မေလ ၂၂ ရက်နေ့တွင် ဘဂ္ဂဒက် ခရိုင်မှ လှမ်းကြည့်လျှင်မြင်နိုင်သည့် တံတား၏ တဘက်ခြမ်းသို့ ISIS တပ်ဖွဲ့များ ရောက်ရှိလာကြပြီးနောက် အီရတ် အာဏာပိုင်များက တံတားကို ပိတ်ထားလိုက်သည်။ တံတားသည် ပြီးခဲ့သည့် ရက်များအတွင်းတွင် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် နေအိမ်ကို စွန့်ပြီး ထွက်ပြေးလာရသူများ ဖြတ်သန်းကြရသည့် နေရာဖြစ်သည်။
“ISIS တွေက ဟိုဘက်မှာ ရှိတယ်။ ဒီဘက်မှာလည်း လမ်းပိတ်ထားတယ်။ ကျမတို့ ဘယ်ကိုသွားရမှာလဲ” ဟု ထွက်ပြေး လာသော အမျိုးသမီးတဦးက CNN သို့ပြောကြားခဲ့သည်။ အစိုးရနှင့် အလုပ်လုပ်သည်ဟု စွပ်စွဲခံရသူများကို ISIS အဖွဲ့က လမ်းများပေါ်တွင် သတ်ဖြတ်ပစ်ခဲ့သည်ဟု မျက်မြင်သက်သေများကပြောကြသည်။
ISIS က သိမ်းပိုက်ထားသော ရာမာဒီမြို့မှ လူ ၂၅၀၀၀ ခန့်ထွက်ပြေးလာကြပြီး ၎င်းတို့ထဲမှ အများစုက ၆၅ မိုင်အကွာ တွင် ရှိသော ဘဂ္ဂဒက်မြို့သို့ ဦးတည်နေကြသည်။
ISIS တပ်များသည် ရာမာဒီမြို့ကို သိမ်းပိုက်ပြီးသည့် အချိန်မှ စ၍ အရှေ့ဘက်သို့ တဖြေးဖြေးချင်းတိုး၍ ရာမာဒီမြို့နှင့် ဖာလူဂျာမြို့ကြားရှိ ယူဖရေးတီးစ်မြစ်တလျှောက်တွင် ထိန်းချုပ်ထားနိုင်ရန် ကြိုးစားခဲ့သည်။ ရာမာဒီမြို့နှင့် ဖာလူဂျာမြို့ များကြားတွင် အစိုးရကထိန်းချုပ်ထားသော ခါလီဒီယာနှင့် ဟဘ်ဘာနီယာမြို့များ ရှိပြီး ဟဘ်ဘာနီယာမြို့တွင် အီရပ်စစ်တပ်၏ အခြေခံစခန်းတခု ရှိသည်။
ရာမာဒီမြို့ကျဆုံးခဲ့ပြီးနောက် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက အီရတ်တပ်ဖွဲ့များသည် တိုက်ခိုက်လို စိတ်မရှိကြဟု ဝေဖန်ပြောဆိုခဲ့သည်။ အမေရိကန် အနေဖြင့် ISIS ကိုတိုက်ခိုက်ရာတွင် လေ့ကျင့်ရေး၊ လက်နက်ခဲယမ်း နှင့် လေကြောင်း အထောက်အကူများ ပေးနိုင်သောလည်း အီရတ်တပ်ဖွဲ့များက သူတို့တိုင်းပြည်အတွက် တိုက်ခိုက်လိုစိတ် ရှိကြောင်း ပြသရန်လိုအပ်လိမ့်မည်ဟု အက်ရှ်ကာတာက ဆိုသည်။
အီရတ်ဝန်ကြီးချုပ်က အက်ရှ်ကာတာ၏ မှတ်ချက်ကို “သတင်းမှား”ဖြစ်ပြီး အီရတ်တပ်များ ရာမာဒီကို “ရက်ပိုင်းအတွင်း ပြန်သိမ်းမယ်”ဟု ပြောဆိုနေသည်။ အီရန်အပါအဝင် ဝေဖန်သူများကလည်း အမေရိကန်သည် ISIS အား တကယ်မတိုက်ချင်ဟု စွပ်စွဲလိုက်ပြီး အိုဘားမား၏ ပေါ်လစီ အလုပ်မဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
ISIS တပ်များမှာမူ အီရတ်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ အတွင်းမှ နယ်မြေများကို တိုးချဲ့သိမ်းပိုက်မှုများပြုလုပ်နေပြီး အောင်မြင်မှုများလည်း ရရှိနေသည်။
လွန်ခဲ့သော ၄ နှစ်မှ စတင်၍ ဆီးရီးယားတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ISIS က တိုင်းပြည်တဝက် ခန့် (ပြည်နယ် ၁၄ ခုတွင် ၁၀ခု) ကို ထိန်းချုပ်နိုင်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ အမြောက်အများထွက်သည့် နယ်မြေများ ပါဝင်သည်ဟု လေ့လာသူများက ခန့်မှန်းခဲ့သည်။
