အသက် ၃၆ နှစ် အရွယ် အင်္ဂလန် နိုင်ငံမှာ နေထိုင်သူ အင်္ဂလိပ် ဝတ်လုံတော်ရ ရှေ့နေနဲ့ နယူးယောက် တရားလွှတ်တော် ရှေ့နေ တဦး ဖြစ်တဲ Amal Alamuddin ဟာ သူ့ရဲ့ အောင်မြင်မှုတွေကို စွန့်လွှတ်ပြီး ဟောလိဝုဒ် ရုပ်ရှင်မင်းသားကြီး ဂျော့ချ် ကလူနီ (George Clooney) နဲ့ လက်ထပ်လိုက်ပါပြီ။
နိုင်ငံတကာ ဒုက္ခသည်တွေနဲ့ လူကုန်ကူးခြင်း ကိစ္စရပ်တွေမှာ တရားဥပဒေနဲ့ ဖြေရှင်းပေးနေတဲ့အတွက် ထင်ရှားတဲ့သူ တဦးလည်း ဖြစ်တဲ့ Amal ဟာ အခုအချိန်မှာ တကိုယ်တည်း ရပ်တည်နေတဲ့ ပညာရှင် အမျိုးသမီး တဦးဘဝကို စွန့်လွှတ်ပြီး ရုပ်ရှင် မင်းသား တဦးနဲ့ လက်ထပ်လိုက်ပြီလို့ The Business Woman Media ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။
ဆောင်းပါးရှင် အမန်ဒါ ရို့စ်က “Amal ဟာ ကျမ တို့တတွေ အမြဲတမ်း လေးစား အားကျရတဲ့ ပညာတတ်၊ လုပ်ငန်းခွင် နယ်ပယ်မှာ အောင်မြင်တဲ့ အမျိုးသမီး တယောက် ဖြစ်ပါတယ်။ အောင်မြင်မှုတွေ ရနေတဲ့ ဝတ်လုံတော်ရ တဦးဖြစ်တဲ့ သူ့ရဲ့ လုပ်ငန်းတွေက အနိမ့် အမြင့်တွေလည်း များလှတယ်” လို့ ဆိုပါတယ်။
Amal ဟာ Wiki သတင်းပေါက်ကြားမှု အရှုပ်အထွေးမှာ သတင်းပေးသူ တဦး ဖြစ်တယ်လို့ ဆိုတဲ့ Julian Assange ရဲ့ ကိုယ်စားလှယ် တဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ပါသေးတယ်။ သူဟာ အင်္ဂလိပ်၊ ပြင်သစ်၊ အာရဗစ် စတဲ့ ဘာသာစကား အတော်များများ ကို လည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆို နိုင်သူ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်နဲ့ St. Hugh’s College တို့ကို တက်ရောက်ခဲ့သူ Amal ဟာ BA/ LLB ဘွဲ့အပြင် Exhibitoner ၊ Shringley ဆုတွေကိုပါ ရရှိခဲ့ပါတယ်။ ဒါ့အပြင် သူက အမေရိကန် နိုင်ငံ နယူးယောက် ဥပဒေ အထူးပြု တက္ကသိုလ် ကိုလည်း တက်ရောက်ခဲ့ပြီး LLM ဘွဲ့နဲ့ Jack J. Katz Memorial ဆု တွေကို ရရှိခဲ့ပါတယ်။
သူ့ရဲ့ ပင်ကို စရိုက်ကို ထင်ထင်ရှားရှား သိရှိလိုက်ရတာ ကတော့ အရင် UK နိုင်ငံကြားရေး အတွင်းရေးမှူး ဖြစ်သူ William Hague တည်ထောင်ထားတဲ့ Preventing Sexual Violence Initiative မှာ ပါဝင် လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပဋိပက္ခဖြစ်ပွား လေ့ရှိတဲ့ နေရာတွေမှာ ဖြစ်ပေါ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံ ရမှု တွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို စုစည်းဖို့ အတွက် ကူညီခဲ့တဲ့ အချိန်တွေ မှာပဲ ဖြစ်ပါတယ်။
ဟောလိဝုဒ် ကမ္ဘာကျော် မင်းသမီး ဂျူလီယာရောဘတ် ကတောင် Amal ကို လှပပြီး ထက်မြက်တဲ့ အမျိုးသမီးလို့ ချီးကျူးဖူးပါတယ်။
Assange ကို ကိုယ်စားပြု ရှေ့နေအဖြစ် လုပ်ပေးဖို့ Amal ကို ငှားရမ်း ခဲ့တဲ့ Mark Stephens ကတော့ “သူက အင်မတန် ဉာဏ်ရည် ထက်မြက် ထူးခြားတဲ့ အမျိုးသမီး တယောက်ပါ။ အမှီအခိုလည်း ကင်းတယ်၊ စိတ်သဘောထား ကြီးပြီး လူမှု ဆက်ဆံရေး ကတော့ သေလို့ ရအောင် ကောင်းမွန်ပြေပြစ် လွန်းတယ်” လို့ မှတ်ချက်ပေးပါတယ်။
Amal ရဲ့ အရင် အချစ်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လူသိနည်း ခဲ့ပေမယ့် အခု အချိန်မှာတော့ သူက နာမည်ကျော် မင်းသားချောကြီး ဖြစ်တဲ့ George Clooney နဲ့ ရွှေလက်ဆက်တော့မှာပါ။
မင်းသားကြီးက ယောက်ျားကောင်း တယောက်ပါ၊ ဒါပေမယ့် နည်းနည်းတော့ တွယ်ကပ် တာမျိုးကို ကြိုက်နှစ်သက်တဲ့ ပုံပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ Amal စတွေ့ခဲ့တဲ့ အချိန်က စလို့ Amal တယောက်တည်း တွေ့ရတဲ့ ဓာတ်ပုံတွေကို ရှာလို့ မတွေ့နိုင်တော့ လောက်အောင်ပါပဲလို့ ဆောင်းပါးရှင် အမန်ဒါ ရို့စ်က ရေးသားထားပါတယ်။
“မင်းသားကြီးက Amal ကို သိပ်ပြီး ချုပ်ချယ်မထားဖို့ပဲ မျှော်လင့်မိပါတယ်။ မင်းသား Geroge Clooney က ဒီတခေါက်တော့ ကိစ္စကြီးကြီး မားမား တခုကို အောင်မြင်လိုက်တာပါပဲ။ သူ မင်္ဂလာဆောင်တော့ မယ်လို့ ကြေညာလိုက်ပြီးတဲ့ အချိန်မှာ ကျမတို့အားလုံးကလည်း သဘောတူကြပါတယ်” လို့ The Business Woman ဆောင်းပါးရှင်က ဆိုပါတယ်။
The Business Woman Media ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော Internationally acclaimed barrister Amal Alamuddin marries an actor ကို ဆုလာဘ်ရတနာ ဆီလျော်အောင် ဘာသာပြန်သည်။