သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က အီရန်လူမျိုး သေနတ်သမားတဦးက ဝင်ရောက် စီးနင်းခဲ့ပြီး ဓားစာခံ အနည်းဆုံး ၁၇ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ရာမှ သြစတြေးလျရဲတပ်ဖွဲ့၏ ဝင်ရောက် စီးနင်းမှုကြောင့် ပြန်ပေးဆွဲသူ အီရန်လူမျိုးသေနတ်သမားနှင့် ဓားစာခံ ၂ ဦး သေဆုံးသွားပြီး ကော်ဖီဆိုင်စီးနင်းမှုမှာလည်း စိုးရိမ်ထိတ်လန့်မှု၊ ဝမ်းနည်းမှုများစွာဖြင့် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
အီရန်လူမျိုး သေနတ်သမားသည် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆစ်ဒနီမြို့ရှိ Lindt ကော်ဖီဆိုင် ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဓားစာခံများကို ၁၆ နာရီကျော်ကြာဖမ်းဆီးသိမ်းပိုက်ထားခဲ့သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ ခန့်တွင် သြစတြေးလျကွန်မန်ဒို တပ်ဖွဲ့ဝင်များက မောင်းပြန်သေနတ်များ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်၍ ကော်ဖီဆိုင်အတွင်း စီးနင်းဝင်ရောက်ခဲ့သည်။ အာဏာပိုင်များက ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်းပြီးနောက် ဗုံးရှင်းလင်းရေးတပ်ဖွဲ့နှင့် ရှာဖွေ ရေး စက်ရုပ် များဖြင့် ရှင်းလင်းရေး ဆောင်ရွက်ရာ ကော်ဖီဆိုင်အတွင်းတွင် ပေါက်ကွဲစေတတ်သည့် ပစ္စည်းမတွေ့ရှိရဟု အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
သြစတြေးလျ ဝန်ကြီးချုပ် Abbott က ကော်ဖီဆိုင် ဝင်ရောက်စီးနင်းမှုတွင် ဓားခံများ သေဆုံးရမှုနှင့်ပတ်သက်၍ “ကျနော် တို့ရဲ့ အတွေးတွေနဲ့ ဆုတောင်းတွေက သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေ၊ ဒဏ်ရာရရှိသူတွေနဲ့ အခြား ဓားစာခံ တွေနဲ့ အတူရှိနေပါတယ်” ဟု သူ၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။
သေဆုံးသွားသော ဓားခံ ၂ ဦးမှာ ကလေး ၃ ဦး၏ မိခင် အသက် ၃၈ နှစ်အရွယ် Katrina Dawson နှင့် ကော်ဖီဆိုင် မန်နေဂျာ အသက် ၃၄ နှစ်အရွယ် Tori Johnson တို့ဖြစ်ပြီး ကော်ဖီဆိုင်ကို ဝင်ရောက်စီးနင်း ပြန်ပေးဆွဲခဲ့သူ သေနတ် သမားမှာ အသက် ၅၀ အရွယ်ရှိ Man Haron Monis ဖြစ်သည်။ ဓားစာခံ ၂ ဦး သေဆုံးမှုသည် ပြန်ပေးဆွဲသူ၏ ပစ်ခတ် မှုကြောင့် (သို့မဟုတ်) ရဲတပ်ဖွဲ့၏ ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည် ဆိုသည်ကိုမူ အာဏာပိုင်များ တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
ကော်ဖီဆိုင် ဝင်ရောက်စီးနင်းမှုတွင် ပြန်ပေးဆွဲခံရသော ဓားစာခံ ၁၇ ဦးတွင် ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ၆ ဦးမှာ ဝင်ရောက် စီးနင်း စဉ်အတွင်း ဒဏ်ရာအနာတရ မရရှိဘဲ ထွက်ပြေးလွတ် မြောက်လာခဲ့သည်။ ရဲအရာရှိတဦးမှာမူ မျက်နှာတွင် သေနတ် ဒဏ်ရာ ရရှိခဲ့ပြီး လတ်တလော အခြေအနေ ကောင်းမွန်ကာ အသက်အန္တရာယ်မရှိဟု သိရသည်။