ယခုအခါတွင် ISIS အဖွဲက သက်တန်းနှစ်ပေါင်း ၂၀၀၀ ကျော်သည့် အဘိုးမဖြတ်နိုင်သော ရှေးဟောင်း အမွေအနှစ်များ ရှိနေသည့် ပါမိုင်းရာ (Palmyra) မြို့ကိုလည်း အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သည့် အပတ်အတွင်းတွင် ပါမိုင်းရာမြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ ၁၁၀၀၀ ခန့် ထွက်ပြေးခဲ့ကြသည် ဟု ကုလသမဂ္ဂအဖွဲ့ကဆိုသည်။
ပါမိုင်းရာကို သိမ်းပိုက်ပြီးသည့် အချိန်မှစ၍ ISIS အဖွဲ့က လူပေါင်း ၄၀၀ ခန့် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။ အများစုမှာ အမျိုးသမီးများ ကလေးငယ်များဖြစ်ပြီး လမ်းများပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်ဟု မျက်မြင် သက်သေများက ပြောကြသည်။
အစိုးရနှင့် အဆက်အသွယ်ရှိသူများ သို့မဟုတ် ၎င်းတို့၏ အမိန့်ကို မနာခံသူများဆိုသည့် အကြောင်းပြချက်ဖြင့် သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆီးရီးယား အစိုးရသတင်းဌာနတခုက ဆိုသည်။ ၎င်းတို့ထဲမှ အများအပြားမှာ အစိုးရဝန်ထမ်းများ ဖြစ်ကြပြီး ပါမိုင်းရာဆေးရုံမှ သူနာပြုအကြီးအကဲနှင့် သူ၏ မိသားစုများလည်း အပါအဝင်ဖြစ်သည်ဟု သိရသည်။
မြို့ကို သိမ်းပိုက်သည့် အချိန်ကလည်း ဆီးရီးယား အစိုးရတပ်ဖွဲ့ဝင် ၃၀၀ နီးပါးကို ၎င်းတို့က သတ်ဖြတ်ခဲ့သေးသည်။ ဆီးရီး ယားတပ်ဖွဲ့များကို ပါမိုင်းရာမြို့အနီးတွင် ချထားပြီး ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆီးရီးယား တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။
ပါမိုင်းရာမြို့သည် ဆီးရီးယားမြို့တော် ဒမတ်စကက်မြို့တော်၏ အရှေ့မြောက်ဘက် မိုင်၁၅၀ ခန့်အကွာတွင်ရှိပြီး UNESCO အဖွဲ့ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ဒေသတခုအဖြစ် သတ်မှတ်ထားခြင်းခံရသည့် နေရာဖြစ်သည်။ ဂရိ၊ ရောမနှင့် ပါရှား အငွေ့ အသက်များရော နှောနေသည့် အနုပညာနှင့် ဗိသုကာလက်ရာများ ရှိနေသည့်အတွက် ယဉ်ကျေးမှုအမြောက်အများ၏ ဆုံချက်အဖြစ်ရှိနေ သောနေရာဖြစ်သည်ဟု ကုလသမဂ္ဂ ကဆိုသည်။
ယခုအပတ်အတွင်း ပါမိုင်းရာ ကျဆုံးခြင်းကြောင့် ကမ္ဘာတလွှားတွင်ပြစ်တင်ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ရသည်။ ပါမိုင်းရာ ဖျက်ဆီးခံရလျှင် ဆီးရီးယားနိုင်ငံအတွက်သာ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခု မဟုတ်ဘဲ တကမ္ဘာလုံးအတွက် ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုကြသည်။
