အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲ တွေ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှသာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေး ရေရာသေချာမယ်လို့ သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့မှာ သတိ ပေး မိန့်ခွန်း ပြောဆိုမှုက အာဏာကို ဆက်လက်ထိန်းချုပ်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး မြန်မာ့နိုင်ငံရေး အသိုင်း အဝိုင်းမှာ လှုပ်လှုပ်ရှားရှားနဲ့ ရိုက်ခတ်မှုကြီးမားသွားပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေတွေကို လစဉ် ရေဒီယိုကနေတဆင့် ပြောလေ့ရှိတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အောက်တိုဘာလ ၁ ရက်နေ့က ပြောတဲ့ မိန့်ခွန်းမှာ အဲဒီလို သတိပေး ပြောလိုက်တာဖြစ်ပြီး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး မအောင် မြင် ခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်တဲ့ သဘောကို ပထမဦးဆုံး အကြိမ် အဖြစ် ထုတ်ဖော်ပြောဆို သတိပေး လိုက် တာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းပြောဆိုချိန်က ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းရင်း သား လက်နက်ကိုင်တွေနဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရစစ်တပ်ကြား တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ ညှိနှိုင်းမရတဲ့ အခြေအနေတွေ ဆိုက်ရာက်နေတဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ အောင်မြင်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ပြောဆိုပေမယ့် သမ္မတဦးသိန်းစိန်က အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေး မအောင်မြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာဘူးလို့ ရောနှောပြောဆို တာက မြန်မာ့နိုင်ငံရေးအတွက် အလားအလာ မကောင်းဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
ဦးသိန်းစိန်ရဲ့ ပြောဆိုချက်ဟာ ယနေ့ နိုင်ငံရေး အခြေအနေနဲ့ လုံး၀ ကိုက်ညီမှု မရှိတဲ့အပြင် သူလိုချင်တဲ့ ငြိမ်းချမ်းရေးကို တဖက်သတ် လိုရာဆွဲပြောဆိုပြီး တိုင်းရင်းသားတွေကို ဖိအားပေးတာ ၊ နိုင်ငံရေး အင်အားစုတွေကို သတိပေး ခြိမ်းခြောက် တဲ့ ပုံစံမျိုးနဲ့ နိုင်ငံရေး အကျပ်အတည်းတခု ဖြစ်လာအောင် ဖန်တီးပေးသလို ဖြစ်နေတယ်လို့ မြန်မာ့ နိုင်ငံရေး အသိုင်းအဝိုင်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ဧရာဝတီကို သုံးသပ် ပြောကြားပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ဆိုတာက သီးခြားစီ ဖြစ်တည်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရနဲ့ မပြီးရင် ၂၀၁၅ ရွေးကောက်ပွဲ အပြီး တက်လာမယ့် အစိုးရသစ် နဲ့ ဆက် လက် ဆွေးနွေးရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး မအောင်မြင်ရင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာဘူးလို့ ပြောဆိုမှုက သမ္မတ ဦးသိန်းစိန်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပဘဲ အာဏာ ဆက်လက်ချုပ်ကိုင်ချင်တဲ့ သဘောထားပဲလို့ ပြည်တွင်းနိုင်ငံရေးအသိုင်းအဝိုင်းက ဆိုပါတယ်။
ဦးသိန်းစိန်ရဲ့ ပြောဆိုမှုဟာ အကြောင်းပြချက် သက်သက်သာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အရင်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေ ဖြစ်တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ၊ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေမှာရော အပစ် အခတ်ရပ်စဲမှုနဲ့ ငြိမ်းချမ်းရေး ရခဲ့ရဲ့လားလို့ မေးခွန်းထုတ်ကြပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါက်တာ အေးမောင်ကတော့ “ငြိမ်းချမ်းရေး ဆွေးနွေးမှု အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဟာ သမ္မတကြီးရဲ့ လက်ရှိ တာဝန်ပိုင်းပဲဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမယ့် ဥစ္စာက ၂၀၀၈ ဖွဲ့စည်းပုံရဲ့ လုပ်ငန်းစဉ်တခုဖြစ်တာမို့ ဒီမိုကရေစီ မူဘောင်ကို ဘယ်လောက် စွမ်းဆောင်နိုင် သလဲဆိုတဲ့ သမ္မတကြီး အပါအဝင် လက်ရှိခေါင်းဆောင်နေကြတဲ့ သူများရဲ့ ပြုပြင်ပြောင်းလဲမှု မဟာ ဗျူဟာ နဲ့ ပက်သက်တယ်။ အဲဒါကြောင့် ဒီ ၂ ခုကို ရောလို့မရဘူး။ ရောရင် ရောတဲ့ ပုဂ္ဂိုလ်မှာ တာဝန်ကြီး ပါလိမ့်မယ်။ ဒါ့ကြောင့် ဒါမဖြစ်ပါဘူး၊ ဒါ့ကြောင့် ဒါတွေဖြစ်ပါတယ်ဆိုပြီး ရောချမယ်ဆိုရင် သမိုင်းတရားခံ ဖြစ်ပါလိမ့်မယ် ” လို့ ဆိုပါတယ်။
၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားရေးရာ တာဝန်ခံ ဦးမြအေးက သမ္မတ ရဲ့ မိန့်ခွန်းအရဆိုရင် အပစ်အခတ်ရပ်စဲရေး ဖြစ်မှ ညင်သာတဲ့ နိုင်ငံရေး အကူးအပြောင်း ဖြစ်မှာလို့ ဆိုလိုပြီး နောက်ဆုံးမှာ ၂၀၁၅ ရွေးကောက်ပွဲတောင် မသေချာတော့တဲ့ ပုံစံမျိုး ပြောဆိုမှုဟာ ကျိုးကြောင်းဆီလျှော်မှု မရှိဘဲ အပစ်အခတ် ရပ်စဲရေး မရတာ ဘာကြောင့်လဲဆိုတဲ့ အချက်ကို ဦးသိန်းစိန်အနေနဲ့ သေချာဆန်းစစ်ဖို့ လိုနေပြီလို့ သုံးသပ်ပါတယ်။
“သမ္မတ ရဲ့ မိန့်ခွန်းက ကြောင်းကျိုးဆီလျော်မှု မရှိဘူး။ တနည်းအားဖြင့် ပြောမယ်ဆိုရင် တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားပေးတဲ့ သဘောမျိုး ဖြစ်နေသလို ဒီဘက်က ဒီမိုကရက်တစ် အင်အားစုတွေနဲ့ပါ လှည့်ပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ရန်တိုက်ပေးသလို ဖြစ်နေတယ်။ ဒါ့ကြောင့် ဒီမိန့်ခွန်းက လုံးဝကို သဘာ၀ မကျတဲ့ မိန့်ခွန်းပဲ ” လို့ ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ လက်ရှိအခြေအနေမှာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စတွေကို ရေရှည် အမြင်နဲ့ ချဉ်းကပ်ဖို့ လိုပြီး ၁၉၈၉၊ ၉၀ ခုနှစ်တွေတုန်းကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ အပစ်ရပ် ပြီးရင် နိုင်ငံရေး စကားမပြောဘဲနဲ့ စီးပွားရေးအရ ရပ်တည်ရေး ကိစ္စတွေပေါ်မှာပဲ ဗဟိုပြုလုပ်ခဲ့ကြလို့ ရေရှည်မှာ ဘာအကျိုးမရှိတာကိုလည်း သင်ခန်းစာ ယူသင့်တယ်လို့ ထောက်ပြပါတယ်။
“ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ၂၀၁၅ မတိုင်ခင်မှာ မဖြစ်မနေ လုပ်ချင်တာလား။ အဲဒီရဲ့နောက် ကွယ်မှာ ဘယ်လို အကြောင်း အချက်တွေ ရှိနေလဲဆိုတာ သေချာမသိနိုင်ဘူး။ ကျနော့်အမြင်က နိုင်ငံရေးဆွေးနွေးပွဲတွေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ လုပ်သင့်တယ်။ ၂၀၁၅ မတိုင်ခင်က နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေပဲ လုပ်သင့်တယ်” လို့ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဟန်သာမြင့်ကတော့ သမ္မတမိန့်ခွန်းနောက်ကွယ်မှာ မမြင်နိုင်တဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
“အပစ်အခတ် ရပ်စဲရေး မအောင်မြင်လို့ တနိုင်ငံလုံးအနေနဲ့ မဖြစ်လို့ရှိရင် လာမယ့်ရွေးကောက်ပွဲ မသေချာ ဘူးလို့ ပြောတာဟာ အခြေအမြစ် မရှိဘူး ထင်တယ်။ နောက်တခုက အပစ်အခတ် ရပ်စဲရေး အောင်မြင် သွားတယ် ဆိုလို့ရှိရင် ရွေးကောက်ပွဲရဲ့ အဓိပ္ပါယ်က ပိုပြီးတော့ လေးနက်လာမယ်ဆိုတာ ကျနော်တို့လည်း ယုံပါတယ်။ ဒါပေမယ့်လို့ ဒီအခြေ အနေ တခုထဲနဲ့ မပြည်စုံတာနဲ့ ရွေးကောက်ပွဲတခုလုံး ရွှေ့ပစ်လိုက်ရမယ်ဆိုတာ သိပ်ပြီးတော့ မခိုင်မာဘူးလို့ ထင်တယ် ” လို့ ဦးဟန်သာမြင့် က သုံးသပ်ပါတယ်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးဖို့အတွက်ကို တပ်မတော်ဘက်က သဘောထားတင်းမာနေတဲ့အချိန် သမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲ မသေချာဘူးလို့ ပြောဆိုလာတာက မြန်မာ့နိုင်ငံရေးအနာဂတ်အတွက် အနုတ်လက္ခဏာ တခုလို့ သုံးသပ်ပြောဆိုပါတယ်။
(စနေလင်းနှင့်ထက်နိုင်ဇော် ပူးပေါင်းရေးသားသည်)