လွတ်မြာက်လာသူများထဲမှ ဆေးကုသမှုခံယူရန် လိုအပ်သူများကို ဂရုတစိုက်ကုသပေးနေပြီး ၎င်းတို့၏ မိသားစုများလည်း အတူ ရှိနေကြသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ခြေထောက်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့သော ဓားစာခံ တဦးသည် ဆစ်ဒနီ မြို့ရှိ Royal North Shore ဆေးရုံ၌ တက်ရောက်ကု သမှု ခံယူနေပြီးယင်းလူနာသည် အသက်အန္တရာယ် စိုးရိမ်ရ သည့် ဒဏ်ရာများရရှိခဲ့သော်လည်း ယခုအချိန်တွင် ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီဟု သိရှိရသည်။
ကော်ဖီဆိုင် ပြန်ပေးဆွဲသူ Man Haron Monis သည် ပြီးခဲ့သည့်နှစ်က သူ၏ ဇနီးဟောင်းကို သတ်ဖြတ်မှုတွင် ပါဝင် သည်ဟု စွပ်စွဲခံခဲ့ရပြီး အာမခံဖြင့် လွတ်မြောက်နေသူဖြစ်သည်။ ၁၉၉၆ ခု နှစ်တွင် အီရန်နိုင်ငံမှ သြစတြေးလျနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ရှိတ်ဟာရွန် (Sheikh Haron ) ဆိုသည့် အမည်ကိုခံယူခဲ့ သည်။
လန်ဒန်အခြေစိုက် ပါရှန်းရုပ်မြင်သံကြားလိုင်းတခုဖြစ်သည့် Monota 1 က Man Haron Monis သည် အီရန်နိုင်ငံရှိ ခရီး သွားလုပ်ငန်းတခုတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ ဖောက်သည်များထံမှ အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ အလွဲသုံးစားပြုလုပ်၍ ထွက်ပြေးတိမ်းရှောင်လာခြင်း ဖြစ်သည်ဟု ထုတ်လွှင့်ခဲ့သည်။ ပြစ်မှုအတွက် မိ ခင် နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးအပ်ခြင်း မခံရစေရန် ဒုက္ခသည်ခံယူကာ အကာအကွယ်ယူခဲ့ သည်ဟု သိရှိရသည်။
သူသည် အရှေ့အလယ်ပိုင်းတွင် တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ရသော သြစတြေးလျစစ်သားများ၏ မိသားစုများထံသို့ စော်ကား နှောင့်ယှက်သည့် စာများ ရေးသားပေးပို့ခဲ့သည့်အတွက် အာဏာပိုင်များက သူ့ကိုကောင်းစွာ သတိထား မိခဲ့ကြသည်။ သူသည် အစွန်းရောက် ဝက်ဘ်ဆိုက်တခု လွှင့်တင်ထားပြီး ယင်းဝက်ဘ်ဆိုက်၊ YouTube ၊ Facebook နှင့် Twitter စာမျက်နှာများတွင် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ရေးသားခဲ့သည်။
၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင့် တရားရုံးသို့ သူ၏ ရှေ့နေများနှင့် အတူ Man Haron Monis ရောက်ရှိလာပြီး သူ သည် ငြိမ်းချမ်းရေး လှုပ်ရှားသူတဦးသာဖြစ်ကြောင်း ထုချေရှင်းလင်းခဲ့၏။ တရားရုံးများက သူ့ကို စစ်သည်မိသားစုများထံ သို့ စာရေးသားပေးပို့ ခြင်းအပါအဝင် သူ၏ ဆန္ဒပြလှုပ်ရှားမှုများကို တားမြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် ဆစ်ဒနီရှိ ရာဇဝတ်မှု အယူခံတရားရုံးသို့ ရောက်လာပြီး သူ့အပေါ်စွပ်စွဲခဲ့သော အမှု များသည် တရားမဝင်ကြောင်း၊ သူ၏ ရပိုင်ခွင့်နှင့် အခြေခံလွတ်လပ်ခွင့်များကို ချိုးဖောက်ခြင်းသာ ဖြစ်ကြောင်း အသနားခံခဲ့ သော် လည်း အဖွဲ့ဝင် ၃ ဦးပါဝင်သည့် စုံညီခုံရုံးက တညီတညွတ်တည်း ပယ်ချခဲ့သည်။