ကုလသမဂ္ဂနှင့် ဆီးရီးယားတာဝန်ရှိသူများကလည်း ISIS အဖွဲ့က ရှေးဟောင်း အမွေအနှစ်များကို ဖျက်ဆီးပစ်မည်ကို စိုး ရိမ်ကြောင်း ပြောကြားခဲ့ကြသည်။ ISIS အဖွဲ့သည် ရှေးဟောင်းမြို့တော် နင်းမ်ရု (Nimrud) နှင့် အီရတ်နိုင်ငံ မူဆိုး (Mosul) ပြတိုက်မှ ရုပ်ထုများကို ဖျက်ဆီးခဲ့ကြပြီးဖြစ်သည်။
ISIS သည် ဖျက်ဆီးတတ်သော ကြောက်မက်ဖယ်ရာကောင်းသော သမိုင်းကြောင်းရှိသည့် အဖွဲ့ဖြစ်သည်။ ဆီးရီးယား ရှေးဟောင်းဌာန အကြီးအကဲကလည်း ISIS သည် တိုင်းပြည်မှ ရှေးဟောင်းအမွေ အမွအနှစ်များအတွက် အကြီးဆုံး အန္တရယ်ဖြစ်သည်ဟု ဆိုသည်။
“ပုံမှန်အားဖြင့် ISIS က ပထမအဆင့်နေနဲ့ တိုက်ခိုက်သိမ်းပိုက်တယ်။ ဒုတိယ အဆင့်မှာ ဝါဒဖြန့်ချီရေးနဲ့ သဘောတရား ရေးရာ အကြောင်းပြချက်တွေပေးပြီး ရှေးဟောင်း အမွေအနှစ်တွေကို ဖျက်ဆီးတယ်။ ပြီးရင် တတိယ အဆင့်မှာတော့ မာ ဖီးယားတွေနဲ့ ပေါင်းပြီး ဒါတွေကိုရောင်းစားတယ်” ဟု သူက ပြောသည်။
ရာနှင့်ချီသော ရုပ်ထုများ အပါအဝင် ရှေးဟောင်း ပစ္စည်း အမြောက်အများကို လုံခြုံစိတ်ချရသည့် နေရာများသို့ ရွှေ့ပြောင်း ခဲ့ပြီး ဖြစ်သည်ဟု ဆီးရီးယား အစိုးရကဆိုသည်။ သို့သော်လည်း ဒေသတခုလုံးကို ရွှေ့ပြောင်းနေရာချထားဖို့က လုံး၀ မဖြစ် နိုင်ပါ။
“ကျနော်တို့က ဒါကို လူသားမျိုးနွယ်နဲ့ ကမ္ဘာတခုလုံးအတွက် ယဉ်ကျေးမှု စစ်ပွဲတခုလို့ ယူဆပါတယ်။ ပါမိုင်းရာဟာ ဆီးရီးယား ပြည်သူတွေရဲ့ စိတ်ထဲမှာသာမက နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ အလွန်ကြောက်ရွံ့နေမိပါတယ်” ဟု ဆီးရီးယား ရှေးဟောင်းဌာန အကြီးအကဲက ပြောသည်။
ISIS ပေါက်ဖွားရာ သမိုင်းအကျဉ်း ဧရာဝတီ ရက်စက်ကြမ်းတမ်းသော အယ်ကိုင်းဒါးအဖွဲ့မှ ပေါ်ပေါက်လာခဲ့သော ISIS အဖွဲ့သည် မထင်မရှားရှိနေခဲ့ရာမှ ပြီးခဲ့သည့် နှစ် များ အတွင်းတွင် အကြမ်းဖက်မှုကို အားပေးသူများအပေါ် လွှမ်းမိုးနိုင်သည့် အဖွဲ့အစည်း တခုဖြစ်လာသည်။ ယခုအခါတွင် ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေအမြောက်အများ သိမ်းယူနိုင်ခဲ့သည့် အတွက် အမေရိကန်၏ စစ်ရေးပစ်မှတ်တခု ဖြစ် လာသလို အနောက်တိုင်းသား အများအပြားကို သွေးအေးအေးဖြင့် သုတ်သင်ပြခဲ့သည့် အတွက် ကမ္ဘာ့သတင်း ခေါင်းစဉ် များကို လွှမ်းမိုးနိုင်ခဲ့သည်။ ISIS ၏နောက်ကြောင်းကို ကြည့်မည်ဆိုလျှင် ဆွန်နီ အကြမ်းဖက် အဖွဲ့အစည်းတခု ဖြစ်သည့် အယ်ကိုင်းဒါးအဖွဲ့၏ အီရတ် ဂိုဏ်းခွဲ (AQI) က စတင်သည်ဟု ဆိုနိုင်ပါသည်။ AQI ကို ဦးဆောင်သော အဘူ မူဆဘ် အယ်ဇာကာဝီသည် အီရတ်နိုင်ငံ ကို အမေရိကန်တပ်များဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သော ဗုံးခွဲမှုများ၊ ပြန်ပေးဆွဲမှုများ နှင့် ခေါင်း ဖြတ်သတ်မှုများ အတွက်တာဝန်ရှိသူ ဟုဆိုကြသည်။ ၂၀၀၆ ခုနှစ်တွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အယ်ဇာကာဝီ သေဆုံးသွားပြီးနောက်ပိုင်းတွင် ၎င်းတို့အဖွဲ့ကို