မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို ပစ်မှတ်ထားမယ့် အယ်ကိုင်းဒါးအဖွဲ့ခွဲသစ် ဖွဲ့စည်းလိုက်ပြီလို့ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အယ်လ်ဇာဝါဟီရီက ကြေညာလိုက်တာဟာ လူမျိုးရေးပဋိပက္ခတွေ အချိန်မရွေး နေရာမရွေး ပေါ်ပေါက်နိုင်တဲ့ မြန်မာပြည်အတွက် ဘူးလေးရာဖရုံဆင့်ဆိုသလိုပါပဲ။ ဒီလိုကြေညာချက်ရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေပဲရှိပါစေ၊ မြန်မာနဲ့ တောင်အာရှနှစ်နိုင်ငံမှာ အကြမ်းဖက်အန္တရာယ်တွေ ရင်ဆိုင်ရ တော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံးကလည်း ချက်ချင်းဆိုသလိုပဲ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ကြိုတင် ပြင်ဆင်မှုတွေကို ယေဘုယျ ရှင်းပြထားပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ဖလှယ်နိုင်ဖို့၊ မျှဝေနိုင်ဖို့အတွက် ကြိုတင်သတိပေးစနစ် (Early Warning System) တခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်နေ တယ်။ အယ်လ်ကိုင်းဒါး ကွန်ရက်လမ်းကြောင်း တွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ထားပြီး လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ပြည်ပကနေ ဝင်လာနိုင်တဲ့ အန္တရာယ်အတွက် ကြိုတင် ပြင်ဆင်မှုအဖြစ် နားလည်နိုင်ပါတယ်။
ဒုတိယအချက်အနေနဲ့ ပြည်တွင်းမှာ ဖြစ်လာနိုင်တဲ့ ဂယက်ကိုလည်း သတိပေးထားပါတယ်။ ဘာသာရေးနွယ်တဲ့ တင်းမာမှုတွေ အကင်းမသေသေးတဲ့ အခြေအနေမှာ အစ္စလမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓာတ်တွေ ပေါက်ဖွားလာအောင်၊ အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင် တယ်။ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေဖြစ်လာနိုင်တယ်။ ဒါကို သတိရှိပြီး နှစ်ဖက် လူ့အဖွဲ့အစည်းက ပြည်သူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအားလုံး သတိရှိပြီး နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကိုအရေးကြီးပါတယ် စသဖြင့် ဖော်ပြထားပါတယ်။
အယ်ကိုင်းဒါးအန္တရာယ်နဲ့ပတ်သက်လို့ သမ္မတရုံးက ယေဘုယျ ရှင်းပြချက်နဲ့အတူ လျင်လျင်မြန်မြန် သတင်း ထုတ်ပြန်တာ ကောင်းပါတယ်။ ဒါပေမယ့် လောလောဆယ် စိုးရိမ်စရာမရှိသေးတာဟာ စိတ်ချရတဲ့အခြေအနေ မဟုတ်ပါဘူး။ အကြမ်းဖက်အန္တရာယ်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အဖြေရှာဖို့ အရေးကြီးဆုံးကိစ္စက ပြဿနာရဲ့ အကြောင်းရင်းကို ဓမ္မဓိဋ္ဌာန်ကျကျ ရှာဖွေနိုင်ဖို့ လိုပါတယ်။ မြန်မာပြည်လို နိုင်ငံငယ်လေးကို အယ်လ်ကိုင်းဒါးအဖွဲ့က အခု အချိန်မှာ ဘယ်လိုကြောင့် နာမည်တပ်ပြီးခြိမ်းခြောက်လာသလဲ။ သမ္မတရုံးရဲ့ အသုံးအနှုန်းအတိုင်း “အယ်လ်ဇာဝါဟီရီရဲ့ စကားတခွန်းကြောင့်” မြန်မာပြည်မှာ ဘေးဒုက္ခကျရောက်နိုင်တာ ဘာလို့သတိပေး နေရသလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာဖွေနိုင်ဖို့ လိုပါတယ်။
