာ မိုဒီက ဝန်ကြီးချုပ် ဖြစ်လာတာမျိုးပါပဲ။ အင်ဒိုနီးရှား ဒီမိုကရေစီဟာ ပိုပြီး ရင့်ကျက်တဲ့ အပိုင်းကို ရောက်လာတယ်လို့ ဆိုနိုင်ပါတယ်။ အရင်က ဆင်းရဲသား ရက်ကွက်မှာနေတဲ့ အမေတယောက်က သူ့သားလေးကို သမတ မပြောနဲ့ ဝန်ကြီးဖြစ်မယ်လို့ ယောင်လို့တောင် စိတ်ကူးမိမှာ မဟုတ်ပါဘူး။ အခုတော့ စစ်ဗိုလ်ကြီး မဖြစ်ဖူးလို့၊ ဆွေကြီးမျိုးကြီးနောက်ခံ မရှိလို့ စိတ်ပူစရာမရှိတော့ပါဘူး။
မြန်မာပြည်မှာလို သမ္မတလောင်း အရည်အချင်း သတ်မှတ်ချက်မှာ စစ်ရေးအမြင် ရှိသူ ဖြစ်ရမယ်ဆိုတဲ့ အချက်မျိုးလည်း မပါဝင်ပါဘူး။ ဒါတင်မက ဇူလိုင်လ သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာ ဖွဲ့စည်းပုံ ခုံရုံးက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်အရ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့တွေဟာ မဲပေးခွင့် မရှိပါဘူး။ မြန်မာပြည် ဖွဲ့စည်းပုံမှာ စစ်ဦးစီးချုပ်က လွှတ်တော်တိုင်းအတွက် တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ရွေးချယ်ခန့်ထား၊ ရွေးကောက်ပွဲကျရင် တပ်မတော်သားတွေက မဲထပ်ပေးတဲ့ နှစ်ထပ်ကွမ်း အထူး အခွင့်အရေးမျိုးနဲ့ အလွန်ကွာခြားပါတယ်။
ညွန်ကြားချက်အသစ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ရွေးကောက်ပွဲမှာ ကြားနေတာမျိုး မဟုတ်ဘဲ ဝင်စွက်ရင် ပြင်းပြင်းထန်ထန် အရေးယူခံရမယ်ဆိုတဲ့ ပြဌာန်းချက်မျိုးလည်း ပါဝင်တယ်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးလဒိုကို ကိုယ်တိုင်ကလည်း ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ရွေးကောက်ပွဲမှာ စစ်တပ်က ကြားနေတယ်ဆိုတာကို လူထုယုံကြည်မှုရစေမယ့် ပြဌာန်းချက်ဖြစ်တယ်ဆိုပြီး ကြိုဆိုခဲ့တယ်။ အင်ဒိုနီးရှားစစ်တပ်ဟာ နိုင်ငံရေးကနေ အောင်မြင်စွာ ဆက်လက် ဆုတ်ခွာနေတဲ့ သဘောဖြစ်ပါတယ်။
ဒီလိုပြောလို့ အင်ဒိုနီးရှား ဒီမိုကရေစီဟာ ခြောက်ပြစ်ကင်းနေပြီလို့ အထင်မရောက်စေချင်ပါဘူး။ ၂၀၁၃ ခုနှစ်အတွက် Transparency International က သတ်မှတ်တဲ့ အဂတိလိုက်စားမှု အဆင့်သတ်မှတ်ချက်မှာ အင်ဒိုနီးရှားရဲ့ အဆင့်က ၁၇၇ နိုင်ငံထဲမှာ ၁၁၄ နိုင်ငံမှာပဲ ရှိပါတယ်။ မြန်မာရဲ့ အမှတ်စဉ်က ၁၅၇ နဲ့လည်း နှိုင်းယှဉ် နိုင်ပါတယ်။ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုရဲ့ မဟာမိတ်ပါတီတွေကို ခေါင်းဆောင်သူတွေထဲမှာ ငွေကြေး အလွဲသုံးစားမှု စွပ်စွဲခံရသူတွေ၊ အဂတိ လိုက်စားမှုနဲ့ အမှုရင်ဆိုင်နေရသူတွေ၊ ဝိသမလောဘ စီးပွားရေး သမားတွေ၊ မရိုးသားတဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေကြောင့် ထောင်ကျဖူးသူတွေ ပါဝင်နေပါတယ်။
