မြန်မာနိုင်ငံ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ဒေသဆိုင်ရာ ဖိုရမ်(ARF) အစည်းအဝေးမှာ တောင် တရုတ် ပင်လယ် အရေး၊ နျူကလီးယား လက်နက် မပြန့်ပွားရေး တို့နဲ့ပတ်သက်ပြီး အဓိက ဦးစားပေး ဆွေးနွေး သွားကြပါတယ်။
ARF အစည်းအဝေးကို အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ အပြင် အမေရိကန်၊ တရုတ်၊ ကနေဒါ၊ ဥရောပ သမဂ္ဂ၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ မွန်ဂိုလီးယား၊ နယူးဇီလန်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ပါပူဝါနယူးဂီနီ၊ အရှေ့တီမော အစရှိတဲ့ နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ARF ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ် လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောသွားပါတယ်။
တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေရဲ့ ထောက်ခံမှုလည်းရရှိထားတဲ့ အမေရိကန်အနေနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းမဲ့ဇုန် ဖြစ်ပေါ်အောင် အမေရိကန်ဘက်က အခိုင်အမာ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီး ကယ်ရီ က ဆိုပါတယ်။
ARF အစည်းအဝေးမှာ မြောက်ကိုရီးယား ကိုယ်စားလှယ်လည်း တက်ရောက်လာတယ်ဆိုပေမယ့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အလွတ်သဘော တွေ့ဆုံမှု ရှိ၊ မရှိကိုတော့ သတင်းတွေမှာ မတွေ့ရပါဘူး။
ဒါပေမယ့် ARF အစည်းအဝေးကနေ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ အညီ ဒေသတွင်းမှာ နျူကလီးယား လက် နက် မပြန့်ပွားရေး ကိစ္စကိုတော့ အားလုံးက သဘောတူခဲ့တဲ့အကြောင်း ဂျွန်ကယ်ရီက ပြောထားပါတယ်။
တောင်တရုတ်ပင်လယ်ကိစ္စ တင်းမာမှုတွေမြင့်တက်လာနေတဲ့ အပေါ် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေကတော့ အလွန် စိုးရိမ် စရာ အခြေအနေ ရှိသေးတယ်လို့ သြဂုတ် ၁၀ ရက်နေ့ အစည်းအဝေး နောက်ဆုံးနေ့မှာ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
တောင်တရုတ်ပင်လယ် အရေးတင်းမာမှုတွေ လျော့ကျစေဖို့ နည်းအမျိုးမျိုးနဲ့ ကြားဝင်ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကိစ္စ ဟာ သိမ်မွေ့ပြီး အထိမခံတဲ့အကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးကလည်း ထုတ်ပြောထားပါတယ်။
ဖိလစ်ပိုင်က ပြောတာမှာတော့ တောင် တရုတ်ပင်လယ်အရေး ရေပိုင်နက်အငြင်းပွားနေစဉ် တင်းမာမှုတွေ လျော့ကျစေဖို့ ဘာလုပ် ဆောင် မှုတွေကိုမှ တရုတ်အနေနဲ့ မလုပ်ဖို့ လိုတယ်လို့ ပြောဆိုပါတယ်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့လည်း တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုကြောင့် ၂ နိုင်ငံ ဆက် ဆံရေး ပုံမှန်အခြေအနေရောက်ဖို့ အချိန်အတော်ကြာ ဆွေးနွေးခဲ့ကြပေမယ့် ၂ဝ၁၂ ခုနှစ်ကတည်းက တရုတ်နဲ့ ဂျပန် သူပိုင် ကိုယ် ပိုင် အငြင်းပွားမှုတွေဟာ ပိုမိုကျယ်လောင်လာခဲ့တာ အခုထိလည်း လျော့ကျသွားတဲ့အနေအထား မရှိပါဘူး။
တရုတ်နဲ့ ဂျပန်အပါအဝင် အာဆီယံ အဖွဲ့ဝင်တချို့အကြား နိုင်ငံရေးတင်းမာမှုတွေ လျှော့ချနိုင်ရေး အမေရိကန် ဘက်က တင်ပြတဲ့ တောင် တရုတ်ပင်လယ်အရေး အဆိုပြုမှုကို တရုတ်နိုင်ငံ အခြေစိုက် သတင်းတွေကတော့ အပြုသဘော မဆန်ဘူးလို့ ဝေဖန်တုံ့ပြန်ကြပါတယ်။
အမေရိကန်ဘက်က အဆိုကလည်း အငြင်းပွားမှု တင်းမာမှုတွေ လျှော့ချဖို့ တရုတ်ဘက်က တင်းမာမှု ဖြစ်စေမယ့် လုပ်ရပ်တွေ ရှောင်ရှားဖို့ အပါအဝင် ဒီကိစ္စကို ငြိမ်းချမ်းစွာ အဖြေရှာဖို့ အဆိုပြုခဲ့တာပါ။
တချို့ကလည်း ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်နေတဲ့ မြန်မာနိုင်ငံဟာ တောင်တရုတ် ပင်လယ်အရေးမှာ တရုတ်ဘက်က ရပ်တည်ပုံ ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်ကတော့ စွပ်စွဲမှုတွေကို ငြင်းပယ်ခဲ့ပြီး ဒီကိစ္စဟာ အာဆီယံနဲ့ တရုတ်နိုင်ငံကြားက ပြဿနာလည်း မဟုတ်သလို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးပဲ အဓိက ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အခုအချိန်ထိ တောင်တရုတ် ပင်လယ်အရေး တင်းမာမှုတွေ လျော့ကျသွားတာ မရှိဘဲ ပစိဖိတ် သမုဒ္ဒရာ ထဲမှာ တရုတ် စစ်တပ် ရဲ့ အခြေအနေက ဘာတွေဖြစ်လာမလဲဆိုတာ အားလုံးက စောင့်ကြည့်နေရတဲ့ အနေအထားမှာပဲ ရှိပါတယ်။
ARF ဆွေးနွေးပွဲထဲမှာ မကြာသေးခင်က ယူကရိန်းနိုင်ငံမှာ ရုရှားလိုလားသူတွေ ပစ်ချခဲ့တဲ့ မလေးရှားလေကြောင်းလိုင်း MH 17 လေယာဉ်ကိစ္စလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုတော့ နေပြည်တော်မှာ ARF အစည်းအဝေးက အဓိကဆွေးနွေးခဲ့ကြတဲ့ တောင်တရုတ်ပင်လယ် အရေးကတော့ သောင်မတင် ရေ မကျ ဖြစ်ခဲ့ပေမယ့် နျူကလီးယား လက်နက်မပြန့်ပွားရေး ကိစ္စ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အားလုံးက လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်လိုက်နာရေး သဘောတူခဲ့တာဟာ တိုးတက်မှု တခုလို့ လေ့လာသူများက ပြောဆိုကြပါတယ်။