အကြမ်းဖက်မှု အကြောင်းရင်းတွေကို ကျွမ်း ကျင်သူတွေ ဆန်းစစ်ကြည့်တဲ့အခါ အကြောင်းရင်းခံ မျိုးစုံ တွေ့ရပါ တယ်။ လျစ်လျူရှုခံရခြင်း၊ အလိုမကျမှု၊ နာကျင်ခံစားရမှု၊ ဖိနှိပ်ခံရမှု၊ အခြေခံအခွင့်အရေး ငြင်းပယ်ခံရမှု၊ အလုပ် လက်မဲ့ပြဿနာ၊ တန်းတူညီမျှ မှုမရှိခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ ဆင်းရဲမွဲတေမှု၊ အစိုးရရဲ့ လာဘ်စားမှု၊ တလွဲစီမံခန့်ခွဲမှုတွေအပေါ် မကျေနပ်ရာကနေ မြစ်ဖျားခံတာမျိုးတွေ ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ဒီလိုရေခံမြေခံ တွေ ရှိရုံသက်သက်နဲ့ အကြမ်းဖက်မှုတွေ အလိုအလျောက် ပေါ်ပေါက်တာမျိုးတော့ မဟုတ်ပါဘူး။ သွေးထိုး ပေးတဲ့၊ မီးမွှေးပေးတဲ့ တခြားအကြောင်းတွေကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်တာမျိုးဖြစ်ပါတယ်။
ဒီလို မီးမွှေးပေးတဲ့အကြောင်းတွေထဲမှာအရေး အကြီးဆုံးကတော့ ဘာသာရေးကိုသုံးပြီး နိုင်ငံရေး အမြတ်ထုတ် သူတွေကြောင့်ပါပဲ။ သွေးခွဲအုပ်ချုပ်တဲ့ နည်း၊ အမုန်းမီးကိုဆွ၊ အမျိုးသားရေး အဆိပ်ခတ်ပြီး အာဏာကို ဖြတ် လမ်းနည်းနဲ့ယူလိုတဲ့ အုပ်စုတွေကြောင့် အကြမ်းဖက်မှုတွေ ပေါ်ပေါက်တာ ဖြစ်ပါတယ်။
ဒီပြဿနာကို ဘယ်လိုစပြီး ကိုင်တွယ်ကြမလဲ။ အရိုးရှင်းဆုံးနဲ့ အခြေခံအကျဆုံးက လူ့အခွင့်အရေးကို လေးစားဖို့ပါပဲ။ လူ့အခွင့်အရေးဟာ အကြမ်းဖက် မှု ရေခံမြေခံ တခုဖြစ်တဲ့ ခွဲခြားဆက်ဆံမှုဆိုတဲ့ ဒဏ်ရာ မရအောင် ကာကွယ်ပေးနိုင်ပါတယ်၊ ကုစားပေးပါလိမ့်မယ်။ လူများစုဖြစ်ဖြစ်၊ လူနည်းစုဖြစ်ဖြစ် အားလုံးအတွက် အကာအကွယ်ရှိတဲ့၊ လုံခြုံတဲ့အခြေ အနေတရပ်ကို ဖန်တီးပေးပါလိ့မ်မယ်။ လူတိုင်းရဲ့ ကိုယ်ပိုင်ဇာတိပုည ဂုဏ်မာန (Identity)၊ အခွင့်အရေး၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်တွေ အကျုံးဝင်ပါတယ်။
ဒီအခွင့်အရေးတွေနဲ့ ခွဲခြားမရတဲ့ ကိစ္စကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ဗိုလ်ကျ မှု၊ အာဏာအလွဲသုံးစားမှုကို အပြန်အလှန် ထိန်းကြောင်းပေးမယ့် စနစ်တွေ (checks and balances) လိုအပ် ပါတယ်။ ဒီနေရာမှာ လွတ် လပ်စွာ ကိုးကွယ်ခွင့်ကို အသိအမှတ်ပြုခြင်းဆိုတဲ့ နေရာမှာ ဘာသာတရားဆိုတာ တကျောင်းတဂါထာ ဖြစ်နိုင်တာဟာ ဓမ္မတာတရားဆိုတာကို နက်နက်ရှိုင်းရှိုင်း လက်ခံထားဖို့ပါပဲ။ နောက်ထပ် အရေးတကြီး ကိစ္စတခုကလည်း အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုမလုပ်ဖို့ ကိစ္စပါပဲ။