သြစတြေးလျ တရားရုံးချုပ်သို့ ထပ်မံအသနားခံသည့် အခါတွင်လည်း တရားသူကြီး ၆ ဦးက တဖက် ၃ ဦးစီဖြင့် ၎င်း၏ အမှုအပေါ် သဘောထားကွဲလွဲမှုရှိခဲ့သည်။ ပုံမှန်အားဖြင့် တရားသူကြီး ၇ ဦးရှိသည့် တရားရုံးချုပ်တွင် တရားသူကြီး တဦးနေရာ လစ်လပ်နေသည့် အတွက် Man Haron Monis ၏ အယူခံသည် မဲအများစုဖြင့် ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ သူ့ကို တားမြစ် ပိတ်ပင်ထားသည့် အောက်တရားရုံး၏ အမိန့်က ဆက်လက် အတည်ဖြစ်နေခဲ့သည်။
Man Haron Monis သည် လူသတ်မှုတွင် ပါဝင်သော်လည်း အာမခံနှင့် လွတ်မြောက်နေမှုကြောင့် မေးခွန်းများနှင့် ရင်ဆိုင်နေရသော New South Wales ပြည်နယ် ရှေ့နေချုပ် Brad Hazzard က သူ လွတ်မြောက်နေမှုကို စုံစမ်း စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
“သူဘယ်လို လွတ်မြောက်နေတယ်ဆိုတာကို သေသေချာချာ စစ်ဆေးဖို့ ပြည်နယ်က အစိုးရဌာနတွေနဲ့ ဖက်ဒရယ်ဌာန တွေကို တောင်းဆိုထားပါတယ်” ဟု သူက သတင်းထောက်များကို ပြောသည်။ သက်ဆိုင်ရာဌာနများက မည်သည့် အတွက် ကြောင့် Man Haron Monis ကို အလေးမထားမိခဲ့သည်ကို အရေးကြီးဖော်ထုတ်ရမည် ဖြစ်ကြောင်းနှင့် သူ့ကို သတိမပြုမိခဲ့သည့် အတွက် ယခုကဲ့သို့ ကော်ဖီဆိုင် စီးနင်းမှု လုပ်ခွင့်ပေးလိုက်သလို ဖြစ်သွားသည်ဟု Brad Hazzard က ထပ်ပြောသည်။
Man Haron Monis သည် သူ၏ဇနီးဟောင်းကို သတ်ဖြတ်မှုတွင် အလိုတူအလိုပါ ဖြစ်သည်ဟု စွဲချက်မှ အာမခံဖြင့် လွတ် မြောက်နေသလို ဒါဇင်နှင့် ချီသော လိင်ပိုင်းဆိုင်ရာ နှောက်ယှက်စော်ကားမှုများ ကျူးလွန်ခဲ့သည်ဟုလည်း စွပ်စွဲမှုများဖြင့် ရင် ဆိုင်နေရသူဖြစ်သည်။
၂၀၁၄ ခုနှစ် မတ်လ ၁၄ ရပ်နေ့တွင် ငယ်ရွယ်သောမိန်းကလေး တယောက်ကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ဖြင့် Man Haron Monisသည် အာဏာပိုင်များ၏ ဖမ်းဆီး တရားစွဲဆိုခြင်း ခံရပြန်သည်။ ဒေသတွင်း သတင်းစာ တစောင်တွင် သူ့ကိုယ်သူ “နက္ခတ ဗေဒင်၊ ဂဏန်းဗေဒင်၊ ကမ္မဌာန်း နှင့် မှော်ပညာကျွမ်းကျင်သူ” အဖြစ် ကြေညာခဲ့၍ အဆိုပါ မိန်းကလေးက သူ့ထံတွင် ဗေဒင်မေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
Man Haron Monisက သူ့အပေါ်စွပ်စွဲမှုများသည် စစ်မှန်သော ရာဇဝတ်ပြစ်မှုများ မဟုတ်ဘဲ အစ္စလမ်တက်ကြွလှုပ်ရှားသူ တဦးကို နိုင်ငံ ရေးအရ တိုက်ခိုက်ခြင်းဖြစ်သည်ဟု သူ၏ အွန်လိုင်းစာမျက်နှာများတွင် ဖော်ပြခဲ့သည်။