မဲဆွယ်တဲ့ ကာလမှာလည်း မဲဆွယ်တဲ့အခါ အသေးစားစီးပွားရေးလုပ်ငန်းအတွက် ချေးငွေထုတ်ပေးတဲ့ ပါတီတွေကနေ၊ သစ်စေ့မျိုးစေ့ အခမဲ့ဝေပေးတဲ့ ပါတီတွေ၊ အခမဲ့ ကျန်းမာရေးစစ်ပေးတဲ့ ပါတီတွေ၊ မဲနှိုက်တဲ့ စနစ်နဲ့ ဆော်ဒီကို ဘုရားဖူး ပို့ပေးတဲ့ ပါတီတွေ အထိ မျိုးစုံပါပဲ။ ပရာဘိုဝို ကိုယ်တိုင်လည်း နိုင်ငံတဝှမ်းမှာ လူမိုက်ဂိုဏ်းတွေကို ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့တွေ ဖွဲ့စည်းပြီး ဆင်းရဲသားတွေကို ငွေနဲ့ စားစရာ ဝေခိုင်းတာမျုးိ ရှိတယ်လို့ စွပ်စွဲခံရပါတယ်။
ပရာဘိုဝိုရဲ့ မဟာမိတ်တွေနဲ့ နှိုင်းယှဉ်ရင် ဂျိုကိုဝီရဲ့ မဟာမိတ်တွေက သမိုင်းကြောင်းကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ဂျိုကိုဝီကိုယ်တိုင်ကလည်း အဂတိကင်းရှင်းတဲ့ မြို့တော်ဝန်ဖြစ်သလို ရွေးကောက်ပွဲမှာ မဟာမိတ်ပါတီတွေကို ဝန်ကြီးနေရာတွေ ပေးမယ်ဆိုပြီးလည်း မက်လုံးမပေးခဲ့ပါဘူး။ အင်ဒိုနီးရှား နိုင်ငံရေးမှာ ဒါကလည်း ထူးခြားတဲ့ တိုးတက်မှုလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲအကြိုကာလမှာ ပြိုင်ဖက်ကို အနိုင်ရဖို့ အောက်လမ်းနည်းတွေကို သုံးတဲ့ နေရာမှာတော့ ဂျိုကိုဝီဘက်ကလည်း မကင်းပါဘူး။ အမှန်တဝက် အမှားတဝက် ဝါဒဖြန့်နည်းတွေကို သုံးပြီး အပြန်အလှန် နာမည်ဖျက်ခဲ့ကြတယ်။ ပရာဘိုဝိုရဲ့ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သာမက ယဉ်ယဉ်လေး ရူးနေသူဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။ အာကြမ်းလျှာကြမ်း စိတ်လိုက်မာန်ပါ ပရာဘိုဝိုရဲ့ ပင်ကိုယ်စရိုက်ကြောင့် ယုံသူတွေလည်း မနည်းပါဘူး။ ဒီလိုပဲ ပရာဘိုဝို ဘက်ကလည်း ဂျိုကိုဝီကို အပုပ်ချဖို့ တရုတ်နွယ်ဖွား၊ ကွန်မြူနစ်၊ ခရစ်ယာန် ဘာသာဝင် စသဖြင့် တံဆိပ်မျိုးစုံ ကပ်ခဲ့ပါတယ်။ “ဂျိုကိုဝီ သေပြီ” ဆိုတာမျိုးတောင် ပါဝင်ပါတယ်။ ဒါတွေအားလုံးကို မဟုတ်ကြောင်း သက်သေပြဖို့ ဆော်ဒီကို အပြေးအလွှားသွားပြီး ဘုရားဖူးပြခဲ့ရပါတယ်။
ရွေးကောက်ပွဲနေ့မှာတော့ ကြီးကြီးမားမား ပြဿနာမရှိခဲ့ပါဘူး။ ဘက်မလိုက်တဲ့ အင်ဒိုနီးရှား ရွေးကောက်ပွဲ ကော်မရှင် (KPU) နဲ့ စေတနာဝန်ထမ်း စောင့်ကြည့်သူတွေ၊ လူမှုကွန်ယက်တွေ၊ အင်တာနက် ကျေးဇူးတို့ ကြောင့် ရွေးကောက်ပွဲ လုပ်ငန်းဟာ သမိုင်းမှာ ပွင့်လင်းမြင်သာမှုအရှိဆုံး၊ ဒီမိုကရေစီအကျဆုံး လို့ အသိအမှတ်ပြုကြပါတယ်။ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ရည်ရွယ်ပြီး အိုင်တီ ပညာရှင် သုံးယောက်က တည်ဆောက်ထားတဲ့ www.kawalpemilu ဝက်ဆိုက်ဆိုရင် အတော်နာမည်ကြီးပါတယ်။ နိုင်ငံတဝှမ်းမှာ စေတနာဝန်ထမ်း ရာပေါင်းများစွာကို ဖြန့်ထားပြီး ကွန်ယက်တွေ ချိတ်ဆက်ထားနိုင်ခဲ့တယ်။ ရွေးကောက်ပွဲ နောက်ဆုံး ရလဒ်ကို ၁၀ မိနစ်တိုင်း update လုပ်ပေးခဲ့ပါတယ်။