လူ့အခွင့်အရေးဆိုတဲ့နေရာမှာလည်း အမျိုးသား လုံခြုံရေး (National Security)၊ အများပြည်သူ အနှောင့် အယှက်မဖြစ်ရေး (Public Order) ဆိုတဲ့ စည်းကမ်းတွေနဲ့ ပြန်ပြီးထိန်းညှိထားရပါတယ်။ ဒီလို ထိန်းညှိတဲ့ အခါမှာလည်း တရားမျှတမှု၊ ဥပဒေနဲ့ အညီဖြစ်မှု၊ ဒီမိုကရေစီ လူ့အဖွဲ့အစည်းက လက်ခံနိုင်လောက်တဲ့ စည်းကမ်းတွေဖြစ်ဖို့ လိုပါတယ်။ အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမဟုတ်ဘဲ အလွန်အကျွံထိန်းချုပ်မှု၊ တရားလက်လွှတ် အာဏာ ပြမှုမျိုးနဲ့ ခြားနားပါတယ်။ ဥပမာအနေနဲ့ အမုန်း တရား၊ ဘာသာရေး၊ လူမျိုးရေး အခြေခံပေါ်ကနေ လှုံ့ဆော်မှုမျိုးကို ဥပဒေနဲ့ တားမြစ်ထားရပါမယ်။
မြန်မာပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာ တွေကို ကြည့်မယ်ဆိုရင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပေါ်ပေါက်အောင် တမင်လှုံဆော်နေတဲ့ အုပ်စုရှိနေတာ ထင်ရှားပါတယ်။ ဒီထဲမှာ နာမည်ဆိုး နဲ့ကျော်ကြားတဲ့ နိုင်ငံရေးသမားနဲ့ ဘာသာရေးခေါင်း ဆောင်တွေ ပါဝင်နေပေမယ့် အရေးယူမခံရပါဘူး။ ဒါကြောင့် ဒီလိုကိစ္စမျိုး တွေကို အစိုးရကပူးပေါင်း ကြံစည်တာလား၊ ဒါမှမဟုတ် နိုင်ငံရေး အမြတ်ထုတ်ချင်လို့ တမင်လွှတ်ပေးထား တာလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
ပြဿနာရဲ့အချုပ်ကတော့ ဥပဒေစိုးမိုးရေးပါပဲ။ ဒီလို အစွန်းရောက် ဘာသာရေး လှုံ့ဆော်မှုမျိုးကို အရေးယူ နိုင်မယ့် တိကျတဲ့ဥပဒေကို ရေးဆွဲထားဖို့ လိုပါတယ်။ ဘာသာတရားကို စော်ကားတဲ့ အပြုအမူ အပြောအဆို၊ ကိုးကွယ်ရာ ဘာသာတရားကို အပုပ်ချတာမျိုးကို တားဆီးတဲ့ ဥပဒေမျိုးကို ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။
ဒုတိယအချက်က လူမျိုးရေး ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချတဲ့ မူဝါဒတွေကို တားဆီး ဖို့လိုပါတယ်။ အဲဒီအစား လူ့အခွင့်အရေးကိုလေးစားဖို့နဲ့ နိုင်ငံရေးဖြစ်စဉ်မှာ လူနည်းစုတွေကို ပစ်ပယ်မထားဘဲ အခိုင်အမာ အကာအကွယ်ပေးဖို့၊ ဒီမိုကရေစီစနစ်မူဘောင်တွေ ထွန်းကားအောင်မြှင့်တင်ဖို့ လိုပါတယ်။
တတိယအနေနဲ့ လူ့အဖွဲ့အစည်းတွေကြား၊ ဘာသာမတူသူ အုပ်စုတွေကြားမှာ ချစ်ကြည်ရင်းနှီးရေး၊ အထူး သဖြင့် လူငယ်တွေ အချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးရေး အစီအစဉ်တွေ လိုအပ်ပါတယ်။ လူငယ်တွေ အတွက် အလုပ်အကိုင်နဲ့ အသက်မွေး ဝမ်းကျောင်း အခွင့်အရေးတွေကို ဖန်တီးပေးဖို့ လိုပါတယ်။