Man Haron Monis ၏ ရှေ့နေဖြစ်သော Manny Conditsis က သူကြုံတွေ့နေရသော ဥပဒေရေးရာ ဒုက္ခများ ကြောင့် ယခု ကဲ့သို့ အကြမ်းဖက်မှု ဖြစ်စေခဲ့သည်ဟု ဆိုသည်။
“ဒါတွေအားလုံး စုံသွားတဲ့ အခါကျတော့ နောက်ဆုံးမှာ သူ့ကို အစွန်းတဖက်ကို တွန်းပို့လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ကျနော့် အမြင်မှာတော့သူက အယူအဆ ပြင်းထန်သူ တယောက်ပါ။ သူ့မှာ ပြင်းထန်တဲ့ အမြင်ရှိတယ်။ ဒါပေမယ့် ရန်လိုတဲ့ လုပ်ဆောင်မှုတွေ အကြောင်း သူတခါမှ မပြောဖူးပါဘူး” ဟု Manny Conditsis ကပြောသည်။
ကော်ဖီဆိုင်စီးနင်းမှုသည် ISIS အကြမ်းဖက်အဖွဲ့၊ အယ်ကေဒါ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိသည်ဟု အစောပိုင်းသတင်းများတွင် ဖော်ပြခဲ့သော်လည်း ယခုအချိန်အထိ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်မှု ရှိ၊ မရှိ သေချာ ရှင်းလင်းစွာ မသိရှိရသေးပေ။ ဓားစာခံများကမူ ပြန်ပေးဆွဲသူသည် Islamic State of Iraq and Syria (ISIS) အဖွဲ့ ၏ အလံနှင့် ဆင် တူသော အလံတခုကို ကိုင်ထားကြောင်း ပြောဆိုကြသည်။
ISIS အဖွဲ့သည် သြစတြေးလျနှင့် အနောက်နိုင်ငံများတွင် တိုက်ခိုက်မှုများပြုလုပ်မည်ဟု ကြေညာထားသော်လည်း Man Haron Monis သည် ISIS နှင့် ဆက်နွယ်သည့် တကိုယ်တော်အကြမ်းဖက်သမား တဦးအဖြစ် မသတ်မှတ်နိုင်ကြောင်း အမေရိကန် အစိုးရ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အကြံပေး ပုဂ္ဂိုလ်ဟောင်းလည်းဖြစ်၊ ABC သတင်းဌာန ၏ အကြံပေးလည်းဖြစ်သူ Richard Clarke ကပြောသည်။ သို့သော်လည်း ISIS ၏ လူသိများမှုကို အခွင့်အရေးယူလိုသော စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူ တယောက်ဖြစ်နိုင်သည်ဟု သူကဆိုသည်။
“တခြားစိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေ လုပ်တတ်ကြသလို ရဲအဖွဲ့ရဲ့ လက်ချက်နဲ့ ကိုယ့်ကိုယ်ကို သတ်သေတာမျိုးလို့ ကျနော် ထင်ပါတယ်။ ခုချိန်မှာက တကယ်လို့ သူတို့က သူတို့ဟာ အကြမ်းဖက် သမားဖြစ်ပါတယ်။ ISIS သို့ မဟုတ် Al Qaeda နဲ့ အဆက်အသွယ်ရှိပါတယ်လို့ ပြောလိုက်ရင် ဖြစ်ရပ်က ကြီးကျယ်သွားပြီးတော့ မြို့ကိုလည်း ပိတ်ဆို့လိုက် နိုင် သလို နိုင်ငံတကာရဲ့ အရေးစိုက်မှုကိုလည်း ရနိုင်မယ်လေ” ဟု သူက ABC သတင်းဌာနသို့ပြောသည်။
Man Haron Monis ၏ ဝက်ဆိုက်တွင် Man Haron Monis သည် အဖွဲ့အစည်းတခု သို့မဟုတ် ပါတီတခု၏ အဖွဲ့ဝင် မဟုတ်သော်လည်း သူ၏ မွတ်စလင် ညီအကိုများ၊ အမ ညီမများအတွက် နှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေ ဖြစ်သည်ဟုလည်း ဖော် ပြထားသည်။