မဲပေးသူတွေကလည်း ကိုယ့်မဲပေးတဲ့ မဲရုံက မဲရလဒ်ကို Smartphone ကင်မရာနဲ့ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်၊ လူမှုကွန်ယက်တွေပေါ်ကို တာဝန်သိသိ တင်ပေးခဲ့ကြတယ်။ အင်ဒိုနီးရှားမှာ လူတိုင်းနီးပါးတယ်လီဖုန်း ရှိကြပြီး လေးပုံတပုံက Smartphone ကိုင်ကြပါတယ်။ အင်ဒိုနီးရှား မြို့တော် ဂျာကာတာဟာ ကမ္ဘာမှာ တွစ်တာမြို့တော် (Twitter Capital) လို့ နာမည်ကြီးသလို အင်ဒိုနီးရှားဟာ အမေရိကန်ပြည်ထောင်စုပြီးရင် ကမ္ဘာမှာ Facebook အသုံးပြုသူဦးရေ အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အောက်ခြေမဲဆန္ဒရှင်ရဲ့ တာဝန်သိမှုနဲ့ နည်းပညာအကျိုးကျေးဇူးကြောင့် ရွေးကောက်ပွဲ မဲရေတွက်တဲ့ လုပ်ငန်းစဉ်မှာ ပွင့်လင်းမြင်သာမှု၊ မျှတမှု ရှိခဲ့တယ်။
နောက်တဆင့်ကတော့ ရွေးကောက်ပွဲမှာ ရှုံးသွားတဲ့ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝိုက သူ့အရှုံးကို လက်ခံဖို့ပဲ ကျန်ပါတယ်။ ပရာဘိုဝိုကလည်း ဖွဲ့စည်းပံုံက ခွင့်ပြုထားတဲ့ တရားဥပဒေဘောင်က လွဲလို့ အကြမ်းဖက် နည်းလမ်း၊ တခြားနည်းလမ်းတွေကို မသုံးဘူးလို့ ပြောထားလို့ အင်ဒိုနီးရှား ဒီမိုကရေစီ လမ်းကြောင်းက လွဲချော်သွားစရာ အကြောင်း မရှိပါဘူး။ လက်ရှိ သမ္မတ ဗိုလ်ချုပ်ဟောင်း ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုကလည်း ရွေးကောက်ပွဲ အငြင်းပွားမှု ပြေလည်သွားဖို့ အိန္ဒြေရရ ကြားဝင် ညှိနှိုင်းပေး နေတာကလည်း အလွန် လေးစားစရာ ကောင်းပါတယ်။ ရွေးကောက်ပွဲ အငြင်းပွားမှုကို ဖွဲ့စည်းပုံ ခုံရုံးလမ်းကြောင်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့နဲ့ ထိုင်းနိုင်ငံမှာလိုမျိုး စစ်တပ်က ပါမလာအောင် ထိန်းပေးနိုင်ရင် SBY လို့ အတိုကောက်ခေါ်ကြတဲ့ လက်ရှိသမ္မတရဲ့ နောက်ဆုံးရက် အကောင်းဆုံး လက်ဆောင်ဖြစ်လာမှာပါ။
ရွေးကောက်ပွဲ အငြင်းပွားမှု ပြေလည်သွားလို့ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် အဆင်ချောသွားရင်လည်း နောက်ထပ် ပြဿနာတွေက စောင့်နေပါတယ်။ အဲဒါကတော့ လွှတ်တော်တွင်းမှာ ဂျိုကိုဝီရဲ့ မဟာမိတ် ပါတီတွေက လူနည်းစု ဖြစ်ပြီး ပရာဘိုဝိုနဲ့ မဟာမိတ်တွေက လူများစု ဖြစ်နေလို့ ဥပဒေပြုတဲ့အခါ ကြုံရကြမယ့် အားစမ်းပွဲတွေပါပဲ။ နိုင်ငံရေးသမားတွေ ပါတီ စွဲနဲ့ သွားကြမလား။ တိုင်းပြည် မျက်နှာကြည့်ကြမလားဆိုတာကို မဲဆန္ဒရှင် ပြည်သူတွေက မျက်လုံးဒေါက်ထောက် စောင့်ကြည့်နေမှာ သေချာပါတယ်။ ကားလိပ် နောက်ကွယ်မှာ နိုင်ငံရေးကစားကွက်တွေ၊ မဟာမိတ်တွေအပြောင်းအရွေ့၊ အားပြိုင်ပွဲတွေ ပြင်းထန်းလာဖွယ်ရှိပါတယ်။
သမ္ဘာရင့် ဝါရင့် တိုင်းပြုပြည်ပြုနိုင်ငံရေးသမား၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟယ်လာရီရဲ့ စကားကို ငှားသုံးရရင် “ ဒါက ဒီမိုကရေစီ” Welcome to democracy! ပါပဲ။ အင်ဒိုနီးရှားအတွက်ဆိုရင် ဒီမိုကရေစီ ရင့်ကျက်မှုနောက်တဆင့်အတွက် စမ်းသပ်မှုဖြစ်ပါတယ်။