နိုင်ငံတော် အကြီးအကဲ၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ထိခိုက်စေသည့်အတွက် မြန်မာ သံတော်ဆင့် ဂျာနယ်အား ဥပဒေနှင့်အညီ တရားစွဲဆိုမည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်သည်။
၂၀၁၄ ခုနှစ် သြဂုတ်လ ၉ ရက်နေ့က ထုတ်ဝေသော မြန်မာ သံတော်ဆင့် ဂျာနယ်တွင် အံ့ခေါင်မင်း၏ နိုင်ငံရေး တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍတွင် သမ္မတ ဦးသိန်းစိန်အား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညို ပျက်စေသည့်
အသုံးအနှုန်းများ ရေးသားဖော်ပြခဲ့သဖြင့် တရားစွဲဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။
တရားစွဲဆိုရာတွင် မည်သည့် ပုဒ်မဖြင့် စွဆိုမည် ဆိုသည်ကို မထုတ်ပြန်သေးပေ။ ပြန်ကြားရေး ဝန်ကြီးဌာနသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
သံတော်ဆင့် ဂျာနယ်၏ တွေ့ဆုံမေးမြန်းခြင်း ကဏ္ဍ ဖော်ပြမှုတွင် “နိုင်ငံတော်သမ္မတသည် အထွတ်အထိပ်၊ အဲဒီပုဂ္ဂိုလ် တစ်ယောက်ရဲ့ စကားက ကပြောင်းကပြန်၊ ဗလောင်းဗလဲ၊ ဟိုပြောဒီပြော၊ ဘရွတ်ရွှတ်တ၊ ပေါက်ပန်းလေးဆယ်၊ ကလေကချေ၊ ကလေကဝ၊ ကျနော် စကားလုံး ထပ်ရှာလို့ရရင် အကုန် ထည့်သုံးမှာ၊ အရည်မရ၊ အဖတ်မရ၊ ပေါက်လွှတ်ပဲစား ပြောသလို ဖြစ်နေတာ” ဟု လည်းကောင်း ၊ ဆောင်းပါး ကဏ္ဍ ဖော်ပြမှုတွင်လည်း “ဘာကြောင့်မို့လို့၊ ရူးကြောင်မူးကြောင် အတွေးတွေကို ဘယ်သူတွေ ထည့်ပေးလို့ ဘယ်လိုမျိုး စနစ်မကျတဲ့၊ ဘာမှမဟုတ်တဲ့
အပေါစား ပေါ်လစီတွေ ချမှတ်ပြီးတော့ အခုလို လုပ်နေလဲဆိုတာ စဉ်းစားလို့ကို မရဘူး” စသည်ဖြင့် ဖော်ပြခဲ့ကြောင်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက မြန်မာသံတော်ဆင့် ဂျာနယ်ကို တရားစွဲဆိုမည် ဖြစ်ကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြပါရှိသော်လည်း ဂျာနယ်တိုက်သို့ တရားဝင် အကြောင်းကြားခြင်း မရှိသေးဟု ယင်းဂျာနယ်၏ ဒု အယ်ဒီတာချုပ်
ဦးအံ့ခေါင်မင်းက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဂျာနယ်မှာ ဦးမျိုးရန်နောင်သိန်းရဲ့ အင်တာဗျူးကို ဖော်ပြပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ပြန်ကြားရေး ဝန်ကြီးဌာနကနေ အကြောင်းကြားစာ ပို့တယ်။ စာနယ်ဇင်း ကောင်စီက
ကျနော်တို့ကို ခေါ်ယူညှိနှိုင်းခဲ့တယ်။ ကျနော်တို့ဘက်ကလည်း ကျနော်တို့ လုပ်ပေးနိုင်တဲ့ဟာကို ပြန်ညှိနှိုင်းတယ်။ အဲဒါကို သူတို့ (ပြန်ကြားရေး) က လက်မခံနိုင်ဘူး” ဟု ဦးအံ့ခေါင်မင်းက ပြောသည်။
မြန်မာသံတော်ဆင့် ဂျာနယ်အနေဖြင့် နိုင်ငံတော်သမ္မတ၏ ဂုဏ်သရေကို ထိခိုက်စေသည့် ပြောဆိုချက်များကို ရေးသား ဖော်ပြခဲ့သည့်အတွက် ပြန်လည် တောင်းပန်စာကို မြန်မာသံတော်ဆင့် ဂျာနယ်နှင့် အစိုးရ သတင်းစာများတွင် ၂ ကြိမ် ဖော်ပြပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ တဆင့် ညှိနှိုင်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ဂျာနယ်နှင့် ဆွေးနွေးပြီး သံတော်ဆင့် ဂျာနယ်က တောင်းပန်စာကို တကြိမ်သာ ထည့်သွင်းပေးမည် ဖြစ်ကြောင်းနှင့် ထည့်ပေးမည့် တောင်းပန်စာ မူကြမ်းကို ပူးတွဲ၍ ပြန်လည် ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးပို့လာသည့် တောင်းပန်စာတွင် ဖော်ပြပေးမည့် အရေးအသားများသည် ဂျာနယ်က မူလ ဖော်ပြခဲ့သည့် နိုင်ငံတော်သမ္မတအား ဂုဏ်သိက္ခာ ထိခိုက်စေပြီး အကြည်ညိုပျက်စေသည့် ရေးသားချက်များနှင့် နှိုင်းယှဉ်ပါက ထိရောက်လုံလောက်စွာ ချေဖျက်ပေးနိုင်ခြင်း မရှိသည့်အပြင် တခြားပုဂ္ဂိုလ်များကိုပါ ထပ်မံ ထိခိုက်ပုတ်ခတ်ရာ ရောက်သည့်စာသားများ ပါဝင်နေကြောင်း တွေ့ရသဖြင့် တရားစွဲဆိုရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ဆိုသည်။
ယင်းကိစ္စကို ညှိနှိုင်းဖြေရှင်းပေးရန် ပြန်ကြားရေး ဝန်ကြီးဌာနက တောင်းဆိုသဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က ဝင်ရောက် ညှိနှိုင်းပေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ ပြန်ကြားရေး တာဝန်ခံ ဦးသီဟစောက “ပြန်ကြားရေးက ဒီဖြစ်စဉ်မှာ စာနယ်ဇင်းကောင်စီကို အရင်တိုင်တယ်။ နှစ်ဖက်စလုံးကို ခေါ်ပေမယ့် ညှိပေးလို့ မရဘူး။ တောင်းပန်မယ်၊ ကြေညာချက်
ထုတ်မယ်ဆိုရင် တရားမစွဲဘူးလို့ ဆိုပေမယ့် အဲဒါမျိုးကို ညှိလို့ မရကြဘူး။ ကျနော့်အနေနဲ့ ပြောရရင် မီဒီယာတွေ ဘက်ကလည်း တချို့ကိစ္စတွေမှာ အစွန်းရောက်တယ်။ ပြန်ကြားရေးကလည်း အစွန်းရောက်နေတယ်။ နှစ်ဖက်စလုံးက
အလယ်ကို လာဖို့ ကြိုးစားပေမယ့် နှစ်ဖက် ပြန်တင်းမာပြီး မအောင်မြင်ဘူး ” ဟု ပြောဆိုသည်။