စတုတ္ထအနေနဲ့ တရားမျှတမှုနဲ့ တရားဥပဒေ စိုးမိုးရေး အခြေခံဟာ လူတိုင်းအတွက် တန်းတူ ရည်တူ ဖြစ်ဖို့လို ပါတယ်။ လွတ်လပ်တဲ့ တရားရေး စနစ်၊ လူ့အခွင့်အရေး ကော်မရှင်တို့ဟာ အပြန်အလှန် ထိန်းကျောင်းပေးနိုင် တဲ့ အင်စတီကျူးရှင်းတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာသာရေးခေါင်းဆောင်တွေ၊ ဘာသာရေး အဖွဲ့ အစည်းတွေဟာလည်း အစွန်းမရောက်တဲ့ ဘာသာရေး သဘောတရား၊ လစ်ဘရယ်အယူအဆတွေနဲ့ အကြမ်း မဖက် သဘောတရားတွေကို ဟောကြားဆုံးမ ဖြန့်ဝေဖို့လိုပါတယ်။
ပဉ္စမအချက်ကတော့ ဗဟုယဉ်ကျေးမှုနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကို အားပေးတဲ့ ပညာရေးစနစ် ဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တချက်ကတော့ ဘာသာရေးကျောင်းတွေမှာ သင်ကြားတဲ့ သင်ရိုး ညွှန်းတမ်းတွေဟာ ပွင့်လင်းမြင် သာမှုရှိဖို့ လိုသလို၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူရေး စံနှုန်းတွေနဲ့ သဟ ဇာတဖြစ်ဖို့လိုပါတယ်။
နောက်ထပ်အရေးကြီးတာကတော့ မီဒီယာတွေရဲ့ တာဝန်သိတတ်မှု ကိစ္စပါပဲ။ အထူးသဖြင့် လူမှုကွန်ရက် မီဒီယာတွေ (Social Media) တွေဟာ အမုန်းတရားဖြန့်ချိတဲ့ ယန္တရားတွေ မဖြစ်စေဘဲနဲ့ ဘာသာစုံ၊ လူမျိုးစုံ ချစ်ကြည်နားလည်ရေး မွေးဖွားရှင်သန်ရာဖြစ်ဖို့ လိုပါတယ်။ နောက်ဆုံးကတော့ လူထုအခြေပြု အဖွဲ့အစည်း တွေ အပါအဝင် အလွှာစုံ ပူးပေါင်းဆောင်ရွက်တဲ့ ယဉ်ကျေးမှုတရပ်ကို အခိုင်အမာ ထူထောင်ဖို့ပါပဲ၊ အပြန် အလှန်လေးစားမှု၊ ကိုယ်ချင်းစာတရား၊ တဦးတယောက်ရဲ့ ဇာတိပုည ဂုဏ်မာန(Identity) ကို တယောက်က လေးစားတဲ့ ယဉ်ကျေးမှု အလံကို မြင့်မြင့်မားမား လွှင့်ထူကြဖို့ ဖြစ်ပါတယ်။
အချုပ်ကတော့ ပြည်ပကနေ ဝင်လာနိုင်တဲ့ အကြမ်းဖက် အန္တရာယ်ကို တားဆီးလို့ ရကောင်းရနိုင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ အကြမ်းဖက် သမားတွေကို မွေးထုတ်နိုင်တဲ့ ရေခံမြေခံ၊ သို့မဟုတ် ရေခြားမြေခြားဆီက အန္တရာယ်ကို လက်ယက်ခေါ်နေတဲ့ အခြေအနေတွေက ပိုပြီးအန္တရာယ်များပါတယ်၊ ဒါကြောင့် ပြဿနာတခု ဖြစ်ရင် ပြည်ပအန္တရာယ်ကိုချည်း လက်ညှိုးထိုးနေတာဟာ မှန်ကန်တဲ့ အဖြေ ရှာနည်းမဟုတ်ပါဘူး။ တကယ့် အရင်းအမြစ်ပြဿနာကို မဖြေရှင်းဘဲ လျစ်လျူရှုထားရင် တချိန်မဟုတ် တချိန်မှာ တနည်းနည်းနဲ့ ဆက်ပြီး ဒုက္ခပေးနေပါလိမ့်မယ်။
(ညီစောလွင်သည် မြန်မာ့အရေးနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)