အဘူ ဘာကာ အယ်ဘတ်ဒါဒီဟု သိကြသည့် အီရတ်လူမျိုး တိုက်ခိုက်ရေးသမားက ဆက်လက်ဦးဆောင်ခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အင်အားနည်းပါးလာသည့် AQI အဖွဲ့သည် ၎င်းတို့၏ အခွင့်အရေးများနှင့် သြဇာအာဏာကို ပြန်လည်ထူထောင်ရန် အတွက် ၂၀၁၁ ခုနှစ်ကထဲက ပဋိပက္ခများ ဖြစ်ပွားနေသည့် ဆီးရီးယား နိုင်ငံသို့ ရွှေ့ပြောင်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အယ်ဘတ်ဒါဒီက သူ့အဖွဲ့၏ သြဇာကို အီရတ်နိုင်ငံ အထိပြန်လည် ချဲ့ထွင်ခဲ့ပြီး အဖွဲ့ အမည်ကိုလည်း ISIS ဟု ပြောင်းလဲခဲ့သည်။ မူလက အယ်ကိုင်းဒါး၏ အဖွဲ့ခွဲတခု ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Long War Journal က ၎င်းတို့ရရှိခဲ့ သည့် စာတစောင်အရ အယ်ကိုင်းဒါး၏ ထိပ်ပိုင်းခေါင်းဆောင်များက အယ်ဘတ်ဒါဒီအပေါ် စိတ်ပျက်နေကြပြီး ISIS နှင့် အဆက်အသွယ်များ အားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်ဟု ရေးသားခဲ့သည်။ အယ်ဘတ်ဒါဒီက သူ့ကိုယ်သူ အစ္စလမ်မစ် နိုင်ငံတော် (IS) ၏ caliph အကြီးအကဲဟု ခေါ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်နှောင်းပိုင်း၌ ISIS ၏ တိုက်ခိုက်ရေးသမား ၃၀၀၀၀ အထိရှိနိုင်သည်ဟု အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ကခန့်မှန်းခဲ့သည်။ ကမ္ဘာ အနှံ့အပြားမှ လာရောက်ပူးပေါင်းကြသည့် တိုက်ခိုက်ရေးသမား အမြောက် အများ ရှိသည်ဟု သိရသည်။ အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေး စန်တာ၏ ညွှန်ကြားရေးမှူးက နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၂၀၀၀၀ ခန့်သည် နိုင်ငံပေါင်း ၉၀ မှ ဆီးရီးယားသို့ လာရောက်ပူးပေါင်းကြခြင်းဖြစ်ပြီး အခြား တိုက်ခိုက်ရေးသမား ၃၄၀၀ ခန့်မှာ အနောက်နိုင်ငံများမှ လာရောက်သူများ ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသား ၁၅၀ ခန့် ပါဝင်ကြောင်း ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ကွန်ဂရက်လွှတ်တော်သို့ ပြောကြားခဲ့သည်။ ISIS က ၎င်းတို့ ထိန်းချုပ်သည့် ဒေသများရှိ လူနည်းစုများကို ဦးတည်၍ နှိပ်စက်ညှဉ်းပမ်းမှုများပြုလုပ်ခဲ့သည်။ ကြမ်းတမ်း စွာ သတ်ဖြတ်ခြင်းများကြောင့် ခရစ်ယာန် ဘာသာဝင်များ၊ ယာဇီဒီမျိုးနွယ်များနှင့် အခြားလူနည်းစုများမှာ ရာစုနှစ်များစွာ နေထိုင်ခဲ့သောနေရာများမှ ထွက်ပြေးခဲ့ကြရသည်။ ISIS မှ ဖြန့်ဝေသည့် လက်ကမ်းစာစောင်တခုနှင့် အွန်လိုင်းပေါ်တွင် ဖြန့်ဝေသည့် ၎င်းတို့၏ ဥပဒေသများအရ မယုံကြည်သူ အမျိုးသမီးများကို ကျေးကျွန်များ အဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။ အလိုမတူဘဲ မတရားပြုကျင့်ရန်လည်း ဥပဒေများက ခွင့်ပြုထားသည်။ ကိုးကား။ ။ CNN, ABC |