ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) က ဖွဲ့စည်းထားသော ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (FUA)၏ တပ်မတော်ပိုင်းဆိုင်ရာ စစ်ဦးစီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
FUA စစ်ဦးစီးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ် နေရာတခုတွင် ကျင်းပခဲ့ပြီး စစ်ဦးစီးအဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသ တို့ကို စစ်ဇုန်ဒေသ များ အဖြစ် သတ်မှတ်ခြင်းများ ပြုလုပ်ကြောင်း သိရှိရသည်။
FUA ၏ တောင်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ် အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်( KNU-KNLA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဘောကျော်ဟဲ ကို ခန့်အပ်လိုက်ပြီး မြောက်ပိုင်းစစ်ဒေသဆိုင်ရာ စစ်ဦးစီးချုပ်အဖြစ် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း FUA ၏ အကြံပေး ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဧရာဝတီကို ပြောသည်။
FUAအနေဖြင့် လတ်တလော နိုင်ငံရေးနှင့် စစ်ရေး ဖြစ်ပျက်ခဲ့မှုများအပေါ်သင်ခန်းစာ ယူ၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ စစ်ဦးစီးအစည်းအဝေးတွင် ကေအိုင်အို စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ တပ်မ တော်က လက်နက် ကြီးနှင့် ပစ်ခတ်ခဲ့သည့် ကိစ္စ အပါအဝင် တိုင်းရင်းသားဒေသတချို့တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပစ်ခတ် မှုများကြောင့် အပစ်အခတ်ရပ်စဲရေး အပေါ် ဖျက်ဆီးလိုသည့် အခြေအနေများဖြစ်၍ ကန့်ကွက် ကြောင်း သဘောထား မှတ် ချက် တရပ်လည်း ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေး အဟန့်အတားဖြစ်သော ထိုးစစ် ဆင်နေမှုများ ကို ရပ်တန့်ပေးရန် အစိုးရစစ်တပ်ကို တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
FUA အစည်းအဝေးသို့ UNFC မှ ကာကွယ်ရေး တာဝန်ခံ ၊ ဒုတာဝန်ခံတို့ကဦးစီးကျင်းပခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ စစ်ဘက်ဆိုင်ရာကိုယ်စားလှယ် ၁၁ ဦး၊ အကြံပေးနှင့် လေ့လာသူ ၁၅ ဦး တက်ရောက်ကြောင်း သိရှိရသည်။
FUA သည် UNFC ၏ နိုင်ငံရေး လုပ်ဆောင်ချက် များ၊ ဆုံးဖြတ်ချက်များကို ထောက်ခံရန် UNFC တွင် ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းတည်ခဲ့သော တိုင်းရင်းသား ပြည်ထောင်စုတပ်မတော်ဖြစ်သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က UNFC ၏ ဖက်ဒရယ်တပ်မတော် မူဝါဒကို လက်မခံ နိုင်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ( KNU) ဥက္ကဋ္ဌ မူတူးဆေးဖိုးနှင့် နိုဝင်ဘာလ ၂၉ ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောဆိုထားသည်။
ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ တိုင်းရင်းသားတွေရဲ့ စုဖွဲ့မှုကို စိုးရိမ်စရာ မလိုပါဘူး။ အနာဂတ်နိုင်ငံရေးအတွက် အနာဂတ်မှာ အကောင် အထည်ဖော်မယ့် ဖက်ဒရယ် ပြည်ထောင်စု အတွက် ပုံစံဝင်အောင် ကြိုးပမ်းနေတာပါ။ ဆန့်ကျင်ဘက် တွေကို လည်း ပူးပေါင်းသွားဖို့ပဲရှိတယ်” ဟု ပြောသည်။